SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Tuesday, 21 January 2020 10:08 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

““အိမ်မှာ ကလေးတစ်ယောက်တည်း ဆာနေမလားမသိဘူး””

ကလေးအတွက်သာ စိတ်စော၍စက်ဘီးကို အမြန်နင်းနေမိသည်။ ဒေါက်တာဟန်ကြည်က   မိမိနားမှလိုက်နင်းရင်းက-

““စိတ်မပူပါနဲ့အစ်မရယ်။ အစ်မ သမီးက သိတတ်နေပါပြီ””

ဘောလုံးကွင်းဘေးမှ လမ်းသည် လူရှင်းနေသည်။

ထောက်လှမ်းရေး စစ်တပ်ရှေ့မို့    ပို၍ရှင်းနေသည်။

ကလေးကိုအမှတ်(၅) ပကူးကျောင်းမှာထားသည်။ ကျောင်းနှင့် အိမ်ကနီးသဖြင့် ကလေးဘာသာပြန်ပြီး မနက်၌သာ ကလေးကိုပို့ပေးထား၏။ ကလေးသည် သူ့ဘာသာသူပြန်လာပြီး အိမ်သော့ဖွင့်ကာ လွယ်အိတ်လေးကို ဘေးချ၍ အိမ်ဝတွင် ငုတ်တုတ်ကလေးထိုင်ရင်း မိမိအားမျှော်နေတတ်သည်။ မိမိနောက်ကျလျှင် အားငယ်စွာ ငိုတတ်သည်။ ထို့ကြောင့် ဘယ်တော့မှ နောက်မကျဝံ့ဘဲ အမြဲအချိန်မှန်ပြန်ရသည်။ ယခုကလေးသည် အိမ်သို့ရောက်နေပြီး အိမ်ဝတွင် ထိုင်၍စောင့်နေတော့မည်။

““အစ်မရယ် အစ်မတို့သားအမိကို ကျွန်တော်ထာဝရ စောင့်ရှောက်ပါရစေလားဟင်””

ဆတ်ခနဲ တုန်လှုပ်သွားသည်။ ဤကဲ့သို့ တိုက်ရိုက် မပြောဖူးပေ။ သွယ်ဝိုက်၍ ပြောတတ်သည်။

““ကျွန်မကို ဘာလို့မျှော်လင့်နေတာလဲ ဒေါက်တာ။ ကျွန်မက ကလေးတစ်ယောက် အမေဆိုတာ ဒေါက်တာသိသားပဲ။ ကျွန်မတို့ သားအမိ နှစ်ယောက်အတွက် စောင့်ရှောက်စရာ မလိုပါဘူး။ ကလေးအတွက် ပထွေး မလိုပါဘူး””

““အစ်မ ကျွန်တော့်ကို မချစ်နိုင်ဘူးလား။ အစ်မ အားမကိုးချင်လည်းနေပါ။ ဒါပေမဲ့   ချစ်သူအနေနဲ့ စဉ်းစားရင်””

““ဒါက ပိုမဖြစ်နိုင်သေးတယ်။ ကျွန်မမှာ ချစ်တတ်တဲ့စိတ် လုံးဝမရှိဘူး ဒေါက်တာ။ ကျွန်မချစ်ဦးသူ နောက်ပါသွားပြီ။ အချစ်အတွက် အိမ်ထောင်ပြုချင်ရင် ကျွန်မ အချစ်ဦးကိုပဲ စဉ်းစားရမှာပေါ့။ အခု ကလေးအတွက် ကျွန်မကို သူစွန့်ခွာသွားတာ။ သူ့ကိုပဲ ကျွန်မစောင့်နေတယ်။ ဒါဆိုဒေါက်တာ နားလည်လောက်ပါပြီ””

ရင်ထဲမှ ပွင့်ထွက်သွားမိ၏။ ဇွတ်တရွတ်နိုင်သော သူ့ဇွဲကို ဤနည်းနှင့်ပဲ နှင်ထုတ်ရပေတော့မည်။

““သြော်...ကလေးရဲ့အဖေက   အစ်မချစ်ဦးသူ မဟုတ်ဘူးပေါ့နော်””

