SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Wednesday, 22 January 2020 10:05 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

““အမိုး””

ရုတ်တရက်ခေါ်သံကြောင့် စက်ဘီးဘရိတ် နှစ်ခုလုံးကို ဆွဲညှစ်လိုက်ရာ အရှိန်တန့်သွားပြီး စက်ဘီးတစ်ခုလုံး လမ်းဘေးသို့ စိုက်ကျသွား၏။ ၀ှန်းခနဲ လဲသံနှင့်အတူ ခေါင်းထဲမိုက်ခနဲ ဖြစ်သွား၏။

““အမိုး...အမိုး””

““ဖြစ်ရလေ အစ်မရယ်””

ကလေး၏ ရင်ငွေ့နွေးနွေးလေးကို ခိုမိသောအခါ ရင်ထဲနွေးသွား၏။ ငိုသံနှောခေါ်သံသည် မိမိ၏စိတ်ကို ကြည်လင်သွားစေသည်။

““ကလေး...ကလေး ဘာမှမဖြစ်ဘူးနော်””

““မဖြစ်ပါဘူး အမိုးရယ်။ မိုးကို ကလေးစောင့်နေတာ””

““ဟာ...ကလေးက ဘာမှမဖြစ်ဘူး။ အစ်မက ဖြစ်နေတာ။ အစ်မထလို့ရလား။ ထကြည့်ပါဦး””

ဒေါက်တာ ဟန်ကြည်က မိမိအား  ဆွဲထူလိုက်သည်။ ကလေးကလည်း တစ်ဖက်မှ ဆွဲထူပေးသည်။ တစ်ကိုယ်လုံး နာကျင်မှုကို ခံစားရ၏။ ခြေထောက်တစ်ဖက်မှာ မထောက်နိုင်အောင် နာကျင်သွားမိ၏။

““အား... နာလိုက်တာ””

““မိုး... သိပ်နာသလားဟင်””

ဒေါက်တာဟန်ကြည်ကိုတွဲပြီး လမ်းပေါ်တက်လာ၏။ ကလေးက လဲနေသော စက်ဘီးကို ပြေးထောင်လိုက်သည်။ လမ်းမီးရောင်ကို အားပြု၍ ဒေါက်တာဟန်ကြည်က မိမိဒဏ်ရာများကို စစ်ဆေးရင်း-

““နဖူးလည်း ပွန်းသွားတယ်။ လက်တံတောင်ဆစ်လည်း ကွဲသွားတယ်။ ခြေထောက်ကလည်း ထောက်မရဘူး။ ဒုက္ခပါပဲ အစ်မရယ်။ ကျွန်တော် သတိပေးနေသားပဲ။ ကလေးရေ ဆိုက်ကား တစ်စီးစီးကို စောင့်ကြည့်ပါစို့””

ဒေါက်တာဟန်ကြည်ကို ကြာရှည်စွာ မမှီလိုသောကြောင့်-

““ကျွန်မ ထိုင်နိုင်ပါပြီ ဒေါက်တာ””

““အစ်မ  ကောင်းကောင်းထိုင်လို့ရရင် ကျွန်တော့် စက်ဘီးနောက်က ထိုင်လိုက်လာလေ။  ကလေးက စက်ဘီးနင်းတတ်သလား။ ဟာ...အစ်မနဖူးက အတော်ကလေး ဒဏ်ရာရသွားပြီ ထင်တယ်””

သူက မိမိနဖူးမှဒဏ်ရာကို လက်ကိုင်ပ၀ါ အာငွေ့ပေးပြီး ကြပ်ထုပ်ထိုးပေးနေသည်။ သူ့လက်များက တဆတ်ဆတ်တုန်ရီပြီး အသက်ရှူသံက မောဟိုက်သံပါနေသည်။ သူသည် မိမိနှင့်နီးကပ်စွာ နေနေရသည့်အတွက် စိတ်လှုပ်ရှားနေဟန် တူသည်။

““မိုးရေ... ဆိုက်ကားရပြီ””

““အေး...အေး ဒီနားခေါ်လာခဲ့ သမီး””

