SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Friday, 17 January 2020 08:17 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

 ကလေးသည် ခါတိုင်း လူစိမ်းမရှိလျှင် မိမိအား တွတ်တီးတွတ်တာ ပြောတတ်သော်လည်း လူစိမ်းရှိလျှင် မိမိ၏ဆုံးမစကားကြောင့် ထူးခြားစွာ ငြိမ်သက်၍နေသည်။

““အခုလည်း ပြောလို့ရပါတယ်။ ဦးဦးက မပိတ်ပင်ပါဘူး။ ကလေးစကားပြောတာကို ဦးဦးက ကြားချင်လို့ပါ””

““ဟင့်အင်း...မိုးကမှာထားတယ်။ သူစိမ်းတွေရှိရင် စကားမများရဘူးတဲ့၊ နော်...မိုး””

ခေါင်းညိတ်ရင်းက ရယ်သွမ်းမိသည်။ နောက်ဆုံးတော့ မိမိလည်း ဘယ်မျှမသွားဖြစ်တော့ပေ။ တွယ်ကပ်လာသော ဒေါက်တာဟန်ကြည်ကြောင့် ဆေးရုံသို့သာ အမြန်ပြန်သွားရ၏။ ဒေါက်တာဟန်ကြည်နှင့် လမ်းခွဲသောအခါ ကလေးက တီးတိုးမှတ်ချက်ချလိုက်သည်။

““အဲဒီလူကြီးက ဘယ်လိုလူကြီးလဲ မသိဘူးနော် မိုး။ မိုးကိုအတင်း လိုက်ကပ်နေတာပဲ။ နောက်တစ်ခါသူနဲ့ မခေါ်နဲ့နော်မိုး””

လူကြီးသဖွယ် ပူတတ်သော ကလေးကြောင့် ကြည်နူးစွာ ရယ်မောမိသည်။ နောက်ပိုင်းတွင် ကလေးသည် ဒေါက်တာဟန်ကြည်နှင့်ပတ်သက်၍   မကြာခဏ သ၀န်တိုတတ်လာသည်။  ကလေးအဖို့  သူ့ထက်သူများကို   ပိုတွယ်သွားမည် စိုးသောကြောင့် ၀န်တိုစိတ်ကလေးက အမြဲရှိနေ၏။

ထို့ကြောင့် ဒေါက်တာဟန်ကြည် အိမ်လာလည်၍ စကားပြောလျှင် ကလေးက နှုတ်ခမ်းစူကာ ရှောင်နေတတ်သည်။ ပြန်သွားလျှင်လည်း စကားမပြောဘဲ စိတ်ကောက် ဆန္ဒပြနေတတ်လေ၏။

ဒေါက်တာဟန်ကြည်ကို ဘယ်မျှအထိ ရှောင်ရှားနေသည်ကို သမီးသိစေချင်သည်။ တစ်ခါတစ်ရံ အားမနာတမ်း ပြောချသော်လည်း ဒေါက်တာဟန်ကြည်က အပြုံးမပျက်ပေ။ ဆေးရုံမှအားလုံးက သိလာကြသဖြင့် အတင်းစကား ဆိုကြသည်။ သို့သော် ဒေါက်တာဟန်ကြည်အား အပြစ်တင်စကား ဆိုခြင်းထက် မိမိအပေါ် အပြစ်တင်ခြင်းက ပိုနေသည်။

““အရင် ဒီဒေါက်တာက မိန်းကလေးဆိုရင် စေ့စေ့တောင်ကြည့်တာ မဟုတ်ဘူး။ သူက တောထဲမှာ ဒေါက်တာနဲ့ နှစ်ယောက်တည်းနေခဲ့ပြီး ဘာတွေညုနေလဲမှ မသိတာ။ ပြန်လည်းလာရော တန်းတန်း စွဲနေတော့တာပဲ””

““ကလေးကို မုန့်ပေးကြိုက်တယ်ဆိုတာ ဒါမျိုးပေါ့။ သူက အိမ်ထောင်သည်ဆိုတော့ ဒါမျိုးအထာကျွမ်းပြီးသားပဲ””

