SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Friday, 14 February 2020 11:44 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

““ဆရာက ဉာဏ်သိပ်ကောင်းတာပဲ။ ရင်မွှေးဆိုရင် လေးငါးနှစ်ဆို မေ့သွားမှာပဲ””

““စွဲစွဲလမ်းလမ်းကျက်ရင် ဘယ်မေ့မလဲ။ ဒါပေမဲ့ ဆရာ နည်းနည်းပြန်နွှေးရတယ်။ နောက်အပတ်တွေ ရွာမပြန်နဲ့ ဆရာလာခဲ့မယ်။ ရင်မွှေးနဲ့အတူတူ စာဝိုင်းကျက်ပေးမယ်””

မျက်လုံးဝိုင်းကြီးနှင့် တစ်ချက်မော်ကြည့်လိုက်ရင်းက တအံ့တသြဖြစ်မိသည်။ ဆရာက ဘာမှမထူးဆန်းသလိုနှင့်-

ဆရာ့သား ဇော့်ကိုလည်း စာဝိုင်း ကျက်ပေးရတာပဲ။ ဒါကြောင့်လည်း ဆေးတက္ကသိုလ်မီတာ။ မေမေတို့ရှိတုန်းကဆို ဇော့်ကို သိပ်အလိုလိုက်တာပဲ။ ဆရာလည်း မိဘမဲ့မို့ အလိုလိုက်ပါတယ်။ ဒါပေမဲ့ ကျောင်းစာနဲ့ ပတ်သက်လာရင်တော့ အလိုမလိုက်ဘူး။    ရင်မွှေး တစ်နေ့ပေးတဲ့စာကို တစ်နေ့မှန်မှန် ကျက်ရမယ်။ ပြီးတော့ စနေ၊ တနင်္ဂနွေ ဆရာလာပြီး ပြန်မေးမယ်””

ဆရာလာမည်ဆိုတော့ ရင်ထဲကြည်နူးရသည်။

သို့သော် စိုးရိမ်စိတ်လေးဝင်မိ၏။

““ဆရာ ပင်ပန်းမှာပေါ့””

““ဆရာ မပင်ပန်းရအောင် ရင်မွှေးက စာတွေရအောင် ကျက်လေ။ ရင်မွှေး စာတွေရရင် ဆရာမပင်ပန်းပါဘူး””

နောက်အပတ်များတွင် ရင်မွှေး ရွာမပြန်တော့ပေ။

ဆရာ စာလာသင်သည့် အစီအစဉ်ကို အစ်မရော အပါးကပါ သဘောတူကြသည်။ ရင်မွှေးနေနေသည့် အဒေါ်အိမ်ကလည်း ကြည်ဖြူသည်။ ဆရာ့ကို လေးစားသည်။ ကြည်ညိုသည်။

ဆရာကလည်း ရင်မွှေးနှင့်တွေ့စဉ်တွင် ကျောင်းစာအကြောင်းက လွဲလို့  ဘာစကားမျှ မပြောပေ။ စာသင်ခန်းထဲတွင် စာသင်နေသည့် ဆရာတစ်ဦးကဲ့သို့ မျက်နှာတည်သည်။ နန္ဒမိတ်ရွာက စစ်တောင်းမြစ်ကမ်းပါးတွင် ရင်းရင်းနှီးနှီး စကားပြောသည်မျိုးနှင့်မတူ။

အစကတော့ ရင်မွှေးစိတ်ညစ်မိသည်။ ဆရာနှင့်အတူ ရင်ခုန်ဖွယ်စကားများကို ပြောချင်သည်။ ကြည်နူးချင်သည်။ သို့သော် အနေကြာလာတော့ ဆရာ့အား ဆရာတစ်ဦးလိုပင် လေးစားကြည်ညို လာမိ၏။

ဆရာနောက်ကျလျှင် မျှော်တတ်ပြီး ဆရာညနေစောင်း စက်ဘီးနှင့်ပြန်သွားလျှင်လည်း လွမ်းတတ်သည်။

““ဆရာရယ် ပုံစံအမျိုးမျိုးနဲ့   ရင်မွှေးနှလုံးသားထဲ တိုးဝင်နေပါလား””

