SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Thursday, 02 April 2020 10:53 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

အခုတလော ကလေးသည် ကျောင်းမှာစာကျက်ပြီး ကျောင်းမှာအနေများ၏။ တစ်ခါတစ်ရံ အဆောင်ရှိ သူငယ်ချင်းများနှင့်အတူတူ ညဥ့်အိပ်ညဥ့်နေ စာကျက်တတ်သည်။

ယခင်ကကဲ့သို့ ရင်မွှေးအား ပွတ်သီးပွတ်သပ်နှင့် ချွဲနွဲ့၍မနေတော့ပေ။ ခပ်စိမ်းစိမ်းနှင့် ရှောင်နေတတ်သည်။ ဤသည်ကို သူတို့နှစ်ဦးစလုံး သတိထားသော်လည်း တစ်ဦးနှင့်တစ်ဦး ဟန်ဆောင်၍ ညာနေမိသည်။

ရင်မွှေးသည် ဆရာ့အား မပြောရက်သကဲ့သို့ ဆရာသည်လည်း ရင်မွှေးအား ဖွင့်မပြောရက်ပေ။

ကလေး၏ အမူအကျင့်ကို သတိထားမိသောအခါ သူတို့နှစ်ဦး၏ ပျော်ရွှင်ကြည်နူးမှုများကို တုံ့ခနဲဆွဲလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

ဆရာသည် နော်သဲဆူးအား တတ်နိုင်သမျှ ရင်းနှီးအောင် စွမ်းဆောင်ကြိုးစားသော်လည်း နော်သဲဆူးထံမှ ဟန်ဆောင် တုံ့ပြန်မှုပင်မရခဲ့ပေ။

နော်ရင်မွှေးသည် အနေရကျပ်လှသည်။ အစဉ်အမြဲ ကလေးအပေါ်မှာ လွှမ်းမိုးပြီး မိမိပြောသမျှကို လိုက်နာတတ်သော ကလေးကို   ဆရာနှင့် ပတ်သက်၍တော့ မပြောရဲပေ။ ရင်မွှေး၏ စိတ်ထဲမလုံမလဲဖြစ်မိသည်။

အလိုလိုပြန်ရှိန်နေရ၏။

''ကလေးက ဒီလိုပဲ ဆရာ။ ဒေါက်တာဟန်ကြည် ကိုလည်း အစက ရန်လုပ်ပြီး နောက်ပိုင်းမှ ရင်းနှီးသွားတာ။   အခု သူ့စာတွေ ပိနေလို့ထင်တယ်။ ခုလည်း ညဥ့်နက်မှအိပ်တယ်''

မိမိ၏ ဝေ့လည်လည်အပြောကို ဆရာကပြုံး၍သာ နားထောင်နေသည်။ ဆရာ့အပြုံးသည် တွေ့စကကဲ့သို့ မတောက်ပတော့ဘဲ အားအင် လျော့နည်းနေသည်ကို တွေ့ရ၏။

''တစ်ခါတလေ ကလေးမှာ အားကိုးချင်စိတ်ကလေးတွေ ရှိတယ်ဆရာရဲ့။ ရင်မွှေးကို သိပ်ချစ်တော့ ရင်မွှေး ပင်ပန်းတာကို မကြည့်ရက်ဘူးလေ။ အမိုးကို အေးအေးချမ်းချမ်း ထားနိုင်တဲ့ ယောက်ျားနဲ့တွေ့ရင် ယူလိုက်လို့ တိုက်တွန်းပါတယ် ဆရာရဲ့''

မခိုင်လုံသော အကြောင်းပြချက်လေးများနှင့် ဖြေသိမ့်ပေးနေသည်။ ဆင်သေကို ဆိတ်သားရေနှင့် ဖုံးရန်ကြိုးစားနေသော ရင်မွှေးကို ဆရာသည် ရင်နင့်စွာ ငေးကြည့်ရင်းက ပင့်သက်လေး ချလိုက်သည်။

