SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Monday, 20 January 2020 09:49 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

““စောစောက အဲဒီအခန်းထဲမှာ ဒေါက်တာဟန်ကြည်နဲ့ စကားပြောနေတာပဲ””

ဘာကြောင့်မှန်းမသိ။    ဒေါက်တာဟန်ကြည်နှင့် ရှိနေသည်ကိုသိရ၍ အနည်းငယ် စိတ်အေးသွားသည်။

ဒေါက်တာဟန်ကြည်သည် လူနာများနှင့် ပတ်သက်၍ စိတ်ရှည်ကြောင်း။

ကလေးများကို ချစ်ခင်တတ်ကြောင်း သိထားသဖြင့် အနည်းငယ် ရင်အေးမိသည်။ ကလေးသည် ဒေါက်တာဟန်ကြည်နှင့်  အဆင်ပြေသွားပြီး   တစ်နေရာရာမှာ စကားပြောနေသလား။ အပြင်ထွက်သွားလျှင်တော့ မိမိကိုမပြောဘဲ မသွားတတ်ပေ။

ဆေးရုံထဲ နေရာအနှံ့ရှာပြီး အပြင်ဘက်သို့ ထွက်လာသည်။ အပြင်ဘက်တွင် အမှောင်ထုက စိုးမိုးနေလေပြီ။

သစ်ပင်ကြီးများလည်း အိပ်ကုန်ကြ၏။ ငှက်ကလေးများသည် ဆိတ်ငြိမ်နေလေပြီ။

သို့သော် တောင်ငူဆေးရုံသည် ရန်ကုန်-မန္တလေး ကားလမ်းမပေါ်မှာရှိပြီး လမ်းဆုံလမ်းခွမှာ ရှိ၍ ကားဂိတ်၊  ဆိုက်ကားဂိတ်ရှိသည်။  လူအစည်ကားဆုံးပင် ဖြစ်သည်။

ဆေးရုံဘေးကားဂိတ်တွင် လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှိသည်။ ထိုဆိုင်တွင် ဒေါက်တာဟန်ကြည် ထိုင်နေကျမို့ လှမ်းကြည့်မိ၏။ လင်းထိန်နေသော မီးရောင်အောက်တွင်ကလေးနှင့် ဒေါက်တာဟန်ကြည်တို့နှစ်ဦး ရယ်မော၍ စကားပြောနေကြသည်။

ထိုစဉ် ဒေါက်တာဟန်ကြည်က ကလေးခေါင်းကို လက်ဖြင့်ပုတ်၍ ရယ်လိုက်သည်ကို  တွေ့ရသောအခါ ရင်ထဲတွင် ကျင်ခနဲဖြစ်သွား၏။ သူစိမ်းယောက်ျား တစ်ဦးက ခေါင်းကိုပုတ်၍ စကားပြောနေသည်ကို မိမိမလိုလား။

ဘာမျှမမြင်တော့ဘဲ ကားလမ်းကို အတင်းဖြတ်ကူးလိုက်၏။ ဆိုက်ကားတစ်စီးနှင့် ရင်ဆိုင် တိုးမိသည်။

ဆိုက်ကားဘီးကို ဘရိတ်ဆွဲလိုက်သံက ကျယ်လောင်စွာ ကြားလိုက်ရ၏။

““ဘယ်လိုလဲ ဆရာမရဲ့။ နည်းနည်းကြည့်ပါဦးလား””

““အို...ဆောရီး...ဆောရီး””

ကမန်းမတန်း တောင်းပန်ပြီး ဆိုင်တွင်းသို့ သုတ်သုတ်ကလေး ၀င်လိုက်သည်။

““ဟင် အမိုးလိုက်လာတယ်””

မိမိကိုမြင်သောအခါ    ကလေးမျက်နှာလေးမှာ ၀င်းလက်သွားသည်။ သို့သော်  မိမိမျက်နှာက တင်းမာနေသောကြောင့်  ကလေးမျက်နှာမှာ  ချက်ချင်းတည်သွား၏။

““လာလေ...အစ်မ၊   ဒီမှာ ကျွန်တော်နဲ့သမီးနဲ့ အဖွဲ့ကျနေတာ””

ဒေါက်တာဟန်ကြည်က ဘာမျှမဖြစ်သလို မိမိအမူအရာကို မသိဟန်ဆောင်ပြီး လှမ်းခေါ်လိုက်သည်။

““ဒေါက်တာ ကျေးဇူးပြုပြီး ကျွန်မရဲ့သမီးကို ကျွန်မမသိဘဲ ခေါ်မသွားပါနဲ့။ ကျွန်မမှာ ရှာလိုက်ရတာ နှံ့နေတာပဲ””

““ထိုင်ပါဦး အစ်မရယ်။ ကျွန်တော်တို့ စကားပြောရအောင် အေးအေးဆေးဆေးပေါ့””

““ကျွန်မ ဂျူတီဝင်နေတယ်ရှင့်””

