Print this page

နော်ရင်မွှေး

Thursday, 16 January 2020 11:51 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ရင်ထဲတွင် စူးနစ်သွားသည်။ ဒေါက်တာဟန်ကြည်ကလည်း ပခုံးနှစ်ဖက်ကို ဆတ်ခနဲတွန့်ရင်းက...

““ခင်ဗျားကိုလည်းပေးမယ့်လူမရှိပါဘူး””

““ဘာ...ပြော...တယ်””

ရူပါဦးအသံက အနည်းငယ် ကျယ်လောင်သွားသည်။

ထိုစဉ် လွယ်အိတ်ကလေးလွယ်ပြီး အခန်းထဲပြေးဝင်လာသော ကလေးကြောင့် အခြေအနေသည် ပြောင်းလဲသွားတော့၏။

““မိုးရေ...မိုး””

““ဟယ်...ကလေးလာတယ်။ ကျောင်းလည်း မလွှတ်သေးဘဲနဲ့။

ကလေးကချွေးသံရွှဲရွှဲနဲ့ သူ့ခါးကိုဖက်လိုက်ရင်း-

““ကလေးတို့ စာမေးပွဲနီးပြီလေမိုးရဲ့၊ ခုံစီမယ်ဆိုလို့ လွှတ်လိုက်တာ””

““ကလေးတစ်ယောက်တည်း လာတယ်””

““ကလေးသူငယ်ချင်းနဲ့ အတူတူ ဆိုက်ကားစီးလာတာ။ သူကဒီဆေးရုံနားမှာပဲနေတာ””

““နေပူလိုက်တာကလေးရယ်၊ ချွေးတွေရွှဲလို့””

ခါးမှ  လက်ကိုင်ပ၀ါလေးကိုဖြုတ်ပြီး ကလေးမျက်နှာလေးကို တယုတယ သုတ်ပေးလိုက်သည်။ အားလုံးက သားအမိနှစ်ယောက်အပေါ် အာရုံစိုက်သွားကြ၏။

““အစ်မသမီးက အစ်မမျက်လုံးနဲ့ တစ်ပုံစံတည်း””

““ဟုတ်တယ်၊ နှာတံတို့၊  ပါးစပ်တို့က သူ့အဖေနဲ့ တူတယ်လေ။ ဟင်း...ဟင်း””

တမင်သက်သက် မိမိတွင် ကာမပိုင်ရှိခဲ့ကြောင်းကို မလုံမလဲနှင့် ထပ်ထပ်ပြောနေမိသည်။ အကျဉ်းအကျပ်ကြားထဲတွင် ရောက်လာသော ကလေးကို အလိုလို ကျေးဇူးတင်မိသည်။

““ကလေး ဆာလာသလား၊ မိုး မုန့်လိုက်ကျွေးမယ်နော်”” ကမန်ကတန်း ပိုက်ဆံအိတ်ကိုဆွဲပြီး-

““မေထရွန် ကျွန်မသွားလိုက်ဦးမယ်နော်””

ဘယ်သူမျှ မကြည့်ဘဲ ကမန်းကတန်း ထွက်လာသော်လည်း-

““ဟာဗျာ...ကျွန်တော်ပါ လိုက်စားမှာပေါ့။ ဧည့်သည်ကို ဒီအတိုင်းထားခဲ့ရသလား။ ဘယ်ရမှာလဲ””

ပြောပြောဆိုဆိုနှင့် မိမိနောက်သို့ လိုက်လာသော ဒေါက်တာဟန်ကြည်ကြောင့် ရင်ထဲမှာ တင်းကျပ်သွားသည်။

““သြော်...ဒေါက်တာရယ်””

အားနာသောစိတ်နှင့် မပြောသာဘဲ ကလေးကို လှမ်းကြည့်လိုက်သည်။ ကလေးက မိမိအား နားမလည်သလို မော်၍ကြည့်နေသည်။

““ကလေး...ဒီဦးဦးဒေါက်တာကလေ အသစ်ရောက်လာတာ။ ကလေးမမြင်ဖူးဘူး မဟုတ်လား””

““ဟင့်အင်း...””

