SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Friday, 24 January 2020 10:07 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

““ကျွန်မလေ ကျွန်မရင်ထဲမှာ မေတ္တာတွေ အများကြီးရှိတယ်။ ကျွန်မကပေးရရင် ကျေနပ်ပါပြီ။ ဘယ်သူ့ဆီကမှလည်း တုံ့ပြန်မှုကို မျှော်လင့်မနေချင်ဘူး။ ကျွန်မမှာ တွယ်ငြိနေတဲ့ ကလေးသံယောဇဉ်နွယ်ကြောင့် ကျွန်မ ရည်ရွယ်ချက်တွေ၊    ကျွန်မပေးထားခဲ့တဲ့ ကတိတွေ အားလုံး တုပ်နှောင်ခဲ့ရတယ်။ ကျွန်မလေ ကျွန်မဒီကလေးအတွက်    စွန့်လွှတ်မှုတွေ အများကြီး ပြုလုပ်ခဲ့ရတယ်။

ကလေးအပေါ် မျှော်လင့်ချက်ကြီးတွေနဲ့ စွန့်လွှတ်ခဲ့ရတာပါ။ ကလေးကို ဆရာဝန် သိပ်ဖြစ်စေချင်တယ်လေ””

နော်ရင်မွှေး၏ မျက်လုံးလေးများသည်    ကြယ်ပွင့်ကလေးများကဲ့သို့      တဖျပ်ဖျပ် လင်းလက်လာ၏။

မျှော်လင့်မှု၊ ယုံကြည်မှုများက   မျက်နှာကိုလွှမ်းမိုးပြီး  ၀င်းပ၍လာလေသည်။

သို့သော် ရင်ထဲတွင်စူးနစ်နေသော ဆူးလေးတစ်ဆူးကို သတိရလာသည့်အခါ အသည်းဆတ်ဆတ်ခါ နာကျင်လာသည်။

ဘယ်တော့များမှ မေ့ပျောက်မှာလဲ ဆရာရယ်။

အခန်း(၅)

““လှေစီးရတာ ကြောက်စရာ ကောင်းလားဟင်မိုး””

ကလေးသည် စစ်တောင်းမြစ်ရေပြင်ကို ကြည့်၍ စိတ်လှုပ်ရှားသော အသံနှင့် မေးလိုက်သည်။

““မကောင်းပါဘူး။ သိပ်ပျော်ဖို့ ကောင်းတယ်လေ””

““မိုး စီးဖူးလား””

““စီးဖူးတာပေါ့ ကလေးရဲ့””

““ဘယ်မှာစီးဖူးတာလဲဟင်...””

““မိုးတို့ငယ်ငယ်က””

ကလေး၏ အမေးကို စိတ်ရှည်လက်ရှည် ဖြေရင်းက ရုတ်တရက် တုံ့ဆိုင်းသွားသည်။ တအိအိနှင့် လှုပ်ရှားနေသော ရေပြင်ကိုကြည့်ရင်း ရင်ထဲတွင် လှိုင်းဂယက် ကလေးများ ထသွား၏။ ဇာတိမြေ ငါးပတ်အိုင်ရွာလေးကို တမ်းတမိသည်။

““မိုး...ကလေးမေးနေတယ်လေ။ ဖြေပါဦး။ မိုးတို့ ငယ်ငယ်က ဒီလိုသွားဖူးလားလို့””

““သြော်...အင်း သွားဖူးတာပေါ့ကွယ်။ ခုတောင် ကလေးလည်း လှေစီးရတော့မှာပဲ။ ကလေးရေ ဟိုမှာ ကြည့်စမ်း၊ မိုးတို့စီးရမယ့် စက်လှေလေး ထင်တယ်။

ဟုတ်တယ်နော် ကလေး။ ဥက္ကာမောင်ထင်တယ်””

ကလေးစကားကို သိသိသာသာ လွှဲလိုက်ရင်းက အဝေးမှ လာနေသော စက်လှေကလေးကို ညွှန်ပြလိုက်သည်။ ဒေါက်တာဟန်ကြည်က နော်ရင်မွှေး၏ ဖုံးကွယ်မှုကို ရိပ်မိဟန်နှင့် ပြုံးလိုက်သည်။

““ဥက္ကာမောင် မဟုတ်ပါဘူးမိုးရဲ့။ လှဝင်းနိုင်ပါ။ ဥက္ကာမောင်က မလာသေးဘူး။ ပြောပါဦးမိုးရဲ့။ မိုးတို့ ငယ်ငယ်က လှေစီးတဲ့ အကြောင်းကိုလေ””

““မိုး မမှတ်မိတော့ဘူး ကလေးရယ်။ မိုးကတော့ အခု ကလေးနဲ့အတူတူ စက်လှေစီးရတော့မှာပဲ မှတ်မိတယ်။ ဒီလမ်းကို မိုးလည်း မရောက်ဖူးဘူး။ နည်းနည်းတော့ ကြာမယ်။  အခုမိုးတို့သွားမှာ   မြစ်ရဲ့အထက်ဘက်ကို ဆန်တက်ရမှာမို့ ကလေးပျင်းနေမှာပဲ””

““ဘာလို့ပျင်းရမှာလဲ။ မိုးပါတာပဲ။ အိမ်မှာ ကလေးတစ်ယောက်တည်း မထားခဲ့နဲ့ သိပ်ပျင်းတာပဲ။ ကလေး ကျောင်းပိတ်တုန်း မိုးသွားတိုင်း လိုက်မယ်နော်။ ကလေးကိုခေါ်နော် ဦးဦး...””

