SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Monday, 23 March 2020 08:59 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ဒေါက်တာဟန်ကြည်က ပင့်သက်လေးချလိုက်သည်။

စက်ဘီးနှစ်စီးစလုံး  ဦးတည်ရာမဲ့ လျှောက်နင်းနေသည်။ သင်းပျံ့သော ပဒုမ္မာကြာပန်းရနံ့ကို ရသောအခါ ဆေးရုံဟောင်းလမ်းအတိုင်း ကျုံးဘေးမှဖြတ်လာသည်ကို သတိထားမိလိုက်သည်။

ကျုံးရေစိမ်းထဲတွင်တွေ့ရသော  ရေစိမ်းစိမ်းနှင့် ကြာရွက်စိမ်းလေးများက လောကကြီးကို အစိမ်းရောင် ပြနေသည်။

''အစ်မသိပ်အလုပ်လုပ်တာပဲ။ ဆေးခန်းတွေလည်း လိုက်ထိုင်နေတယ်လို့ ပြောကြတယ်''

ရင်ထဲလှိုက်ဖိုသည်။  ဒေါက်တာဟန်ကြည်သည် မိမိအား အလွန်လေးစားသူပင်ဖြစ်သည်။  ဤကဲ့သို့ မိမိစီးပွားရေးအတွက် အပင်ပန်းခံသည်ကို ရှုတ်ချကောင်း ရှုတ်ချပေလိမ့်မည်။  မိမိအကြောင်းကို ကလေးနှင့် အခြားလုပ်ဖော်ကိုင်ဖက်များက  ပြောကြပေလိမ့်မည်။

''ဘာထူးသလဲဒေါက်တာ၊  လူ့လောကကြီးဟာ မွေးဖွားလာကတည်းက လှုပ်ရှားရုန်းကန်ကြဖို့ပဲ မဟုတ်လား။ မဆန်းပါဘူး''

''အစ်မရယ် အစ်မပင်ပန်းလွန်းလို့ပါ။ ကျွန်တော်လေ နော်သဲဆူးရဲ့ ပညာရေးကို ဆက်ပြီး ထောက်ပံ့ပါရစေ။ ဆေးတက္ကသိုလ်ရဲ့စရိတ်ကကြီး....''

''ဒေါက်တာ''

ဆက်နားထောင်နိုင်စွမ်း မရှိတော့ဘဲ အော်ပစ်လိုက်ပြီး သူ့အား စိမ်းစိမ်းကြည့်လိုက်သည်။

''ဘာထူးလဲဒေါက်တာ။ ဒီလို အထောက်အပံ့ ခံနေရရင် ရှင့်ကို ကျွန်မယူလိုက်ပြီပေါ့။ ဒီမှာ ဘယ်သူ့အထောက်အပံ့မှ မယူဘဲ ကျွန်မသမီးကို ကျွန်မဘာသာ ကျွေးနိုင်လို့ ကလေးအဖေကိုတောင် စုံကန်ပြီး ထွက်လာတဲ့ ရင်မွှေးပါ။

ဒေါက်တာ ကျွန်မရှင့်ကို ခင်နေတာ မျှော်လင့်ချက်နဲ့ မှီခိုချင်လို့ ခင်တွယ်နေတယ်လို့ ထင်နေသလားဟင်။

ကျွန်မကလေးအတွက် ဘာပဲလုပ်ရလုပ်ရ ကောင်းတဲ့အလုပ် သမ္မာအာဇီဝအလုပ်ဆို ကျွန်မအကုန်လုပ်တယ်။

လောဘနဲ့အလုပ် ကျုံးလုပ်တာမှန်ပေမယ့်   မိုးရေကို ဆေးဆိုပြီး ညာမပေးဘူး။ မတရား ဆေးဖိုးမယူဘူး။ ဒါပေမဲ့ နော်သဲဆူး ငယ်ငယ်ကလို စေတနာနဲ့ အခမဲ့ မထိုးပေးနိုင်တော့ဘူးပေါ့''

''တော်ပါတော့အစ်မရယ်။ အစ်မစေတနာကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော့်အပေါ်မှာ