ရင်ထဲမှာ ခံပြင်းသွားသည်။ မိမိလိုက်လာမည်ကို ကြိုသိနေသောကြောင့် ကလေးအား ဓားစာခံခေါ်သွားခြင်းဖြစ်သည်။ သို့ဖြစ်၍ သူမည်မျှပင် တားနေသော်လည်း ကလေးလက်ကို ဆွဲ၍ပြန်လာဖြစ်အောင် ပြန်လာခဲ့သည်။ ဒေါက်တာဟန်ကြည်အပေါ် အားနာမှုဟူသည်မှာ မထားသင့်တော့ပေ။

ကိုယ့်ကို မရမကပိုးတော့မည်ဟူ၍ ကြွေးကြော်ထားသူအပေါ် လိုက်လျောလျှင် မိမိဘက်က အမှားသာဖြစ်ပါသည်။

ကလေးလက်ကို ခပ်တင်းတင်း ဆွဲကိုင်ရင်း ဆေးရုံထဲသို့ ပြန်ဝင်လာခဲ့သည်။ ကလေးက သူ့အပြစ်နှင့်သူမို့ ငြိမ်နေ၏။

““ကလေး နောက်ကို အမိုးမသိဘဲ ဘယ်မှမသွားရဘူး။ အမိုးက ကလေးပျောက်လို့ ရှာလိုက်ရတာ နှံ့နေတာပဲ””

ကလေးက မိမိမျက်နှာထားကြောင့် ငိုမဲ့မဲ့ဖြစ်သွားသည်။   ထို့ကြောင့်   ပင့်သက်လေး ရှိုက်လိုက်ရင်းက မျက်နှာကို လျှော့လိုက်ရသည်။

““ကလေးကို အမိုးဆူနေတာ မဟုတ်ပါဘူး။ ဒေါက်တာဟန်ကြည်နဲ့ သွားတာကို အပြစ်ပြောတာ မဟုတ်ပါဘူး။ မိုးရဲ့လုပ်ဖော်ကိုင်ဖက်တွေပဲ။ မိုး ဘာစိတ်မချစရာရှိလဲ။ ဒါပေမဲ့   ကလေးက    မပြောမဆိုဘဲ လိုက်သွားတော့ မိုးရှာရတာ     ဘယ်လောက် ပင်ပန်းတယ် မှတ်သလဲ၊မိုးမသိဘဲ ဘာမှမလုပ်ဖို့ ပြောနေတာ။ သွားချင်ရင် မိုးကို လာပြောပြီးမှ သွားပါ။ မိုးထည့်မှာပေါ့””ကလေးပခုံးကိုဖက်၍ နှစ်သိမ့်လိုက်သည်။ ထိုအခါမှ ကလေးက မိမိခါးကိုဖက်ရင်း-

““မိုးကလည်း ကလေးကို အဲဒီလိုကြီး မကြည့်ပါနဲ့နော်။ မိုးစိတ်ဆိုးမှာကို ကလေးသိပ်ကြောက်တာပဲ””

ပင့်သက်လေးရှိုက်လိုက်မိသည်။ သြော်...ကလေး ဘ၀အတွက် မိမိတစ်ဦးတည်း အားကိုးရာမို့ မိမိမျက်နှာညှိုးလျှင် ကလေးစိတ်ထဲ ညှိုးသွားသည်ကို စိတ်မကောင်းဖြစ်မိ၏။

မိမိသည်လည်း ကလေးတစ်ဦးသာ တွယ်တာရာမို့ ကလေးမျက်နှာညှိုးလျှင် မနေတတ်။

ကလေးသည် မိမိ၏ ကြေးမုံမှန်ကလေးပင်ဖြစ်ပါသည်။

အခန်း ၎

““ဒေါက်တာ    ကျွန်မဘာသာပြန်ပါရစေ။   ဒီနေ့ သိပ်နောက်ကျနေလို့ ကလေး မျှော်နေတော့မယ်””

““မှောင်နေတယ် ဆရာမတို့လမ်းက လူပြတ်တယ်။ ကျွန်တော်လိုက်ခဲ့မယ်””

““ကျွန်မ သွားနေကျပါ””

““သွားနေကျမို့ စိုးရိမ်တာပေါ့ဗျ””

ဘာမျှထပ်မပြောတော့ဘဲ စက်ဘီးကိုသာ အားကုန်နင်းလာခဲ့သည်။ ကလေးတို့ စာမေးပွဲဖြေရခါနီး၍ ဆရာမများက အချိန်ပိုခေါ်သည်။ ညနေ ၅ နာရီတွင် ပြီးမည်ဟု မှာထားသဖြင့် ကလေးအားလာကြိုမည် စောင့်နေပါဟု ပြောထားသော်လည်း အရေးပေါ်လူနာကို ခွဲစိတ်နေရသောကြောင့် အတော်လေး နောက်ကျသွားခဲ့သည်။

၇ နာရီမှ ခွဲခန်းထဲမှ ထွက်ရသည်။ နွေဦးမို့ အမှောင်ထုမှာ နောက်ကျသော်လည်း အချိန်မှာ အတော်လေး လင့်နေသည်။           

ဆက်လက်ဖော်ပြပါမည်။

Read 21 times
Rate this item
(0 votes)
Last modified on Monday, 20 January 2020 09:51