Print this page

နော်ရင်မွှေး

Saturday, 28 March 2020 12:45 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

''တရားခွင်က ရင်ဆိုင်ရင် သမီးရှုံးလိမ့်မယ်နော်''

ဆတ်ခနဲဖြစ်သွားပြီး အကြီးအား ဒေါသတကြီးနှင့် စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ ထို့နောက် အပါးအမွေဖြစ်သော ဓားရှည်အား နံရံမှဖြုတ်၍ ပစ္စည်းများ ထည့်ထားသော ထင်းရှူးသေတ္တာထဲ ဆောင့်ထည့်လိုက်ပြီး-

''ဒီကလေးအတွက် ရင်မွှေးမှာ စွန့်လွှတ်မှု အများကြီး လုပ်ခဲ့တာကို အကြီးလည်းအသိ။ အစ်ကိုစိုးလည်းအသိ။ ဒီကလေးကို   ဆုံးရှုံးရင် ရင်မွှေးဘဝလည်း သေတာပဲ။ ဒီမှာအကြီး သူ့အမေက မွေးပေမယ့် ရင်မွှေးကြောင့်   အသက်ရှင်လာရတဲ့ ကလေးပါ။  ဒီတော့ တောင်းတဲ့သူရော ကလေးရော လူ့ပြည်မှာ မထားဘူး။

ရင်မွှေးလည်းမနေဘူး။ လိုက်ပြီး  နှောင့်ယှက်မယ် မစဉ်းစားနဲ့။ အကြီးက ကလေးကို မခွဲနိုင်ရင် ရင်မွှေးနဲ့ လိုက်ခဲ့။ အကြီးရဲ့ယုတ်မာတဲ့တူကို မခွဲနိုင်ရင် နေခဲ့။

ရင်မွှေးတော့ ဒီလိုယောက်ျားမျိုးနဲ့ ကြာရှည်မပေါင်းနိုင်ဘူး။ ကလေးကိုလည်း မြာပွေတဲ့ လူတစ်ယောက်ရဲ့သမီးအဖြစ် မခံဘူး။ ရွံတယ်။ မုန်းတယ်။

ဒေါသသံနှင့် ပြောလိုက်၍ အကြီးက ကြောင်၍ ကြောက်သွားဟန်ဖြင့် နောက်ဆုတ်သွားသည်။ အကြီး ဘာမှမပြောရဲတော့ပေ။  တရှုပ်ရှုပ်သာ   ငိုနေ၏။

သူသည် နော်သဲဆူးအား အလွန်တွယ်တာသူဖြစ်သည်။

မိမိကိုယ်မိမိ သပ်ရပ်အောင်ပြင်ဆင်ပြီး  ကလေးအားနှိုး၍ အဝတ်သစ်ဝတ်ပေးနေစဉ် အကြီးကဝေခွဲမရဟန်နှင့် အနားလာပြီး ''လင်မရှိတဲ့မိန်းမ မတင့်တယ်တာထက် ဖခင်မရှိတဲ့ကလေး အားငယ်နေလိမ့်မယ် သမီးရယ်။ ကလေးကိုငဲ့ပါ။ သမီးသဘောကျဖြစ်စေရပါ့မယ်။ ကလေးလူတစ်လုံး သူတစ်လုံးဖြစ်ဖို့အတွက် စဉ်းစားပါဦး သမီးရယ်''

အကြီးစကားကို လုံးဝနားမထောင်တော့ပေ။ ကလေးအား အလှဆုံးဖြစ်အောင် ပြင်ပေး၍-

''ကလေးနဲ့မိုးနဲ့ လျှောက်လည်မယ်နော်ကလေး။ မုန့်တွေလည်း စားမယ်နော်''

''ဘွားဘွားလေးက ဘာလို့ငိုတာလဲ''

''ဗိုက်နာလို့တဲ့။ ကဲ ဘွားဘွားလေးကို ကန်တော့ရအောင်။ မိုးတို့ ခရီးထွက်မယ်နော်'' ကလေးအား ချော့နေစဉ် အကြီးက တရှုပ်ရှုပ်ငိုနေ၏။ ထို့နောက် သူ့လည်ပင်းက ဆွဲကြိုးကြီးကို ချွတ်၍ ကလေးကို ဆွဲပေးလိုက်သည်။

''မယူဘူး အကြီး၊ ရင်မွှေးဘာမှ မလိုချင်ဘူး။ ရင်မွှေးတို့ကို မနှောင့်ယှက်ရင် ပြီးရော''