နော်သဲဆူးသည် ဆရာလာသည့်အခါတွင် ဒေါက်တာကြည်ဟန်ထံမှ ပေးပို့သော  နားကြပ်နှင့် ဆေးစာအုပ်များကို ဂုဏ်ယူဝင့်ကြွားစွာ ပြတတ်သည်။ ဒေါက်တာဟန်ကြည် ဓာတ်ပုံကိုလည်း သူ့စာကြည့်စားပွဲတွင် မှန်ပေါင်သွင်း၍ ပေါ်ပေါ်ထင်ထင်ပင် ထောင်ထားလိုက်သေးသည်။

ကျောင်းဖွင့်ရက်များတွင် ဆရာပြန်ရပေဦးမည်။

ထိုနေ့ရက်ကို မြန်မြန်ရောက်ပါစေဟု နော်သဲဆူးက ကျောင်းနေသော ကလေးများကို  ပြောင်သလိုလိုနှင့် စောင်းပြောခဲ့သည်ကိုလည်း ရင်မွှေးရော ဆရာပါကြားခဲ့သည်။

''ကလေးက ဒေါက်တာဟန်ကြည်ကို သဘောကျနေတယ် ထင်တယ်။ အင်းလေ...သူကဆရာဝန်ကို။ အဖေခေါ်ရမှာ ဘယ်ဝန်လေးမလဲ''

''ကလေးကို ဒီလိုမပြောပါနဲ့ ရင်မွှေးရယ်။ ကလေးကြားသွားရင် စိတ်မကောင်းဖြစ်နေဦးမယ်။ ဆရာ့ကုသိုလ်နဲ့ ဆရာ ရှိပါစေတော့ကွယ်။ ဒီတစ်ခါလည်း ဆရာတို့ ဝေးကြရဦးမှာပါပဲ''

''အို...ဆရာရယ်''

ခွဲခွာမှုစကားကိုကြားရလျှင် အသည်းဆတ်ဆတ်ခါ နာကျင်သွားမိသည်။ ဆရာ့မျက်နှာသည် တွေ့စကထက် ပို၍အိုမင်းသွား၏။ ဆရာက နော်ရင်မွှေး၏ မျက်လုံးကို စူးစူးကြည့်ရင်းက-

''မင်းတို့ သားအမိနှစ်ယောက်ဟာ မျက်လုံးချင်း သိပ်တူတာပဲကွယ်။ ဒါပေမဲ့ ဆရာ့အပေါ်မှာ ကြည့်ပုံချင်း မတူတာကို ဆရာသိရပါတယ်။ နော်သဲဆူးဟာ ဆရာ့ကို မလိုလားမှန်း သိပါတယ်''

တဖြည်းဖြည်းတော့ နားလည်သွားမှာပါ ဆရာရယ်''

ဆရာ့အား ဖြေသိမ့်လိုက်သည်။ ထိုအခါ ဆရာက မဲ့ပြုံးလေးပြုံးလိုက်ရင်း   ဦးခေါင်းကို  ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။

''သမီးငယ်ငယ်တုန်းက ဆရာ့ရင်ကို ခြေနဲ့ကန်ပြီး ဆော့နေတာ ရင်မွှေးက ဟန့်တားခဲ့တယ်နော်။ ဆရာက ခွင့်လွှတ်ပြီး   မသိနားမလည်တဲ့ ကလေးအတွက် အပြစ်မယူဘဲ   ရင်ကိုဖွင့်ပေးခဲ့တယ်။ ခုလည်း ဆရာ့ရင်ကို ခြေနဲ့စုံ ကန်တဲ့ သမီးလေးကို ခွင့်လွှတ်လိုက်ပါ ရင်မွှေးရယ်။ သူ့အသိမှာ အတ္တအချစ်ပဲ ဖုံးနေတော့ သူဘာသိမှာလဲ ရင်မွှေးရယ်''

ဆက်လက်ဖော်ပြပါမည်။

Read 38 times
Rate this item
(0 votes)
Last modified on Thursday, 02 April 2020 10:54