SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Monday, 27 January 2020 10:32 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

မျက်ရည်များ ဝေ့၀ဲလာသည်။ ဒေါက်တာဟန်ကြည်က ခေါင်းကိုခါရမ်းရင်း-

““အစ်မမငိုနဲ့ဗျာ။ အစ်မဒီလောက် စိတ်ထိခိုက်မှန်း မသိလို့ မေးမိတာပါ။ ဒီအကြောင်းပြောလို့ အစ်မစိတ်ထိခိုက်ရရင် ကျွန်တော်မသိချင်တော့ပါဘူး။ မမေးတော့ပါဘူး။ အစ်မမငိုနဲ့””

ဒေါက်တာက စိတ်ထိခိုက်စွာ ပြောလိုက်သောအခါ မိမိက နာကြည်းစွာ ရယ်လိုက်မိသည်။   ထို့နောက် စစ်တောင်းမြစ်ရေကို လက်နှင့် လှမ်းခပ်ယူရင်းက-

““မငိုပါဘူး ဒေါက်တာရယ်။ ကျွန်မလေ နန္ဒမိတ်ရွာဘေးက စစ်တောင်းမြစ်ရေထဲမှာ ငိုခဲ့ပြီးပါပြီ။ ဒီမြစ်ရေထဲမှာ   လွန်ခဲ့တဲ့ ဆယ်နှစ်ကာလက ကျွန်မနဲ့ကျွန်မချစ်သူရဲ့ မျက်ရည်တွေ ရှိနေသေးလားလို့ မေးကြည့်ချင်ပါတယ်””

ဆရာ့အကြောင်းကို မစဉ်းစားချင်ပေ။ ဆရာသည် မိမိနှင့်ဝေးကွာမှုကို မျက်ရည်ဖြင့် တိုင်တည်နေပေလိမ့်မည်။ ဆရာသည် မိမိရှေ့တွင် မျက်ရည်မကျဘဲ အားမာန်အပြည့်နှင့် ရယ်မောပြသော်လည်း မိမိနောက်ကွယ်တွင် ရင်နာမှုကို မျက်ရည်ဖြင့် ဖြေလျှော့တတ်သည်။

ဆရာသည် မိမိအား နန္ဒမိတ်ရွာကပင် စောင့်မျှော်နေမည်လား မသိနိုင်။ သို့သော် ခဲအိုအစ်ကိုစိုးနောက်သို့ လိုက်လာသောအခါ ဆရာ့တွင် မျှော်လင့်ချက်မရှိတော့ကြောင်းကို ထုတ်ဖော်ပြောပြရင်း ဆရာငိုခဲ့၏။ မျက်ရည်မကျဘဲ တင်းခံနေသော်လည်း ဆရာ့ရင်ထဲမှ ရှိုက်သံကိုကြားနေရသည်။

““ဆရာရယ် နန္ဒမိတ်မှာပဲ ရှိသေးလား””

““မိုးရေ ကလေးဒီမှာ ခဏထိုင်နေဦးမယ်နော်””

““နေပူနေဦးမယ် ကလေးရယ်””

““ခဏလေးပါမိုးရဲ့၊ ထိုင်လို့ကောင်းလို့ပါ။ ဟိုး...ကမြက်ပင်ကြီးတွေ သိပ်လှတာပဲနော် မိုး””

““အဲဒါ ကျူပင်လို့ခေါ်တယ်””

ကမ်းစပ်တစ်လျှောက်တွင် လေယူရာ ယိမ်းနွဲ့နေသော  ကျူပင်များကို အမှတ်မထင် ငေးနေရင်းက ငါးပတ်အိုင်ရွာလေးမှ သက်ငယ်ပင်များကို သတိရမိသည်။ နွေရောက်လျှင် အပါးနှင့်အတူ ငါးပတ်အိုင်ရွာသို့ သွားပြီး   သက်ငယ်ရိတ်လေ့ရှိသည်။ ထို့နောက် နွားတင်းကုပ်နှင့်အိမ်မိုးရန်အတွက် အစ်မနှင့်အတူတူ သက်ငယ်ပျစ်ရပြန်သည်။ သို့သော် တစ်နေရာတည်းတွင် ကြာရှည်စွာ ထိုင်ရသည့်အလုပ်ကို ဘယ်တော့မှမလုပ်ချင်သူပီပီ သက်ငယ်ရိတ်ရာတွင် မညည်းညူသော်လည်း သက်ငယ်ပျစ်ရာတွင်တော့ ညည်းညူမိသည်။

အစ်မတစ်ယောက်တည်း မနိုင်သောအခါ အခြားလူများက ကူညီရသည်။ ထို့ကြောင့် အပါးက တစ်ခါတစ်ရံ ညည်းညူတတ်သည်။

““ရင်မွှေးရယ် နင်ဟာလေ ယောက်ျားလေးဖြစ်ဖို့ပဲ ကောင်းတယ်။  မိန်းကလေးဖြစ်ဖို့ မကောင်းဘူး။

နင်ဘာလို့များ မိန်းကလေးဖြစ်နေတာလဲဝေ့။ ဒါပေမဲ့ မိန်းကလေးက ယောက်ျားလေးလိုနေတာ ငါမကြိုက်ဘူးနော် မိန်းမ ပီပီသသနေစမ်း””

““အပါးကလည်း ယောက်ျားလေးလည်းလူ မိန်းကလေးလည်း လူပဲ။ လူလူချင်းပဲ သူတို့လုပ်နိုင်သလို ကိုယ်လည်း လုပ်နိုင်ရမှာပေါ့””

မိမိက ထိုသို့ပြောသောအခါ အစ်မက စကားပြောရိုင်းသည်ဆို၍ သတိပေး မျက်စောင်းထိုးလိုက်ပြီး နှုတ်ခမ်းလေးကို စူပွပွလုပ်၍ တိုးတိုးလေး ကြိမ်းမောင်းတတ်သည်။

ထိုအမူအရာလေးကို အလွန်နှစ်သက်လွန်း၍ အစ်မပါးပြင်မှ အကြောစိမ်းစိမ်းနှင့် ပါးချိုင့်ခွက်ခွက် ကလေးကို တအားနမ်းမိသည်။ အစ်မမျက်နှာ နီလာသည်အထိ ရှက်ပြီး မိမိအား ဆွဲလိမ်ခဲ့၏။

အစ်မ၏ဖြူသော အသားနှင့် ပါးချိုင့်လေးကြောင့် အစ်မသည် ရွာတွင် အလှဆုံးစာရင်း ၀င်နေသည်။

““အစ်မရယ် ကျွန်တော်က အစဖော်ပေးသလို ဖြစ်သွားတယ်နော်””အစ်မငိုင်နေတာ တွေ့ရတော့ ကျွန်တော်စိတ်မကောင်းလိုက်တာ””

ဒေါက်တာဟန်ကြည့်စကားကြောင့် မိမိအတွေးများ ပျောက်ကွယ်သွားပြီး ခြောက်ကပ်စွာ ရယ်မောမိ၏။

““မဟုတ်ပါဘူး   ဒေါက်တာရယ်။ ကျွန်မစိတ်တွေ အားတဲ့အခါတိုင်း သတိရနေတာပါ။ ကျွန်မဘယ်တော့မှ မမေ့တဲ့ အကြောင်းအရာတွေပါ ဒေါက်တာ””

““ကျွန်တော့်ကို ဒေါက်တာပဲ ခေါ်နေမှာလား””

ဆက်လက်ဖော်ပြပါမည်။

Read 25 times
Rate this item
(0 votes)
Last modified on Monday, 27 January 2020 10:33

Latest from ကေတု