ခွဲစိတ်ခန်း၌ လူလိုနေသောကြောင့် ဆရာဝန်ကြီးက မိမိအား လက်မလွှတ်ပေ။ ဆရာဝန်ကြီးသည် မိမိအား လွန်စွာသဘောကျသူပီပီ သူ့လုပ်ငန်းတွင် အမြဲပါဝင်စေသည်။ ရူပါဦးက ကျောင်းပြီးခါစဖြစ်သောကြောင့် အလုပ်ခွင် မကျွမ်းကျင်သည့်အပြင် ဒေါက်တာဟန်ကြည်လောက် မသွက်လက်သဖြင့် ခွဲစိတ်ခန်းသို့ ဒေါက်တာဟန်ကြည်ပါ ခေါ်ထားလိုက်သည်။ နောက်ပိုင်းတွင် ဆရာဝန်ကြီး၏ လက်ရုံးတစ်ဆူ ဖြစ်လာသောကြောင့်မိမိအဖို့ ရုန်း၍ မလွတ်သာတော့ပေ။

မိမိကိုနားလည်သူမှာ   မေထရွန်ဒေါ်ခင်ဝင်းနှင့် အေးအေးမြင့်သာရှိ၏။

““ကိုယ်မှန်ရင်ပြီးတာပဲပေါ့””

ဟူသော စကားနှင့်   ပတ်ဝန်းကျင်၏ ထိုးနှက်မှုကို ကြံ့ကြံ့ခံနေ၏။ ထိုအခါမျိုးတွင် ချစ်သော ဆရာအား တမ်းတမိသည်။

ရင်မွှေးဘ၀က သူများ မေးငေါ့ခံဖို့အတွက် မွေးဖွားလာသလားပဲ ဆရာရယ်။

သားအမိ နှစ်ယောက်စလုံးက ဒေါက်တာဟန်ကြည်အား အမျိုးမျိုး တိုက်ခိုက်ကြသည်ကို ဒေါက်တာဟန်ကြည်က ရအောင်တွန်းထိုး၍ ၀င်လာလေ၏။

ကလေးကဒေါက်တာဟန်ကြည် လာသည်ကိုမြင်မိလျှင် မိမိအား အတင်းပုန်းခိုင်းပြီး သူကချည်း ဧည့်ခံ၍မရှိဘူး ပြောလွှတ်သည်။ဒေါက်တာဟန်ကြည်က စောင့်နေမည်ဆိုလျှင် မစောင့်ပါနဲ့၊ မိုးကသိပ်ကြာမှာဟု ပြောပြီး အတင်းနှင်လွှတ်တတ်၏။

မလွှဲမရှောင်သာ၍ ဂျူတီကျသောအခါ ကလေးပါ လိုက်လာရပြီး ငြိမ်သက်စွာ စာကျက်နေသည်။ ကလေးသည် သိတတ်စအရွယ်ကစပြီး လူ့အရိပ်အကဲကို နားလည်တတ်လာ၏။ လူသားတိုင်း၏ အရိပ်အခြည်ကိုကြည့်ပြီးမှ စကားပြောတတ်၊ ဆက်ဆံတတ်သော ကလေးဖြစ်သည်။ နေရာဌာနကိုလည်း ကြည့်တတ်၏။ ယခုမူ ဒေါက်တာဟန်ကြည်ကို လမ်းပေါ်နှင့် အိမ်မှာတွေ့သောအခါတွင် ရန်လုပ်တတ်ပြီး ဆေးရုံတွင်တွေ့သောအခါတွင် ဘာသိဘာသာနှင့် မသိဟန်ဆောင်နေတတ်သည်။

သို့သော်  ဒေါက်တာဟန်ကြည်ကမူ   ကလေးအား စနောက်တတ်၏။         

ဆက်လက်ဖော်ပြပါမည်

Read 18 times
Rate this item
(0 votes)
Last modified on Friday, 17 January 2020 08:18

Latest from ကေတု