SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Sunday, 16 February 2020 11:41 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ပျိုးချစပြုရန် ထွန်ထားသော လယ်မြေများအတွက် လုံလုံလောက်လောက် မိုးမရသေးပေ။

““ဆရာ့သားတောင်မှ ရှေ့တစ်ပတ်ထဲ လာလိမ့်မယ်။ ဆရာ့သားက လူချောပဲ။ဆရာဝန်လောင်းဆိုတော့ ကျေးရွာဆင်းချင်အောင် ဆွဲခေါ်ရမယ်။သူကတော့ လေးလေးသဘောကျ ဆင်းပါ့မယ်ပြောတာပဲ။ ရင်မွှေးနဲ့ မိတ်ဆက်ပေးရမယ်။  ကောက်မစိုက်တတ်တဲ့ တောသူမလေးပါလို့လေ””

““ဆရာက ရင်မွှေးကို သိပ်အထင်သေးတာပဲ””

““အစ်မတ၀ါးမညီမမို့ နည်းနည်းပဲ အထင်သေးပါတယ်””

““ကြည့်နော်...ဆရာ””

သိသိသာသာ မဟုတ်သော်လည်း    မသိမသာ ခြေဆောင့်မိသည်။ အိမ်မှာဆိုလျှင် တစ်အိမ်လုံး တုန်ခါသွားအောင်ပင် ခြေဆောင့်မိပေလိမ့်မည်။

““အင်း ဒါကြောင့်လည်း ငါးပတ်အိုင်က မြေချိုင့်ကြီးဖြစ်နေတာကိုး””

““ဘာမှမဆိုင်ဘူး””

““ဆိုင်တာပေါ့၊ နန္ဒမိတ်ရွာမှာလည်း ရင်မွှေးတို့အိမ်ကို နှစ်တိုင်းမြေဖို့နေရတာပဲ မဟုတ်လား။ ဒီလောက် ခြေဆောင့်နေတော့  အိမ်ကလည်း မြေကျွံနေပြီပေါ့။ ငါးပတ်အိုင်ဆိုရင် ပိုဆိုးမှာပေါ့””

““ဆရာနော်””

အားပါးတရ ထုရိုက်ပစ်ချင်သည်။  သို့သော် အစ်မက ယောက်ျားလေးနှင့် စကားပြောရာတွင် ရိုက်နှက်မပြောရဟု တားမြစ်ထားသည်။ ထို့ပြင် ခြေဆောင့်သည့် အမူအရာကိုလည်း  ဖျောက်ဖျက်ပစ်ရန်  သတိပေးထား၏။

သို့သော် ထိုအကျင့်က ပျောက်ပျက်၍မသွားပါ။ မိုးလေးအုံ့ပျပျမို့ လမ်းလျှောက်၍ ကောင်းလှသည်။

ထွန်ရေးငင်သူများက မိမိတို့အား နှုတ်ဆက်၍ သွားကြ၏။ မိမိတို့ရွာများတွင် ဤကဲ့သို့ အဖော်ကောင်းလျှင်ကောင်းသလို  ယောက်ျားမိန်းမ တွဲသွားနေသည်ကို အထူးအဆန်းမလုပ်ကြပေ။ နော်ရင်မွှေးလျှင် ရွာတွင် ယောက်ျားလေး အပေါင်းအသင်းများနှင့် မြို့သို့ အကြုံလိုက်ဖူးသည်။ နော်ရင်မွှေးအတွက် မထူးဆန်းသော်လည်း ဆရာကတော့ ဆန်းသည်။

ဆရာသည် ဘယ်မိန်းကလေးနှင့်မျှ တွဲမသွားဖူးပေ။ သူ့တပည့်များနှင့်သာ သွားတတ်သည်။ နော်ရင်မွှေးတို့   ညီအစ်မနှင့် ခင်မင်သကဲ့သို့ အခြား မိန်းကလေးများနှင့် ခင်ခင်မင်မင် မနေတတ်ပေ။ နန္ဒမိတ်ရွာမှာရော ငါးမြစ်ချင်း ရွာမှာပါ    ဆရာ့တွင်   မိန်းကလေး မိတ်ဆွေမရှိခဲ့။

ထို့ကြောင့်  ဆရာ့ကို မာနကြီးသည်ဟုပင်  အတင်းဆိုဖူး၏။

ဒါဆို  ရင်မွှေးကိုကျတော့ရော  ဘာလို့ခင်သလဲ။

ရင်မွှေးနဲ့အတူတူ ဘာလို့သွားသလဲ။

တွေးရင်းက ရင်ဖိုလာသည်။  ရှေ့မှသွားနေသော ဆရာ့နောက်ကျောကိုကြည့်၍ အလိုလို ရှက်သွေးဖြာလာ၏။

““အမေ့...””

ရုတ်တရက် ခလုတ်တိုက်ပြီး   ကန်သင်းပေါ်မှနေ လယ်ကွက်ထဲသို့ ခြေတစ်ဖက်က လျှောခနဲကျသွား၏။

““ဟောဗျာ...အဲဒါကြည့် သူ့ကို ကောက်မစိုက်တတ်ဘူး ပြောတော့ နာတယ်။ ခုကြည့် ကန်သင်းပေါ်တောင် လမ်းလျှောက်တတ်လို့လား””

ဆရာကဆွဲထူရင်း   တဖျစ်တောက်တောက် ပြောလိုက်သည်။

““သူ့ကြောင့် သူ့ကိုငေးလို့””ဟု ရင်ထဲမှ အပြစ်တင်ရင်း ဆရာ့ကို မျက်စောင်းထိုးလိုက်သည်။ ဆရာက သူ့စကားကို မျက်စောင်းထိုးသည် အထင်နှင့် ပြုံးလိုက်ရင်းက-

““ပြောရင်တော့မကြိုက်ချင်ဘူး။  ဒီလယ်ကန်သင်းအပေါ်  လျှောက်ရတာလည်း  ပညာသားတစ်မျိုးပဲ။ တော်ရုံလူ မလျှောက်တတ်ဘူး။ လယ်တောထဲ အသွားများမှ  လျှောက်တတ်တာ။  မြို့ကြီးသူတွေဆို ဘယ်လျှောက် တတ်မလဲ။ ရွှံ့ကို ခြေမနဲ့ကုပ်ပြီး လျှောက်ရတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ။ ကဲ...ထ ဟိုနားက ရေအိုင်လေးမှာ ခြေသွားဆေးမယ်””

ခြေသလုံးအထိ  နစ်ဝင်သွားသော ရွှံ့များကြောင့် မျက်နှာရှုံ့နေမိသည်။ သို့သော် ဆရာဆွဲထူတာတော့ ရင်ခုန်နေမိ၏။ ဆရာသည် ရေအိုင်ရှိရာသို့ မိမိ၏ လက်မောင်းကို ဆွဲကိုင်၍ ခေါ်လာခဲ့သည်။

ရေအိုင်ဘေးတွင်ထိုင်၍ ခြေထောက်ကို စိမ်ပြေနပြေ ပွတ်ဆေးနေမိသည်။   

  ဆက်လက်ဖော်ပြပါမည်။

Read 106 times
Rate this item
(0 votes)
Last modified on Sunday, 16 February 2020 11:42