SJ WorldNews - шаблон joomla Авто

မြစ်တို့၏သဘော

Monday, 22 June 2020 12:29 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

အားလျော့သွားသည့်ခဏ။ စာကိုလည်း စိတ်မဝင်စားတော့ပေ။

ဒယ်ဒီ ဘယ်မှာများနေမလဲ။ သူစားတော့ ဟိုတယ်မှာ စားမှာပဲ။ အိပ်တော့ ဘယ်သူ့ဆီမှာ အိပ်မလဲ။ အလုပ် တိုက်ကို ဖုန်းဆက်ပြီးမေးရင် ကောင်းမယ်

သည်လိုတွေးကာ တယ်လီဖုန်းထားရာသို့ စွေကြည့်တော့ ပန်းက တယ်လီဖုန်းနားမှာထိုင်ပြီး သတင်းစာ ဖတ်နေ၏။ စာအုပ်နှင့်မျက်နှာအပ်ပေမယ့် ကျော်ကျော့် မျက်လုံးများက ဖုန်းဆီ တိတ်တိတ်ရောက်နေသည်။ ပန်းကို မေမေခေါ်စေချင်၏။ ပြေးပြီး ဖုန်းဆက်လိုက်၍ ဖေဖေနှင့်တွေ့ရလျှင် သိပ်ကောင်းမှာပဲ။ တိတ်တိတ် တွေးရတာကိုက ဘယ်လောက်ပျော်စရာကောင်းသနည်း။

ကျော်ကျော် ထမင်းစားရအောင်ဒေါ်ကြည်ညွန့်က လာခေါ်၏။

မစားချင်ဘူး

အဖြေကို ပန်း ကြား၏။

မမကို ဘယ်လိုကတိပေးထားသလဲ ကျော်ကျော်။ ကတိဖျက်တာကို မမမကြိုက်ဘူးသိလား။ ကတိမတည်တာ လူလိမ်

မမကရော ကတိတည်မှာလား နို့

တည်မယ်။ ဘယ်တုံးက မမ ကျော်ကျော်ကိုလိမ်ဖူးလဲ

ကျော်ကျော် မပြောသာ။ ပြောစရာမရှိ။ ရှိစေဦး။ ကျော်ကျော်မမှတ်မိ။ ထမင်းစားခန်းထဲသို့ လိုက်လာရသည်။

ထမင်းပွဲမှာ စုံလင်၏။ ကျော်ကျော်ကြိုက်နှစ်သက်မြဲ သရက်သီးဝက်သားဌာပနာ။ ဂေါ်ဖီပေါင်း၊ ပုစွန်ဟင်းချို၊ ငံပြာရည်ကြော်။

သို့သော် ဒါတွေကို ယခင်က ကြိုက်ခဲ့သည်ဖြစ်၍ ဖေဖေမရှိသော ဤအိမ်ထဲက ထမင်းပွဲတွင် ဒါတွေ ယခု မကောင်းတော့ပြီ။ ကျော်ကျော်အရသာမတွေ့။ ခံတွင်းမမြိန်။

ပန်းထံမှ ကတိတစ်ခု၊ ပန်းသို့ ကတိတစ်ခု စသည်များရှိနေသည့်အတွက်သာ ဟန်လုပ်လို့ စားရပေမယ့် သင်းနေ ကျ၊ ချိုနေကျ ပုစွန်ဟင်းချိုက မချိုသည်မှာ ထင်ရှား၏။ ငံပြာရည်ကြော်က စပ်လည်းမစပ် ငန်လည်း မငန်။ ဘယ့်နှယ်ပါလိမ့်။ ဝက်သားဌာပနာ ဂေါ်ဖီပေါင်းက အီတောက်တောက်။ မချစ်စုသရက်သီးက အနံ့မသင်း။

သို့နှင့် ကျော်ကျော်က ထမင်းကို ဟန်ဆောင်စားပြီး ထလာသည်။ မခင်ရီနှင့် ပန်းက ကျော်ကျော် ထမင်းစား သည့်အတွက် ကျေနပ်ကြ၏။ ပန်းသည် ကျော်ကျော်အား ကျောင်းသို့ လိုက်ပို့သည်။ ကျော်ကျော် ခါတိုင်း ပါးစပ်ခြေလက်မနား လှုပ်ရှား ဆော့ကစား တဟားဟားရယ်မော နောက်ပြောင်ကြရင်း ကျောင်းတက်ချိန် ရောက်မှန်းမသိ ရောက်ခဲ့သော ကျောင်းမှာ မျက်စိနောက်စရာ နားငြီးစရာကောင်းနေပြီ။