““ကလေးက ကျွန်မ ဂျူတီကျတိုင်း လိုက်အိပ်နေတာ ဆေးရုံက  ဆရာဝန်တွေ အားလုံးနဲ့ခင်တယ်။

နောက်ပိုင်းမှာ ကျွန်မလည်း ဒေသန္တရကို ရောက်သွားတော့ ဒေါက်တာတို့ လာတာနဲ့ နည်းနည်း အဆက်ပြတ်သွားတယ်။ နောက်ဆို ကျွန်မ ဂျူတီကျရင် ကလေးလည်း လိုက်လာပြီး ဆေးရုံမှာပဲ စာကျက်၊ ဆေးရုံမှာ အိပ်ပေါ့။ မတတ်နိုင်ဘူးလေ ဒေါက်တာရယ်။ ကျွန်မတို့မှာ ဒီသားအမိ နှစ်ယောက်တည်းရှိတာ””

““အစ်မရယ် မိန်းမသားတစ်ဦးတည်း မသင့်ပါဘူးဗျာ””

““မသင့်ပေမယ့် ကျွန်မဘ၀မှာ နေတတ်ပါတယ်။ ဒီသမီးကလွဲလို့ ကျွန်မဘယ်သူ့ကိုမှ မတွယ်တာချင်တော့ဘူး””

မသိမသာ ဦးတည်၍ လာသောမြားဦးကို ရှောင်ရှားရသည်မှာ လွန်စွာမောပန်းဖွယ်ရာ ကောင်းလှသည်။

မိမိဘ၀တစ်သက်တာတွင် ဤကဲ့သို့ မုဆိုးမဘ၀နှင့် အဆန်ခရီးကိုပဲ လှော်ခတ်နေရပေဦးမည်။ ပတ်ဝန်းကျင်၏ ရိုက်ပုတ်မှုမုန်တိုင်းကို ကြံ့ကြံ့ခံနေရပေဦးမည်။

““မုဆိုးမတစ်ခုလပ်ဆို လူတွေက ဘာလို့များ အလိုလို အထင်သေးကြပါလိမ့်နော်””

ထိုနေ့အဖို့တော့ ဒေါက်တာဟန်ကြည်သည် မိမိတို့ သားအမိနှစ်ယောက်နှင့် ရွှေဆံတော် ဘုရားဝင်းနားရှိ ဒေါ်ပိုမုန့်ဟင်းခါးဆိုင်အထိ စက်ဘီးနှင့် သွားကြပြီး မုန့်စားကြသည်။ ဒေါက်တာဟန်ကြည်က သူကျွေးမည်ဆို၍ ပိုက်ဆံ အတင်းထုတ်ရန် ကြံစည်သော်လည်း မိမိက ပါးနပ်စွာ အလျင်ပေးထားလိုက်သည်။

ကလေးက ဒေါ်ပိုမုန့်ဟင်းခါးကို အသုပ်နှင့်နှစ်ပွဲ စားသည်။ ဒေါက်တာဟန်ကြည်ကလည်း နှစ်ပွဲစားသည်။

““ကောင်းလိုက်တာဗျာ၊ ကျွန်တော် တစ်ခါမှ မစားဖူးဘူး””

““ကျွန်မတို့တစ်တွေက ဒီမုန့်ဟင်းခါးကို အသည်းပဲ။ ဟိုဘက်က ဗိုလ်မှူးဖိုးကွန်းလမ်းမှာ ဆိုင်ခွဲတစ်ခု ရှိသေးတယ်လေ””     

မုန့်ဖတ်ကို  ပေါက်ပေါက်မှုန့်၊ ဆီချက်၊ ဟင်းရည် နည်းနည်းနှင့်   ချဉ်ငန်စပ်ကို လိုသလို သုပ်ပေးပြီး ပဲတောင့်ရှည်ပါ ထည့်သုပ်ထားသည်။ ပြီးတော့ဟင်းရည်ကျဲ ပူပူလေးကို  မှုတ်သောက်ရသည့် အရသာကို လွန်စွာနှစ်သက်ကြ၏။

ဆေးရုံဆီသို့ ဒေါက်တာနှင့်အတူတူ တွဲမ၀င်ချင်သောကြောင့် ဒေါက်တာဟန်ကြည်အား လှည့်ပတ်ထွက်ရန် ကြံစည်လိုက်သည်။

““ဒေါက်တာ ကျွန်မတို့ သားအမိနှစ်ယောက် ဒီနားက အသိအိမ်ကို ၀င်လိုက်ဦးမယ်၊ ဒေါက်တာသွားနှင့်ပါ””

““ဟာဗျာ...ပျင်းစရာကြီး ကျွန်တော်လည်း လိုက်မှာပေါ့။ နော်...သမီး၊ ဦးဦးလည်း လိုက်မှာပေါ့””

အမိုးနားတွယ်ကပ်နေမှန်း သိ၍ ကလေးက မျက်စောင်းထိုးလိုက်ရင်း-

““မလိုက်ပါနဲ့ ဦးဦးလိုက်တာ မကောင်းဘူး””

““ဟာ...ဘာလို့မကောင်းရမှာလဲ သမီးရဲ့””

““မိုးနဲ့ လွတ်လွတ်လပ်လပ် စကားပြောလို့ မရဘူးပေါ့””

  ဆက်လက်ဖော်ပြပါမည်

Read 31 times
Rate this item
(0 votes)
Last modified on Thursday, 16 January 2020 11:52
ကေတု

Latest from ကေတု