SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Thursday, 23 January 2020 10:42 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

““မိုးမလာလို့ ကလေး စိတ်ကောက်နေတာ။ မိုးမလာမချင်း မပြန်ဘူးဆိုပြီး စောင့်နေရာ။ မိုးအနားမှာ ဦးဦး ဒေါက်တာကိုတွေ့ရတော့  သိပ်ဝမ်းနည်းတာပဲ။ ဦးဦးနဲ့ မိုးလျှောက်လည်နေတာလို့ ထင်နေတာ။ အခုကလေးကြောင့် မိုးခုလိုဖြစ်ရတာ””

ကလေးက တတွတ်တွတ်နှင့် ပြောနေသည်။

ကလေးသည် ဒေါက်တာဟန်ကြည်နှင့် ပတ်သက်၍ သ၀န်တိုနေကြောင်း သတိထား လိုက်မိသည်။

““မိုးရယ်...နောက်ဆို ကလေးကို တစ်ယောက်တည်း မထားနဲ့နော်၊ ပြီးတော့ ဦးဦးကိုလည်း ကလေးထက် ပိုမချစ်ပါနဲ့နော်””

““သြော်...ဒီကလေးနှယ် ဘာဆိုင်လို့ချစ်မှာလဲ””

““သိဘူးလေ””

ကလေးကရယ်မောရင်း မိမိကိုဖက်တွယ်ထား၏။

ကလေးသိတတ်လာလေလေ မိမိအပေါ်တွင် အားကိုးပြီး တွယ်တာစိတ် ၀င်လာလေလေဖြစ်သည်။ ထိုအခါ မိမိအဖို့ ကလေးကို ငဲ့ကွက်ရတော့မည်။ တစ်လောကလုံးတွင် ကလေးတစ်ဦးကိုသာ ဂရုစိုက်ရတော့မည်။

မိမိဘ၀ တစ်လျှောက်လုံးတွင် ကလေး၏ စိုးမိုးမှုအောက်မှ ဘယ်လိုမျှ ရုန်းမထွက်နိုင်တော့ပေ။ ထို့ပြင် ဘယ်သူမျှလည်း တိုးဝင်၍မရတော့ပါ။

““အစ်မတို့သားအမိထဲကို ကျွန်တော်ဝင်မတိုးဝံ့တော့ပါဘူးဗျာ””

နောက်နေ့နံနက် ဒေါက်တာဟန်ကြည်ရောက်လာပြီး မိမိအား မဲ့ပြုံးလေးနှင့် စကားဆိုလာသည်။

““ဒါပေမဲ့  အစ်မရယ်။ ကျွန်တော့်ရဲ့ ပထမဦးဆုံး ချစ်သူဟာ အစ်မပါပဲ။ အစ်မကိုပေါင်းစပ်ဖို့ မစဉ်းစားပေမယ့် ကျွန်တော့်အချစ်ကိုတော့ ဘယ်တော့မှပြန်မရုပ်သိမ်းနိုင်ဘူး။ အချစ်ဆိုတာ အတူတကွ ပေါင်းသင်းနေနိုင်မှ မဟုတ်ပါဘူးဗျာ””

တအံ့တသြနှင့် သူ့ကိုငေးကြည့်နေမိသည်။ သူသည် ဆရာကဲ့သို့သော စကားမျိုးကို ပြောနေလေပြီ။ ဆရာကဲ့သို့ ရင့်ကျက်ခိုင်မာသော စိတ်ဓာတ်  သူ့ထံရှိနေလေပြီ။

““တစ်ခုတော့ရှိတယ်။ ကလေးက ခွင့်ပြုရင် အစ်မ ကျွန်တော့်ကို လက်ခံမလား””

ရုတ်တရက် တစ်ဖက်က တောင်းဆိုလာသည်ကို ဦးခေါင်း ခါယမ်းလိုက်ရုံကလွဲ၍  ဘာမျှမတတ်နိုင်တော့ပါ။

““ကျွန်မနှလုံးသားထဲမှာ လူတစ်ယောက် ရှိနေဆဲပါ ဒေါက်တာရယ်။ ဒီထက်ကျွန်မ ပိုမပြောတော့ဘူး””

ထိုအခါ  သူ့မျက်လုံးလေးအစုံမှာ မျှော်လင့်ချက် မှေးမှိန်သွား၍ မှိုင်းသွားသည်ကို သတိထားလိုက်မိသည်။

