SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Thursday, 26 March 2020 08:40 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

''လင်ခိုးမ''

 တစ်ခါမျှ မကြားဖူးသော လေသံနှင့် မမြင်ဖူးသော အမျိုးသမီးက နှစ်နှစ်အရွယ်ကလေးကို ခါးထစ်ခွင်ချီ၍ မိမိအား လက်ညှိုးထိုးပြီး အော်ပြောလိုက်သည်။

''ခယ်မဆိုတော့ ခဲအိုကို ပိုင်သွားပြီပေါ့ ဟုတ်လား။

လင်ခိုးမ ဟင်... ညည်းရုပ်ကလေးနဲ့ ဒီလောက်တောင် ယောက်ျားရှားသလားအေ့''

အသက်ရှူရပ်သွားမတတ် အံ့သြစိတ်နှင့် ငေးကြောင်နေစဉ် အစ်ကိုစိုးက ထိုအမျိုးသမီးအား ဝင်ဆွဲနေသည်ကိုသာ သိလိုက်သည်။ မိမိမျက်လုံးထဲ အနီရောင်များ ဖုံးလွှမ်းသွား၏။

''မောင်  ညာတယ်။ ခယ်မဆို အခုတော့''

သူတို့ ဘယ်လိုပြဿနာ ရှင်းကြသည်မသိ။ မိမိသတိ ရလာသောအခါ မင်္ဂလာ ခုတင်ပေါ်ရောက်နေပြီး မိမိအား စိုးရိမ်တကြီး ကြည့်နေသော အစ်ကိုစိုးအား တွေ့ရ၏။

ရင်ထဲတွင် ထောင်းခနဲ ဒေါသဖြစ်သွားပြီ။

''မလာနဲ့ သွား...သွား...။ ရှင့်ကို မုန်းတယ်။ သွား...''

''မဟုတ်ပါဘူး ရင်မွှေးရယ်။ ရှင်းပြပါရစေ။ အစ်ကို ရှင်းပြပါရစေ''

''မလိုချင်ဘူး။ သွား ကျွန်မနားက အခု ထွက်သွားနော်''

ဒေါသဖြစ်လွန်း၍ ဘာမျှမသိတော့ဘဲ လက်လှမ်းမီရာ ပစ္စည်းများနှင့် အစ်ကိုစိုးအား ပစ်ပေါက်မိသည်။

မှန်တင်ခုံပေါ်မှ ပုလင်းများ၊ ပေါင်ဒါဘူးများ လွင့်ပျံကုန်၏။ အစ်ကိုစိုးနဖူးမှ သွေးချင်းချင်း နီနေသည်ကိုပင် သတိမထားမိတော့ပေ။ ဒေါသနှင့် အသိတရား လုံးဝကင်းမဲ့နေ၏။

''အမိုး...''

ဒေါသမီးတို့ ဟုတ်ခနဲငြိမ်းသွားသည်။ ကြီးကြီးက လိမ္မာပါးနပ်စွာ ကလေးအား လွှတ်လိုက်၏။ ကလေးက မိမိထံပြေးလာပြီး။

''အမိုး...ဖေဖေ့ကို မလုပ်ပါနဲ့။ သွေးတွေ ဖေဖေ့မှာ သွေးတွေနဲ့''

ကလေး မိမိကို ဖက်တွယ်ထားသောအခါ လက်ထဲတွင် မြှောက်ကိုင်ထားသော ပန်းအိုးကို နံရံသို့ ပစ်ပေါက်ခွဲလိုက်ပြီးနောက် နှုတ်ခမ်းကို ပြတ်လုမတတ် ဖိကိုက်ထားလိုက်သည်။

ကလေးသည် မိမိကိုဖက်၍ ကြောက်အားလန့်အားနှင့် အော်ငိုနေသည်။ မိမိတစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီနေ၏။

အစ်ကိုစိုးက မိမိရှေ့မှ လှည့်ထွက်သွားသောအခါ မျက်လုံးမှိတ်ချလိုက်ပြီး နှစ်ယောက်အိပ်မွေ့ရာကို ရွံရှာစွာ ဆွဲဖြုတ်၍ ကလေးကို အသာတွန်းဖယ်ပြီး အရူးကဲ့သို့ တတွတ်တွတ်ပြောရင်း-

''ကလေး..ကလေးမှာ အဖေမရှိတော့ဘူး။ သေပြီ။ ကလေးအတွက် အဖေဆိုတာ သေပြီသိလား။ အဲဒါမှတ်ထား ကလေး''

အိပ်ရာခင်း အိပ်ရာဖုံးများကို ကတ်ကြေးနှင့် ညှပ်ပစ်လိုက်သည်။ ခြင်ထောင်များကိုလည်း ဖျက်ဆီးပစ်၏။

''သမီးရယ် စိတ်ထိန်းပါဦးကွယ်''