အစ်မ မင်္ဂလာဆောင်မည့်နေ့တွင် ဆရာသည် ရင်မွှေးအား လာကြိုသည်။ ခရီးသွားဟန်လွှဲ သဘောနှင့် ၀င်ခေါ်သလိုလိုပြောသည်။ ပစ္စည်းဝယ်အဖွဲ့နှင့် ပြန်လိုက်လာကြ၏။ မည်သို့ပင်ဖြစ်စေ ဆရာ့ကိုမြင်တွေ့နေရုံနှင့် ရင်မှာပျော်ရွှင်ချမ်းမြေ့ရသည်။ ဆရာသည် မိမိအတွက် အားမာန်တစ်ခုပင်ဖြစ်၏။

အိမ်ရောက်သောအခါ ခြိမ့်ခြိမ့်သဲပြင်ဆင်နေသော မင်္ဂလာမဏ္ဍပ်ကိုကြည့်ရင်း ရင်ထဲတွင် လွတ်ဟာသွားသည်။

တစ်စုံတစ်ခု ဆုံးရှုံးမှုကို ခံစားလိုက်ရ၏။

အစ်မ မင်္ဂလာဆောင်သည်ကို အထူးအဆန်းမဟုတ်သကဲ့သို့ တွေးထင်မိသော်လည်း တစ်ခုခုထူးခြားနေသကဲ့သို့ခံစားရသည်။ ခါတိုင်းကဲ့သို့ အစ်မနားကပ်၍ ဆိုးနွဲ့၍မရတော့ပေ။ အစ်မနားတွင် အစ်ကိုစိုးရှိနေလေပြီ။ မိမိအစား အစ်ကိုစိုးက အစ်မနား ရောက်နေလေပြီ။

အစ်မကား ချစ်သူနှင့်အတူ နေရမည်ဆိုပြီး ပျော်မြူးနေသည်ကို ရင်ထဲမှ အလိုလိုဝန်တိုလာမိ၏။ အစ်မ မင်္ဂလာဆောင်တွင် ၀က်သားဟင်း၊ မဲဇလီရွက်ဟင်းချို၊ သရက်ချဉ်သုပ်နှင့် ငါးပိတို့စရာ အစုံပါသည်။ ရွာအနီးအနား ဆွေမျိုးများကလည်း    ညဥ့်အိပ်ညဥ့်နေ ၀ိုင်း၍ကူညီကြ၏။

နော်ရင်မွှေးကမူ အစ်မ မင်္ဂလာဆောင်မှာ ထုံးစံအတိုင်း ယောင်တောင်တောင် လုပ်နေ၏။

သူငယ်ချင်းများက ၀ိုင်းစနေ၍ ရှက်ကိုးရှက်ကန်း ဖြစ်နေသော အစ်မကိုကြည့်၍ အလိုလိုကြည်နူးမိ၏။

အစ်မ သိပ်ပျော်နေသလား။ မိမိအလှည့်ဆိုလျှင်ရော။

““အို...ဘာတွေတွေးနေပါလိမ့်””

ရုတ်တရက်ကြက်သီးထသွားပြီး ဆရာ့ကိုလှမ်းကြည့်လိုက်မိသည်။ ဆရာက မိမိအား လှမ်းကြည့်နေသည်နှင့်   ဆုံမိသောအခါ ပို၍ရှက်သွားပြီး ဆရာအား မျက်စောင်းထိုးလိုက်မိ၏။

ဆရာက သတို့သား အစ်ကိုစိုးထက်ပင် ပိုသည်းနေ၏။ အားလုံးသူကပဲ ဦးစီး လုပ်ကိုင်ပေးလေ၏။ အစ်ကိုစိုးကလည်း ဆရာ့အား ညီလေးအောင် ညီလေးအောင်နှင့် ပါးစပ်ဖျားကမချပေ။

““ရင်မွှေး မပြန်သေးဘူးလားဟင်””

““မနက်ကျမှပြန်မယ်””

အစ်မသူငယ်ချင်းများက လှမ်းမေး၍ဖြေလိုက်သည်။

ထိုအခါ သူတို့အားလုံးက ၀ါးခနဲရယ်ကြ၏။ မိမိစကားထဲတွင်   ရယ်စရာပါသွားသလား ဟူသောအတွေးနှင့် စဉ်းစားကြည့်မိသည်။

ဆက်လက်ဖော်ပြပါမည်။

Read 100 times
Rate this item
(0 votes)
Last modified on Friday, 14 February 2020 11:46

Latest from ကေတု