““ကျွန်တော်ယုံရမှာပေါ့ဗျာ။ ဒါပေမဲ့ အစ်မတစ်ခု နားလည်ဖို့က ကျွန်တော့်ကို တလွဲမထင်နဲ့နော်။ ကျွန်တော် အစ်မတို့ သားအမိကို ဆွေမျိုးအရင်းအချာလို စောင့်ရှောက်ပါ့မယ်။ ကျွန်တော့်ကို မောင်တစ်ယောက်လို သဘောထားပါ။ ဒီလိုစောင့်ရှောက်ရတာ အကျိုးမျှော်ကိုးလို့ မဟုတ်ပါဘူး။ ဒါကိုတော့ယုံပါ””

““ကျွန်မဒေါက်တာ့ကို အားကိုးပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်က ရှိသေးတယ်မဟုတ်လား။ ကျွန်မတို့ သားအမိဟာ ပတ်ဝန်းကျင် အပြောတော့မခံနိုင်ဘူး။ ကျွန်မအတွက်ထက် ကလေးအတွက်ကို ပိုငဲ့ရမှာပေါ့။ ပန်းဖူးဘ၀လေးနဲ့ နေလောင်သွားမှာ စိုးတယ် ဒေါက်တာရယ်””

ဒေါက်တာဟန်ကြည်နှင့် ပတ်သက်၍ မိမိရင်ထဲ ပေါ့ပါးကြည်လင် သွားခဲ့သည်။ အရွယ်ငယ်သော်လည်း နားလည်မှု ရှိသူပင်ဖြစ်၏။

တစ်ဇွတ်ထိုး လုပ်တတ်သောသူ ဖြစ်သောကြောင့် တစ်ခါတစ်ရံတွင် သူ့အားကြောက်ရွံ့မိသည်။ သို့သော် လူကြီးတစ်ဦးကဲ့သို့ နားလည်ခွင့်လွှတ်တတ်၏။

““ပတ်ဝန်းကျင်ဆိုတာက  အပေါ်ယံရှုပ်ထွေးပြီး အပေါ်ယံစကား ပြောနေကြတာပဲ။ ဒီလိုလူမျိုးတွေကို ကျွန်တော်တော့ အရေးလုပ်ပြီး ဂရုမစိုက်ဘူး။ ပတ်ဝန်းကျင် ပြောမှာကြောက်လို့ အစ်မကို ကျွန်တော်မခင်ရဘူးလား””

မည်သို့မျှပြန်မပြောနိုင်ဘဲ မဲ့ပြုံးပြုံးလိုက်မိသည်။

ဒေါက်တာဟန်ကြည်က နော်ရင်မွှေး၏ ခြေထောက်ကို ဆေးလူးပေးပြီး ပတ်တီးစည်းပေးသည်။ ဒဏ်ရာများကို ထပ်မံ၍ ဆေးထည့်ပေး၏။ သူ၏အပြုအမူများသည် အစ်ကိုကြီး တစ်ယောက်ကဲ့သို့ လေးစားဖွယ်ရာ ကောင်းလှသည်။

““ကျေးဇူးတင်ပါတယ် ဒေါက်တာရယ်။ ကျွန်မလေ အဲဒီလိုသန့်ရှင်းတဲ့ မေတ္တာမျိုး သိပ်လိုချင်တာပဲ။ မျှော်လင့်တာတော့ ကြာပါပြီ ဒေါက်တာ””

ကြည်နူးမှုနှင့်အတူ မျက်ရည်များ ရစ်ဝဲလာ၍နေသည်။  ဒေါက်တာဟန်ကြည်က ပြုံးလိုက်ရင်းမျက်ရည်များနှင့် ရွှန်းလက်နေသော နော်ရင်မွှေး မျက်လုံးကို ငေးကြည့်ပြီးမှ သက်ပြင်းလေး တိုးတိုးချရင်းက-

““အစ်မကို ကျွန်တော်နဂိုကတည်းက လေးစားပါတယ်။ ကြီးမားတဲ့ မိဘမေတ္တာများနဲ့ ပြည့်နှက်နေတဲ့ အစ်မက လောကကြီးမှာ တန်ဖိုးရှိတဲ့ မိခင်တစ်ယောက်ပါပဲ။ ပိုပြီးတန်ဖိုးရှိတာက အစ်မဟာ သမီးတစ်ယောက် အပေါ်မှာတင်မကဘူး ဒုက္ခရောက်နေတဲ့ လူသားတွေအပေါ်မှာပါ ပေးထားတဲ့ မေတ္တာအကြင်နာတွေပါပဲ””

 ဆက်လက်ဖော်ပြပါမည်။

Read 19 times
Rate this item
(0 votes)
Last modified on Thursday, 23 January 2020 10:43