အကြီးက မျက်ရည်စက်လက်နှင့် ဝင်တားသည်။

ကလေးက ကြောက်အားလန့်အားနှင့် အကြီးအား ဖက်တွယ်ထားသည်ကို သတိမမူမိပါ။

''ဒီမှာ  ကလေးသိပ်ကြောက်နေပြီ၊ သတိထားပါဦးကွယ်''

ထိုအခါမှ ကလေးကို သတိရပြီး သူရူးတစ်ယောက်ကဲ့သို့ သတိလက်လွတ်ဖြစ်သွားသည်ကို ပြန်ထိန်းရင်းက ကလေးကို ကြည့်လိုက်ရာ ကလေးသည် ပြူးကြောင်သော မျက်ဝန်းအစုံနှင့် မိမိအားကြည့်နေသည်။ ကလေး ငိုပင်မငိုနိုင်တော့။ ထိုအခါမှ သတိဝင်လာပြီး မိမိကိုယ်မိမိ ထိန်းချုပ်လိုက်ရ၏။

''ခွင့်လွှတ်ပါကြီးကြီး။ ကျွန်မ အခုပဲ ထွက်လာခဲ့ပါမယ်။ ကလေးကို အခန်းအပြင်ခေါ်သွားပြီး ရေတိုက်လိုက်ပါဦး။ အစ်ကိုစိုးကိုတော့ ကျွန်မလုံးဝ မမြင်ပါရစေနဲ့''

''အေး...အေး။ အကြီးပြောလိုက်ပါ့မယ်''

အကြီးထွက်သွားသောအခါ မိမိကိုယ်မိမိ မှန်ထဲပြန်ကြည့်မိသည်။ ဆံပင်များ ပွယောင်းနေပြီး အောက်နှုတ်ခမ်းတွင် သွေးများ စို့ထွက်နေသည်ကို တွေ့ရ၏။

ထိုသွေးစများကို အဝတ်နှင့် သုတ်လိုက်ပြီး ခေါင်းကို ဖြီးလိုက်သည်။ အခုလောလောဆယ်တွင် ဘာကိုမျှ စဉ်းစား၍မရဘဲ ဦးခေါင်းတစ်ခုလုံး မူးဝေနေ၏။ ကလေးကို ချော့ရန်သာ စိတ်ထဲရှိနေသည်။

မိမိအား ရက်စက်သူ အစ်ကိုစိုးအတွက် ဥပေက္ခာပြုလိုက်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။

''ကလေးရေ...မိုးဆီလာ''

အတတ်နိုင်ဆုံးပြုံးပြီး  ကလေးကို လက်ဆန့်၍ ခေါ်လိုက်သည်။ ရုတ်တရက် ကလေးမလာရဲပေ။

ကြီးကြီးက ''သွားလေ''ဟု အသာတွန်းပို့မှ ကလေး မဝံ့မရဲ လှမ်းလာ၏။

''ကလေး လာပါဦး။ မိုး နာနာကို ဆေးထည့်ပေးနော်''

ကလေးသည်   မိမိအတုကိုယူပြီး  ဆေးကုတမ်း ကစားတတ်သည်။ တစ်ယောက်ယောက် ဒဏ်ရာရလျှင် ဖွဖွလုပ်၍ ဆေးထည့်ဟန်ပြုတတ်၏။ ထို့ကြောင့် ကလေးအကြိုက် ကစားနည်းနှင့်ဆွယ်လိုက်၏။

''ခုနက မိုးအနာနာလို့ငိုတာ။ ကလေးက ဆေးမထည့်ပေးဘူး''

''ထည့်ပေးမှာပေါ့''

ကလေးလက်ထဲသို့ သွေးဆေးပုလင်း ထည့်ပေးလိုက်သည်။ ကလေးက သူ့လက်ညှိုးလေးနှင့် သွေးဆေးမှုန့်များကို ကော်၍ မိမိအောက်နှုတ်ခမ်းမှ ဒဏ်ရာများကို ထည့်သိပ်ပေးနေ၏။ အကြီးထံမှ သက်ပြင်း တိုးတိုးချသံကို ကြားရ၏။ မနက်ဖြန်ညနေတွင် မင်္ဂလာဧည့်ခံပွဲ ပြုလုပ်မည်ဖြစ်သည်။ ထိုဧည့်ခံပွဲအတွက် မိမိလုံးဝရင်မဆိုင်ရဲပေ။ ကလေးကိုဖက်ကာ အိပ်ပျော်အောင် သိပ်ရင်းက မိမိခေါင်းထဲတွင် အစီအစဉ်များ ရေးဆွဲနေမိသည်။

အလုပ်သင်ပြီး၍ ဘယ်ဒေသသို့လွှတ်မည် မသိသေး။

ရန်ကုန်ဆေးရုံကြီး၌ တာဝန်ကျစေရန်အတွက် အစ်ကိုစိုးက တောင်းဆိုခိုင်း၍ တောင်းဆိုထားသည်။ သို့သော် အမိန့်မထွက်သေးပေ။

ဆက်လက်ဖော်ပြပါမည်။

Read 44 times
Rate this item
(0 votes)
Last modified on Thursday, 26 March 2020 08:41