သူက လှမ်းပြောရင်းက ဆိုက်ကားရောက်သောအခါ ဘာမပြော ညာမပြောနှင့် မိမိအား စွေ့ခနဲပွေ့ပြီး ဆိုက်ကားရှေ့ခုံပေါ်တင်လိုက်သည်။

““ကဲ...သမီး လိုက်သွား၊ ဦးဦး အခုလာခဲ့မယ်””

လမ်းတစ်ဝက်အရောက်တွင်   သူ့စက်ဘီးက မိမိတို့ဆိုက်ကားကို မီလာခဲ့၏။ သူက မိမိစက်ဘီးကို လက်တစ်ဖက်ဖြင့် ကိုင်ဆွဲလာပြီး သူ့ဘီးကို နင်းလာသည်။

အိမ်သို့ သူက အရင်ရောက်နှင့်နေ၏။ ဆိုက်ကားခကို သူ့ဘာသာသူ ပေးလိုက်သည်။ ကလေးက ပြောနေစရာပင် မလိုတော့ဘဲ မိမိဆွဲခြင်းကို ယူပြီး အိမ်သော့ကို ဖွင့်လိုက်၏။

““ကျွန်မဆင်းနိုင်ပါတယ် ဒေါက်တာ””

အားနာ၍သာ ပြောလိုက်ရသည်။ ခြေတစ်ဖက်က အထောက်ခက်နေသည်။  သို့သော်  ဒေါက်တာဟန်ကြည်သည် သူလုပ်ချင်ရာကို ဇွတ်လုပ်တတ်သူပီပီ မိမိအား တွဲထူမနေတော့ဘဲ ဆတ်ခနဲ ပွေ့ချီလိုက်သည်။

ရင်ထဲမှာ အေးခနဲဖြစ်သွား၏။ ပြီးတော့ အားနာသွားမိသည်။ မိမိဘယ်လိုမှ မချစ်နိုင်သောသူ၏ ရင်ခွင်ထဲသို့ ရောက်နေသောကြောင့် ကိုယ့်အဖြစ်ကို ရှက်မိ၏။

ကလေးက ဖျာတစ်ချပ်ကို ကမန်းကတန်း ခင်းလိုက်သည်။

““ဦးဦး ဒီမှာချ””

ကလေးနှင့် ဒေါက်တာဟန်ကြည်သည် မီးရောင်အောက်၌ မိမိဒဏ်ရာများကို ဆေးကြော၍ ဆေးထည့်ပေးသည်။  ခြေပွတ်တိုင် လည်သွားသောကြောင့် ဆွဲလှည့်ပေး၏။ ထို့နောက် ထမင်းကလွဲ၍ ဘာမျှမချက်ရသေးသောကြောင့် မြို့ကြီးထိပ်ရှိ ပန်းရိုးမဆိုင်မှ ခေါက်ဆွဲကြော် သွားဝယ်လာပြီး အိမ်မှာပဲ စားသောက်ကာ ကလေးနှင့်အတူတူ ၀ိုင်းကူလုပ်ပေးပြီး ပြန်သွား

လေ၏။

ဆရာဝန်တစ်ဦး အနေဖြင့် အိမ်သား တစ်ဦးကဲ့သို့ အောက်ခြေသိမ်း ၀ိုင်းလုပ်ပေးနေသည်ကို အားနာမိသည်။ သူသည် မိမိဘ၀ထဲသို့ ဇွတ်တိုးဝင်ရန် ကြိုးစားနေလေပြီ။ သို့သော် မိမိရင်ထဲသို့ ဆရာနှင့်ကလေးက လွဲ၍ ဘယ်သူ့ကိုမျှ အ၀င်မခံနိုင်ကြောင်း သူမသိလေရော့သလား။

ဒေါက်တာဟန်ကြည် ပြန်သွားသောအခါ ည ၉ နာရီ ထိုးနေလေပြီ၊ ကလေးက စာပင်မကျက်နိုင်ဘဲ မိမိအနီးတွင် ထိုင်၍ပြုစုပေးရင်းက

ဆက်လက်ဖော်ပြပါမည်။

Read 21 times
Rate this item
(0 votes)
Last modified on Wednesday, 22 January 2020 10:06