SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Sunday, 19 January 2020 13:28 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်
အပါးနှင့်အစ်မအတွက် မိမိဘာမျှ မလုပ်ပေးနိုင်မီ လောကကြီးမှ ဆောလျင်စွာ ထွက်ခွာသွားခဲ့ကြသည်မို့ တွေးမိလေတိုင်း  ၀မ်းနည်း၍   ယူကျုံးမရဖြစ်မိသည်။
အထူးသဖြင့် အစ်မတ၀ါးမအတွက် ဘာမျှအကူအညီ မပေးလိုက်ရဘဲ ကိုယ့်မျက်စိရှေ့၌ပင် ဝေဒနာခံစားနေရသည်ကို ယောင်ချာချာနှင့် ကြည့်နေခဲ့သည့် အဖြစ်မျိုးကို မလိုလားတော့ပေ။ ထို့ကြောင့် လူနာသက်သောင့်သက်သာဖြစ်စေရန် အထူးဂရုစိုက်ရသည်။
““ဟော...ခြင်ထောင်တောင် ထောင်ပြီးပြီလား။ အိပ်တော့မယ်ပေါ့။ ဆေးသောက်ပြီးမှ အိပ်နော်။
အို...မထနဲ့လေ။ ကျွန်မ ရေယူပေးမယ်။ သိပ်အိပ်ချင်နေရင် နေနေ””
ကိုယ်တိုင်ရေငှဲ့ပေးပြီး ခြင်ထောင်ထဲသို့  ဆေးနှင့်ရေကို လှမ်းပေးလိုက်သည်။
““ကျေးဇူးပဲ ဆရာမ””
လူနာများကို ဆေးပေးပြီးသည်နှင့် အပြန်တွင် ခြင်ထောင်များကို ၀ိုင်းထောင်ပေးသည်။ အိပ်ရာကို ၀ိုင်း၍ ခါပေးသည်။
သို့သော် လုပ်ဖော်ကိုင်ဖက်များကိုမူ ရှောင်ရှား၍မရ။ အမြဲတမ်း လူနာနားမှာချည်းနေ၍ မဖြစ်ပေ။
ဆရာများအခန်း ဆေးထားသည့်အခန်းထဲသို့ဝင်ပြီး လုပ်စရာရှိသည်ကို လုပ်ရသည်။ ဘာမျှလုပ်စရာမလိုလျှင်ကလေးနှင့်အတူ  ဂဏန်းတွက်ပေး၊  ကလေးစာဖတ်ရ လွယ်ကူအောင် မှတ်စုကလေးများ ထုတ်ပေး၏။
ကလေးသည် မိမိ၏ဆုံးမ သွန်သင်မှုကြောင့် စာကိုအထူးကြိုးစားသည်။ ဆေးရုံကို လိုက်လာ၍ ဒေါက်တာရူပါဦးတို့လို ငယ်ငယ်လှလှ ဆရာဝန်မလေးများကို အားကျသည့်စိတ်များ ၀င်နေတတ်၏။ မိမိကလည်းကလေးအားကျစေရန် သူတို့တော်ကြောင်းကို အမြဲချီးကျူးပေးသည်။
““ရင်မွှေးသမီးက ရင်မွှေးလိုပဲ စကားသိပ်တတ်တာပဲ။ဒေါက်တာဟန်ကြည်ကို ချဲတတ်တယ်””
““ဟင်း...ဘယ်လိုချဲတာလဲ””
““ဒေါက်တာဟန်ကြည်က ကလေးကို ဖထီးလိုချင်သလားလို့ မေးတော့။ ကလေးက ရှိပြီးသားပဲ။ မလိုချင်ပါဘူးလို့ပြန်ပြောတယ်။ ဒီတော့ ဒေါက်တာအံ့သြသွားပြီး သေသွားတဲ့ ဖထီးကို ပြောတာမဟုတ်ဘူး။ အသက်ရှင်လျက် ဖထီးကိုပြောတာတဲ့။ ဒီတော့ ကလေးက ဘာပြန်ပြောသလဲသိလား””