ကလေးက ဒေါက်တာဟန်ကြည်ထံ လှည့်၍ စစ်ကူတောင်းလိုက်သဖြင့် ဒေါက်တာဟန်ကြည်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

ကလေးသည် သူတစ်ယောက်တည်း နေခဲ့ရမည့် အရေးကို တွေးကြောက်နေဟန် တူသည်။

မိမိအတွက် အဆင်ပြေသည်မှာ ၀မ်းရောဂါကာကွယ်ဆေး ထိုးရန်အတွက် နယ်မြေအလိုက် ခွဲ၍လွှတ်ရာ ယခင်အဖွဲ့အတိုင်း နယ်မြေခွဲ၍ လွှတ်သဖြင့် ဒေါက်တာဟန်ကြည်၊ အေးအေးမြင့်နှင့် အတူတူ တာဝန်ကျပြန်သည်။

သို့သော်   အေးအေးမြင့်ကား   ခရီးထွက်ခါနီးမှ ကပ်၍ဖျားနေသဖြင့် နော်ရင်မွှေးနှင့် ဒေါက်တာဟန်ကြည် တို့နှစ်ဦးတည်း ထွက်လာရသည်။

ထိုအခါတွင်   ဒေါက်တာဟန်ကြည်က    အစစ နားလည်သူပီပီ တစ်ညအိပ်၊ နှစ်ညအိပ် ခရီးစဉ်များအတွက် ကလေးကိုပါ   လိုက်ပါခွင့်ပေးသည်။   ကလေးရော နော်ရင်မွှေးပါ အထူးပျော်ရွှင်နေ၏။

““ဦးဦးရေ တံတားကြီးက ဒီကနေကြည့်ရင် အကြီးကြီးပဲနော်။ ကလေးတို့ လျှောက်တဲ့အခါကျတော့ ကြီးမှန်း မသိသာဘူး””

ကလေးက တတွတ်တွတ်နှင့် စကားတွေ ဖောင်ဖွဲ့နေသည်။ ယခုနှစ်မှဖွင့်သော စစ်တောင်းမြစ်ကူး တံတားသစ်ကြီးကို ကြည့်၍ အထူးပျော်ရွှင်နေ၏။ တစ်ခါတစ်ရံ ညနေအလုပ်အားချိန်၌ ဒေါက်တာဟန်ကြည်နှင့် အတူ စက်ဘီးစီးထွက်ကြသောအခါ တံတားဘက်သို့ မကြာခဏ ရောက်လာတတ်သည်။ မီးများဖြင့် ထိန်နေသော တံတားသစ်ကြီးကို ကလေးသည် လွန်စွာသဘောကျ၏။ တံတားပေါ်မှနေ၍ ဆီးကြည့်ရင်း ခုန်ပေါက်ပျော်မြူးတတ်သည်။ ယခုလည်း မြစ်ဆိပ်မှနေ၍ တံတားကြီးကို လှမ်းကြည့်ရင်းက ပျော်နေပြန်သည်။

““ဟော...မိုးရေ၊ အခုမှ ဥက္ကာမောင်လာတာ။ ဟိုမှာလေ အမိုးစိမ်းစိမ်းလေးနဲ့ ဟုတ်တယ်နော် ဦးဦး””

““ဟုတ်တယ်နော် သဲဆူး။ အဲဒါပဲ””

““ဟင်...လူတွေက အပြည့်ပဲ။ ကလေးတို့ ဘယ်နား သွားထိုင်ရမှာလဲ။ ဦးဦးပြောတော့ ကလေးတို့ချည်းပဲ လှေတစ်စင်းတည်းဆို””

““ဟုတ်ပါတယ်သမီးရဲ့။ သူတို့က ရွာကပါလာတာလေ။ ရွာကလူတွေက မြို့ထဲမှာ ဈေးဝယ်ဖို့ လိုက်လာကြတာပါ””          

““ကလေး လူတွေဆင်းလာရင်တိုက်မိမယ်။ လမ်းမှာ ပိတ်မနေနဲ့””           

    ဆက်လက်ဖော်ပြပါမည်။

Read 19 times
Rate this item
(0 votes)
Last modified on Friday, 24 January 2020 11:20