ကျောင်းတက်ပြီ။

ကျောင်းစာ၌ ကျော်ကျော် စိတ်မဝင်စား။ ဆရာပို့ချတာက ဘာပါလိမ့်။ ဆရာမ မျက်ခုံးမွေးက ရှည်လွန်းသည်။ ဘော်လီအင်္ကျီအောက် လျှောကျနေသည်။ မြန်မာရုပ်ရှင်မင်းသမီး ဘယ်သူနှင့်မှန်းမသိ သိပ်တူသည်။ ဒယ်ဒီက ဒါမျိုးမကောင်းလို့ ပြောဖူးသည်။

ဒယ်ဒီဘယ်မှာ နေတယ်မသိ။ အလုပ်တိုက်ကို ဖုန်းဆက်လျှင် ဒယ်ဒီနှင့်တွေ့မည်ထင်သည်။ မုန့်စားဆင်းချိန်။ ကျော်ကျော် ကျောင်းမှ လစ်ခဲ့၏။ ဖေဖေ့ကို ရှာဖွေရန်တည်း။ ဖေဖေ့ကို တစ်လမ်းဝင် တစ်လမ်းထွက် ရှာဖွေ ၍ကားတွေ့မည်မဟုတ်။ ပျောက်သောသူကို လမ်းပေါ်လျှောက်၍ ရှာတိုင်းမရ။

ဖေဖေ့ရင်းနှီးသော မိတ်ဆွေတွေက ဘယ်သူပါလိမ့်။ ဝင်းဝင်းဂါးရိတ်ချ်မှ ဦးထောင်ဘွား။ ဆူးလေဘုရား လမ်း လောင်ဒရီမှ ဦးဘသော်။ ဘလူးစတားရုပ်ရှင်မှ မင်းသား တင့်ဦးလွင်။ ကျော်ကျော် ဒါပဲမှတ်မိသည်။ အချို့ကို ခဏတစ်ဖြုတ်၊ အချို့ကို မကြာခဏ ကျော်ကျော်တွေ့ဖူးမြင်ဖူးစကားပြောဖူး၏။ အများတော့ အများကြီးပဲ။ အခု မှတ်မိတာက ဒါပဲရှိတယ်။

ကျော်ကျော်က ဝင်းဝင်းဂါးရိတ်ချ်ရုံးခန်းသို့ စွတ်စွတ်ရွတ်ရွတ်ဝင်သွား၏။ မန်နေဂျာ ဦးထောင်ဘွားက စိန့်သံပါပါဖြင့် ဟေ့ဟု အံ့သြဟန် အော်လေကာ ဖော်ရွေခင်မင်စွာ ချက်ချင်း ပြုံးပြီး မင့် ပါပါကော ကျော်ကျော်မပီတပီ မေးလေ၏။

ဒယ်ဒီရှိမယ်ထင်လို့ လာတာ အန်ကယ်

လာကွာ။ ထိုင်ဟေ့။ ဘာသောက်မလဲ

ကျွန်တော် မသောက်ချင်ပါဘူး အန်ကယ်။ ဒယ်ဒီ မလာရင် ဘယ်မှာများရှိတယ်ဆိုတာ သိပါရစေ ခင်ဗျာ

ဘာလဲ မင်း ကျောင်းပြေးလာတာလား

ဟုတ်ပါတယ် အန်ကယ်။ ဒယ်ဒီ့ကို တွေ့ချင်လို့ နေ့တစ်ဝက်လစ်လာတာပါ

ကျောင်းပြေး ပြေးတယ်။ လစ် လစ်တယ်၊ ဝန်ခံတတ်သော၊ မလိမ်တတ်သော ကျော်ကျော်၏ ရိုးသားခြင်း ကိုတော့ ဦးထောင်ဘွား သဘောကျသည်။

ဆက်လက်ဖော်ပြပါမည်။

ဆင်ဖြူကျွန်းအောင်သိန်း

Read 25 times
Rate this item
(0 votes)
Last modified on Monday, 22 June 2020 12:30