““ဟင့်...အင်း””
““အမိုးက ဖထီးပဲ၊ အမိုးကပြောတယ်။ အမိုးလည်းသူ၊ ဖထီးလည်းသူပဲပေါ့လို့ ဆောင့်အောင့်ပြီး ပြောနေတာလေ။ ဒေါက်တာဟန်ကြည်က သိပ်သဘောကျနေတာ””
ရင်ထဲမှာ နင့်သွားသည်။ ကလေးရင်တွင်းမှ ခံစားချက်ကို ရယ်စရာလုပ်၍ ပြောနေကြ၏။ ကလေးဘ၀တွင် မိမိသာ အားကိုးရာဖြစ်သည်။ ကလေးဦးနှောက်ထဲတွင် ဖခင်ဟူသော စကားတို့မ၀င်စေချင်။ သူ့အဖေနှင့်ပတ်သက်၍ လုံးဝမေ့ပျောက် ထားစေချင်သည်။
မိမိသည် ကလေးအား သူ့အဖေနှင့်ပတ်သက်၍ တစ်ခါမျှ စကားစပ်ပြီး မပြောမိအောင် သတိထားရသည်။ ကလေးဦးနှောက်ထဲတွင်  အဖေသေပြီဟူသော   အသိကို ရိုက်သွင်းထားသည်။ သို့သော် ကလေးအသက် လေးနှစ်ကျော်ကျော် ငါးနှစ်ခန့်က သိခဲ့သော အသိလေးက တစ်ခါတစ်ရံ ဦးနှောက်ထဲသို့   ၀င်လာတတ်သည်။
ယင်းအသိကို ဇွတ်ဖျောက်ခိုင်းထားသည်။ ကလေးသည် သူ့ဖခင်နှင့်ပတ်သက်၍ ဘာမျှမမှတ်မိတော့ပေ။
““ဟင်...””
ရင်ထဲတွင် ပူခနဲဖြစ်သွား၏။ စားပွဲပေါ်တွင် ကလေး၏ တွက်လက်စ ဂဏန်းစာအုပ်ကိုသာ တွေ့ရသည်။
ကလေးစာကြည့်စေရန် စမ်းသပ်ခန်းထဲတွင် ထားခဲ့ခြင်းဖြစ်သည်။
““ကလေး ကလေး ဘယ်သွားနေလဲ””
ဆရာမများအခန်းထဲကို လှမ်းကြည့်သည်။ ကလေးက မေထရွန်ဒေါ်ခင်ဝင်းနှင့် ဆရာမအေးအေးမြင့်က လွဲလို့  တခြားသူများနှင့် ရင်းရင်းနှီးနှီး မနေဖူးပေ။ သူတို့နှစ်ဦးမရှိလျှင် ဆရာမများ အခန်းထဲသို့ ရောက်ခဲ၏။
ယခု မေထရွန်ကလည်း ဂျူတီထွက်သွားလေပြီ။
အေးအေးမြင့်လည်းမရှိ။ ရေချိုးခန်းနှင့် အိမ်သာများဘက်သို့ လျှောက်ရှာကြည့်သည်။ မတွေ့ရသဖြင့် ရင်ထဲမှာပူသွား၏။ ကလေးသည် မိမိမသိဘဲ ဘယ်ကိုမျှ မသွားဖူးပေ။
““ကလေးကို တွေ့လား၊ ကလေး ဘယ်သွားသလဲ””
ဆရာမများအား   တစ်ယောက်ပြီး တစ်ယောက်မေးကြည့်သည်။ အားလုံးက ခေါင်းခါနေ၏။
  ဆက်လက်ဖော်ပြပါမည်
Read 29 times
Rate this item
(0 votes)
Last modified on Sunday, 19 January 2020 13:29

Latest from ကေတု