SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Tuesday, 24 March 2020 09:14 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

နန္ဒမိတ်ရွာမှာပဲဖြစ်ဖြစ်   ငါးပတ်အိုင်ရွာမှာပဲ ဖြစ်ဖြစ် နေခဲ့လျှင် ဆွေရိပ်မျိုးရိပ်က လုံခြုံအေးမြကြောင်း သိလာခဲ့သည်။

ရွာကို အောက်မေ့တမ်းတမှုများနှင့်အတူ။

မိုင်ဒါကွင်းရှေ့ရောက်သောအခါ ကလေးစက်ဘီးနှင့် ရင်ဆိုင်တွေ့မိ၏။ ကလေးက မိမိကိုတွေ့သောအခါ ပျော်ရွှင်သွားဟန်နှင့်-

''မိုးကိုလာကြိုတာ။ တော်သေးတာပေါ့။ ကလေးက ဒီအပြင်လမ်းက လာချင်စိတ်ရှိလို့ လာတာ။ အတွင်းလမ်းဘက်ကလာရင် မိုးနဲ့လွဲမှာ ဦးဦးဒေါက်တာရော တွေ့သေးလား''

''မိုးစောစောထွက်လာတာ။ လာ...ကွင်းထဲက သွားရအောင်''

အမေးနှင့်အဖြေကား တခြားစီဖြစ်သော်လည်း ကလေးက ဆက်မမေးတော့ဘဲ မိုင်ဒါကွင်းကိုဖြတ်ပြီး စက်ဘီးနင်းလာ၏။ လမ်းကောင်းမှာ နင်းရခြင်းထက် ကမူများကိုရှောင်နင်းရသည်ကို ပိုသဘောကျမိ၏။ ကလေးကလည်း အားကျမခံ ပြိုင်နင်းရင်းက ပျော်ရွှင်နေ၏။

မိုင်ဒါကွင်းမှနေ၍ မြို့ကြီးလမ်းဘက် ဆက်နင်းပြီးလာခဲ့သည်။ ကလေးက ကျောင်းမှ သူငယ်ချင်းများ အကြောင်းပြောရင်း လိုက်လာ၏။

''ဟင်... မိုး။ ကလေးတို့ဘယ်သွားမှာလဲ''

''လောကုတ္တရာကိုလေ ကလေး၊ ဘုရားဖူးချင်တယ်''

ကလေးက အနည်းငယ် ထူးဆန်းသွားဟန်ဖြင့် မိမိအား လှမ်းကြည့်လိုက်သည်။ ဒေါက်တာဟန်ကြည်နှင့် ချိန်းထားလေသလားဟူသော အတွေးလေးက သူ့ဦးနှောက်ထဲသို့ ဝင်သွားဟန်တူသည်။ ဘုရားကုန်းပေါ်သို့ မော်ကြည့်လိုက်သည်။

''ဒေါက်တာဟန်ကြည်နဲ့ ခုနပဲ တွေ့ခဲ့တယ်ကလေး။

သူနဲ့မချိန်းထားပါဘူး။ မိုးဘာသာ  ဘုရားဖူးချင်လို့ ထွက်လာတာ''

မစစ်ဆေးဘဲ အလိုလိုဖြောင့်ချက်ပေးလိုက်သည်။

ကလေးက တအံ့တသြနှင့် မိမိအား မော်ကြည့်လိုက်ရင်း-

''ကလေးစိတ်ထဲ တွေးတာကို မိုးက ဘာလို့သိနေရတာလဲ''

''ကလေးက မိုးသမီးပဲ''

ဤသို့ ပြောလိုက်ရသောအခါ ရင်ထဲတွင် သိမ့်ခနဲ နွေးသွား၏။ ပတ်ဝန်းကျင်သို့ မလုံမလဲကြည့်မိသည်။

လောကုတ္တရာဘုရားပတ်ဝန်းကျင်သည် ဆိတ်ငြိမ်နေ၏။ ကလေးလက်ကိုဆွဲပြီး ဘုရားကုန်းတော်ပေါ်သို့ တက်လာသောအခါ လေနုအေးတို့နှင့်အတူ စံကားပန်းရနံ့လေးတို့ မွှေးပျံ့လာသည်။