““ဒေါက်တာ့ကို ကျွန်မညာပြောတာ မဟုတ်ဘူး။ အချစ်ဆိုတာ ပူလောင်တယ်ဆိုတာ ကျွန်မခံစားတတ်ပါတယ်။ မျှော်လင့်ချက်နဲ့ မခံစားစေချင်ဘူး။ ဒေါက်တာ့ကို ချစ်သူအဖြစ်တော့ လုံးဝမဖြစ်နိုင်ပါဘူး။ မမျှော်လင့်ပါနဲ့ ဒေါက်တာ။ ကျွန်မထပ်ပြီး အိမ်ထောင်ပြုမယ် ဆိုရင်တောင် ကျွန်မချစ်ဦးသူက လွဲလို့ ဘယ်သူ့ကိုမှ ထပ်စဉ်းစားမှာ မဟုတ်ပါဘူး””

ဒေါက်တာဟန်ကြည်ထံမှ ပင့်သက်ပြင်းပြင်းချသံကို ကြားလိုက်ရသည်။ အနေတည်ပြီး အလုပ်အကိုင်တွင် စေ့စပ်သေချာသော ဆရာဝန်တစ်ဦးသည် အချစ်အတွက် ကလေးဆန်လွန်းလှသည်။

““ကျွန်တော်ကြိုးစားကြည့်ပါဦးမယ်   အစ်မရယ်။ မိတ်ဆွေလို ခင်နိုင်အောင်ပေါ့လေ””

““ကျေးဇူးတင်ပါတယ် ဒေါက်တာ””

စကားသာပြောနေရသည် စိတ်ထဲမှာတော့ ကလေးကိုသာ သတိရနေမိ၏။ စက်ဘီးကို အားကုန်နင်းလာသောကြောင့် နားထဲမှ လေသံတ၀ီးဝီးနှင့် ““အမိုး...အမိုး””ဟုခေါ်သံကို   ကြားနေရသလိုလို ထင်မိသည်။

ထို့ကြောင့် ကလေးအတွက် စိတ်ပူလာသည်။

အိမ်ဝင်းထဲအရောက်တွင်    တစ်အိမ်လုံးမီးများ မှောင်နေသောကြောင့် ရင်ထဲထိတ်သွားမိသည်။ အိမ်တံခါးမဖွင့်သေးပေ။

““ဟင်...ကလေးမရောက်သေးဘူး””

တုန်လှုပ်သွားမိသည်။ အိမ်ပေါ်မှ ကမန်းကတန်း ပြေးဆင်းလာပြီး ခြံဝမှာ ရပ်၍ကြည့်နေသော ဒေါက်တာဟန်ကြည်အား အားကိုးတကြီးနှင့် လှမ်းပြောလိုက်မိ၏။

““ဒေါက်တာ ကလေးမရောက်သေးဘူး။ ကျောင်းမှာထင်တယ်””

မိမိအသံများ တုန်ရီ၍ ငိုသံပါနေသည်။ ကလေးနှင့် ပတ်သက်၍ မိမိနှလုံးသား ပျော့ပျောင်းအားငယ်တတ်၏။    ဒူးများ တဆတ်ဆတ်တုန်လာကာ စက်ဘီးကို အားကုန်နင်းလာခဲ့၏။

““အစ်မရင်မွှေး အရှိန်နည်းနည်း လျှော့လိုက်ပါဦး။ ကျွန်တော်ရှာပေးပါ့မယ်””

ဒေါက်တာဟန်ကြည်စကားသည် နားထဲသို့ဝင်မလာပေ။ ရင်ထဲ၌ ကလေးပြန်မလာသေးဘူး ဟူသော အသိသာ စိုးမိုးနေလေပြီ။ ကလေးသည် မှောင်သည်အထိ ကျောင်းမှာမနေဖူးပေ။ မိမိမလာလျှင် သူ့ဘာသာသူ ပြန်လာတတ်သည်။ ယခုမှောင်နေပြီ။

ဆက်လက်ဖော်ပြပါမည်။

Read 18 times
Rate this item
(0 votes)
Last modified on Tuesday, 21 January 2020 10:09

Latest from ကေတု