ခါးခါးသီးသီးငြင်း၍ ပြန်ချွတ်ပေးမည်အပြု-

''အကြီးကို ဒါတော့ ခွင့်ပြုပါကွယ်။ အကြီး မနှောင့်ယှက်ပါဘူး။ အကြီးတူ လူမိုက်ကြီးအတွက် မခွဲနိုင်လို့သာ နေခဲ့ရတာ။ ငါ့မြေးကို ငါသိပ်ချစ်ပါတယ်။ အကြီးကိုတော့ ပစ်မထားပါနဲ့ သမီးရယ်။ မကြာမကြာ လာတွေ့ပါရစေ''

''အစ်ကိုစိုးနဲ့ ပေါင်းဖို့စကား၊ ကလေးကို ပေးဖို့စကား မပြောဘူးဆိုရင် အချိန်မရွေးလာပါ အကြီး။ အေးအေးမြင့်အိမ်မှာ ရှိပါတယ်။ အစ်ကိုစိုးတော့ မလာစေနဲ့။

လာရင်အသိပဲ။ နောက်မှ ကွာရှင်းစာချုပ် ပို့လိုက်မယ်။

ပြတ်ပြတ်သားသားပြောပြီး ကလေးလက်ကိုဆွဲကာ ထွက်လာခဲ့၏။

လှောင်ချိုင့်မှ လွတ်သွားသည့်နှယ် ရင်ထဲမှာပေါ့ပါးသွား၏။ ထိုစဉ်က မိမိသည် ဘာမျှအလေးအနက် မစဉ်းစားဘဲ ကလေးနှင့်အတူ မန္တလေး၊ ပုဂံ၊ စစ်ကိုင်း စသော ဘုရားများလည်ဖူးရင်း လွတ်လပ်စွာ ပျော်ရွှင်မိသည်။ ခရီးမှ ပြန်လာသောအခါ အေးအေးမြင့်

နှင့် မိမိသည် တောင်ငူသို့ ပြောင်းမိန့်ကျကြောင်း သိလိုက်ရ၍ အထူးပျော်ရွှင်မိ၏။

ထို့ကြောင့် အစ်ကိုစိုးနှင့် ဝေးရာသို့ သတင်းမပေးဘဲ ပြောင်းရွှေ့လိုက်သည်။ သို့သော် မိမိသည် မုဆိုးမ အမည်ခံ အပျိုစင်ပင်ဖြစ်နေရ၏။ ထို့အတွက် ဝမ်းမနည်းမိ။ အစ်ကိုစိုးအား လက်ထပ်လိုက်ရ၍ အစ်ကိုစိုး၏ လွှမ်းမိုးမှုလွတ်ရန် အကြောင်းဖန်လာသည်ကိုပင် ကျေနပ်နေမိသည်။

အစ်ကိုစိုးနှင့် အဆက်အသွယ်ဖြတ်ရုံမက နန္ဒမိတ်က ဆွေမျိုးအုပ်စုနှင့်ရော ဆရာနှင့်ပါ အဆက်ဖြတ်လိုက်သည်။ ကလေးအဖေသေပြီဟု ပြောထားလိုက်သည်။

x x x x x

အခန်း(၁၃)

''မိုး ကလေးပြောနေတာ မကြားဘူးလားဟင်''

ရုတ်တရက် လန့်သွားသည်။ ကလေးက နှုတ်ခမ်းလေးချွန်ရင်း-

''မိုးက ဘာတွေ စိတ်ကူးနေလဲ မသိဘူး။ ကလေးမေးနေတာ နှစ်ခါရှိပြီ။ ကလေးဖေဖေဓာတ်ပုံ ရှိလားလို့''

''ဘာလုပ်မလို့လဲ ကလေးရယ်''

''မမြင်ဖူးလို့ မြင်ဖူးချင်တာပဲ။ သူများတွေမှာ သူတို့ အဖေအမေ မင်္ဂလာဆောင်တဲ့ ပုံတွေပြတယ်။ ကလေးတို့ အတန်းထဲက အေးသီတာမှာ အဖေမရှိတော့ပေမယ့် ဓာတ်ပုံရှိသေးတယ်''

ရင်ထဲနင့်သွားသည်။ အစ်မနှင့် အစ်ကိုစိုး မင်္ဂလာဆောင်စဉ်က ဓာတ်ပုံများကို ကလေးမမြင်အောင် ဝှက်ထားမိသည်မှာ ကံကောင်းလွန်းသည်။ ကလေးသည် သူ့ဖခင်ဓာတ်ပုံကို တစာစာ တောင်းဖူးသည်။ အစ်ကိုစိုး တစ်ယောက်တည်းပုံ မရှိပါ။ အစ်မနှင့် တွဲလျက်ပုံများသာရှိသည်။               

 ဆက်လက်ဖော်ပြပါမည်။

Read 47 times
Rate this item
(0 votes)
Last modified on Saturday, 28 March 2020 12:46
ကေတု

Latest from ကေတု