ဒီလောက်တောင် မစိမ်းကားပါနဲ့နော်။ ကျွန်တော်က နော်သဲဆူးကို မုန့်ဖိုးပေးပါရစေ။ ထူးချွန်တဲ့ကလေးကို မုန့်ဖိုးဆုချပါရစေ''

ခေါင်းကို ခါယမ်းပစ်လိုက်သည်။ ရင်ထဲမှာတင်းကျပ်နေ၍ ဘာမျှဆက်မပြောချင်တော့ပေ။ ဒေါက်တာဟန်ကြည်က မိမိအား စိမ်းစိမ်းကြည့်ရင်းက-

''အစ်မနဲ့ဘယ်လိုမှ မပတ်သက်ပါဘူး။ ကျွန်တော် နော်သဲဆူးရဲ့ ဆရာသမားတစ်ယောက် အနေနဲ့ ဦးလေးအနေနဲ့ ဂုဏ်ပြုတာ။ ပတ်ဝန်းကျင်က ဘာပြောပြော ကျွန်တော်ဂရုမစိုက်ဘူး။ အစ်မလည်း ဂရုမစိုက်နဲ့။ ကလေးကိုလည်း မဆူနဲ့။ ကျွန်တော်အစ်မဆီက ဘာမျှမမျှော်လင့်ဘူး။ ကျွန်တော့်ကို ဒီအခွင့်အရေး တစ်ခုတော့ ပေးပါလို့ တောင်းပန်ပါတယ်။ နော်သဲဆူး စာမေးပွဲအောင်တိုင်း ဆုချပါရစေ''

နှုတ်ခမ်းကို တင်းတင်းစေ့ပြီး သူ့အားစူးစူးကြည့်မိသည်။ ရင်ထဲမှာ မာနစိတ်များက ပူလောင်တင်းကျပ်လွန်းလှသည်။ သို့သော် သူ့ရဲ့တောင်းပန် တိုးလျှိုးသော အကြည့်များကြောင့် မျက်နှာလွှဲလိုက်ရင်း-

''ဒေါက်တာ့သဘောပဲ။ ဒါပေမဲ့ ကျွန်မကတော့ လုံးဝ မကျေနပ်ဘူး။ ကလေးက ဒေါက်တာ့ဆုအတွက် ပျော်နေပေမယ့် ကျွန်မကတော့ ဘယ်တော့မှ ပျော်မှာမဟုတ်ဘူး''

သူ့ရှေ့မှချာခနဲ လှည့်ထွက်လာမိသည်။ မိမိအပြုအမူ ရိုင်းပျသွားလေသလားမသိ။ မိမိနောက်သို့ ဆက်မလိုက်တော့ဘဲ ကျန်ရစ်ခဲ့လေ၏။

စက်ဘီးကိုနင်းနေသော ခြေထောက်အစုံမှာ အားအင်ချည့်နဲ့လာ၏။ မိမိအလွန်နှစ်သက်သော ပဒုမ္မာကြာပန်းနံ့ကိုပင် ဥပေက္ခာပြုလျက် ကျုံးဟောင်းလမ်းအတိုင်း သွားပြီး လူရှင်းသော ဘူတာရုံလမ်းမှဖြတ်လာခဲ့၏။

စိန်ပန်းပင်ပု ကလေးများကား ရဲရဲတောက်နေဆဲ။ ပင်လုံးကျွတ် ပွင့်နိုင်သော သတ္တိကို အားကျမိသည်။ မိမိလည်း ရှိသမျှအားမာန်များနှင့် ဤလောကကြီးအား ရင်ဆိုင် ရုန်းကန်ရပေဦးမည်။

အသက် ၃ဝ မပြည့်သေးသော မုဆိုးမအမည်ခံ မိန်းမသား တစ်ယောက်အနေဖြင့်  လောကကြီးတွင် ရပ်တည်ရသည်မှာ လွန်စွာကြံ့ခိုင်နိုင်မှ ဖြစ်မည်။ ဆွေမျိုးကင်းမဲ့သော အထီးကျန်ဘဝတွင် နေရင်းက တစ်ခါတစ်ရံ ရွာကိုအောက်မေ့ တမ်းတမိသည်။

ဆက်လက်ဖော်ပြပါမည်။

Read 48 times
Rate this item
(0 votes)
Last modified on Monday, 23 March 2020 09:01

Latest from ကေတု