ပင်ပန်းသောစိတ်တို့သည် အေးမြငြိမ်သက် သွားလေသည်။ ဘုရားကိုဝတ်ပြုပြီး  ကလေးနှင့်အတူ ရင်ပြင်တော်ပေါ်မှနေ၍ စစ်တောင်းမြစ်ပြင်ကျယ်ကြီးကို ငေးကြည့်နေမိသည်။

တစ်ယောက်တည်း အဖော်မဲ့စွာ ထွက်ခွာသွားသည့် ဆရာနှင့် ဒေါက်တာဟန်ကြည်တို့အား သတိရမိသည်။

ဆရာ နန္ဒမိတ်တွင်မရှိတော့ပေ။ ငါးမြစ်ချင်းတွင်လည်း မနေတော့။ ဆရာသည် နှလုံးသားကွဲကြေမှုဒဏ်ကြောင့် ဘယ်အရပ်သို့ လွှင့်သွားသနည်း။ စိတ်အလိုလိုက်ပြီး လွှင့်ချင်ရာ လွှင့်နေသည်လား။ ဒါမှမဟုတ် ကျောင်းဆရာဘဝနှင့် သူလိုချင်သော ပုံစံခွက်

ထဲတွင်ပုံစံဝင်မည့် နိုင်ငံ့သားကောင်းများကို ဆက်ပြီး မွေးထုတ်နေသေးသလား။ မိမိစဉ်းစားမရတော့ပေ။

ဒေါက်တာဟန်ကြည်ကမူ နှလုံးသားကွဲကြေမှုဒဏ်ကို တာဝန်ဖြင့်ကုစားရင်း မိမိ၏ အလိုဆန္ဒအတွက် ပါရမီဖြည့်ခဲ့သည်။

ဒါဆို မိမိ နော်ရင်မွှေးကရော ဆရာနှင့် ဒေါက်တာဟန်ကြည်တို့ကဲ့သို့ မစွန့်စားဝံ့သေး။ ကလေးတစ်ယောက်တည်း အတွက်နှင့် အရာရာကို လျစ်လျူပြုရင်းက  ကလေးကိုသာ   အလေးထားရဦးမည့် တာဝန်ကြီးကား မိမိကိုယ်ပေါ်ပိကျနေ၏။

သံယောဇဉ်တွေ ရှုပ်ထွေးလွန်း၍ မိမိရည်မှန်းချက်သည် ဝိုးတဝါးနှင့် မှေးမှိန်နေလေပြီ။

သို့သော် ဆရာပြောသောနေ့ ဒေါက်တာဟန်ကြည် ပြောသောနေ့အတွက် ကလေးကို မျှော်လင့်အားကိုးမိသည်။ တစ်နေ့နေ့တွင် ကလေးသည်လည်း ဒေါက်တာဟန်ကြည်ကဲ့သို့ပင် တောင်တန်းဒေသများသို့ သွား၍ ပြည်သူ့ဆရာဝန်ဖြစ်လာခဲ့လျှင်-

အတွေးလေးများနှင့်အတူ ကြက်သီးထလာသည်အထိ ပီတိဖြစ်လာမိ၏။

''မိုးရေ...ဦးဦးဒေါက်တာ ဘယ်နေ့ပြန်မှာလဲဟင်။

ကလေးတော့လေ သိပ်သတိရတာပဲ။ သူ့ကို ဒီပြန်ပြောင်းလာအောင်ပြောရင် ရမလားဟင်''

''ဘယ်ရမလဲ ကလေးရယ်။ သူဘာသာသူ ပြောင်းသွားတာပဲ''

''ဟင်...ဦးဦးက ဘာလို့ပြောင်းတာလဲ''

''ဦးဦးက သိပ်စိတ်ထားမွန်မြတ်တာကလေးရဲ့။

ဆရာဝန်မရှိတဲ့ အရပ်တွေကိုသွားပြီး  ဆေးကုတာလေ။

တောင်ပေါ်ဒေသတွေမှာ သွားလာရေးခက်ခဲတော့ ဘယ်သူမှ မသွားချင်ကြဘူး။ အဲဒါကို ဦးဦးဒေါက်တာ သွားတယ်လေ''

ကလေးမျက်လုံးလေးက တလဲ့လဲ့တောက်ပလာပြီး-           

ဆက်လက်ဖော်ပြပါမည်။

Read 32 times
Rate this item
(0 votes)
Last modified on Tuesday, 24 March 2020 09:16

Latest from ကေတု