SJ WorldNews - шаблон joomla Авто

မြစ်တို့၏သဘော

Wednesday, 24 June 2020 11:53 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

မင်းသားတင့်ဦးလွင်က ကျော်ကျော်အား သံပရာဖျော်ရည်၊ ဝေဖာတို့ဖြင့် ဧည့်ခံကျွေးမွေးပေ၏။

''ဒယ်ဒီတည်းတာ ဘယ်ဟိုတယ်မှာလဲ အန်ကယ်''

''စံရိပ်ငြိမ် ဟိုတယ်ပါကွာ။ ပန်းဆိုးတန်း အထက်လမ်းမှာ။ ဒါပေမဲ့ ဒီလိုရှိတယ် ကျော်ကျော်ရဲ့။ ဒီဟိုတယ်က သပ်သပ်ရပ်ရပ်မဟုတ်ဘူး။ ဈေးပေါတယ်။ဒါကြောင့် မင်းတို့ကလေးတွေ မသွားသင့်ဘူးကွာ''

''ကျွန်တော် ဟိုတယ်သွားတာ   မဟုတ်ပါဘူး အန်ကယ်။ ဒယ်ဒီ့ကို သွားတွေ့တာပဲ''

တင့်ဦးလွင်က ခေါင်းညိတ် ရယ်မော၏။

''ဟုတ်ပါတယ်။ ဒါပေမဲ့  မသွားချင်ပါနဲ့ကွယ်။

မင်းတို့သားအဖကို အန်ကယ်ချိန်းပြီး တစ်နေ့နေ့မှာ တွေ့ပေးပါ့မယ်''

''ကနေ့တွေ့ပါရစေ အန်ကယ်ရယ်။ ကျွန်တော် ညတုန်းက တစ်ညလုံး အိပ်မပျော်ပါဘူးခင်ဗျာ။ ထမင်းလည်း မစားချင်ဘူး''

''ခက်တယ်ကွာ။ ဟိုတယ်က ရှုပ်က ရှုပ်ပါဘိနဲ့ တရုတ်ဟိုတယ်ကွ။ အင်္ဂလိပ်ဟိုတယ်မျိုး မဟုတ်ဘူး။အပြောရကျပ်ပါဘိ''

''တွေ့ပါရစေ အန်ကယ်ရယ်။ ဒယ်ဒီ့ကို မြင်ရရင်တော်ပါပြီ''

''ကိုင်းတွေ့ရမယ် တွေ့ရမယ်။ ငါကိုယ်တိုင်ပို့ပေးမယ် ကျေနပ်ပြီလား ကိုင်း''

''ကျေးဇူးတင်ပါတယ် အန်ကယ်''

''တင်မနေပါနဲ့ဗျာ''

''ဒါဖြင့် သွားကြစို့''

''အာဟေ့ ချာတိတ်ရ၊ မင့်ဟာက လောလှချည်လားကွ။ မင့်အဖေ မိန်းမနောက် လိုက်မပြေးပါဘူး။သောက်စမ်းပါဦး။ ငါးနာရီထိုးဖို့ အစောကြီးရှိပါသေးတယ်''

တင့်ဦးလွင်က သူ့ဝသီအတိုင်း ရယ်စရာမောစရာပြောပါလျက် ကျော်ကျော်က မျက်နှာငယ်ကလေးနှင့်။

''ဒယ်ဒီက အင်မတန်အလုပ်များပါတယ် ခင်ဗျာ။ အခုရောက်လာပေမယ့် ချက်ချင်း ပြန်ထွက်သွားတတ်ပါတယ်။ ဒါကြောင့် တင်ကြိုသွားပြီး စောင့်နေပါရစေ''

''ကောင်းပါပြီဗျား ကောင်းပါပြီ၊ ကြွဗျား၊ ကြွ။ ကိုသန်းနိုင်သားကတော့ စကားပြောရာမှာ အမှည့်ပဲ''

မင်းသားတင့်ဦးလွင်က ကျော်ကျော်အား စံရိပ်ငြိမ်တရုတ်ဟိုတယ်သို့ လိုက်ပို့ကာ မန်နေဂျာထံအပ်ခဲ့၍ ကိစ္စရှိသည်ဆိုကာ ပြန်သွား၏။

မိမိလာခဲ့သည်မှာ မှားလေပြီလားဟု  မန်နေဂျာ ခန်းကြီးထဲ ဝင်မိလျှင် ကျော်ကျော်တွေးသည်။

ကျော်ကျော်က မန်နေဂျာစားပွဲနှင့် ကောင်တာကြား ကုလားထိုင်တစ်လုံးတွင် ထိုင်၏။

အခန်းကြီးက ကျယ်သည်။ ကန့်ထားသော၊ ခြားထားသော၊ ကာထားသော ဟိုဘက်ခန်းများမှ တဟီးဟီးတဟားဟား မြူးသည်။ မိန်းမသံလည်း ပါ၏။ အရက်နံ့က မုန်းစရာ။

ပုလင်းဖောက်သံ၊ အတင်လာပါ၊ အဝင်းလာပါ၊ စားပွဲပုတ်သံ၊ အတင်နံပါတ်ဝမ်းခေါ်၊ အဝင်းနံပါတ်ဖိုးခေါ်ဆိုသော အသံ ပုရွက်ဆိတ်ကြောင်းတို့ လိမ်ယှက်နေ၏။

အငွေ့တထောင်းထောင်း ရနံ့တသင်းသင်းစားစရာများကို ယူသွင်းသွားသော မိန်းမများ၊ ပုလင်းပန်းကန်သယ်ထုတ်သွားသော မိန်းမများ၊ ကောင်တာသို့ ငွေလာအပ်သော မိန်းများတို့သည် ကောင်တာနှင့် မန်နေဂျာစားပွဲကြားတွင် မျက်လုံးကလေး ဟိုလှည့်သည်လှည့်နှင့် ငယ်ရွယ်ကွေးလွေးသည့် ကျော်ကျော်ကို ကြည့်သွားကြ၏။

သူတို့မျက်နှာတွေက မေမေ့မျက်နှာတွင် တွေ့မြဲသိက္ခာတရားကင်းကွာသည်ထင်၍ မမတွင်ရှိမြဲ ဣန္ဒြေမျိုး သူတို့တွင် မတွေ့ဟု ကျော်ကျော်မှတ်သည်။

မျက်လုံးတွေက ပြူး၏။ ပြောင်၏။ ကြောင်၏။

စီ၏။ ရယ်၏။ မှိုင်း၏။

နှုတ်ခမ်းတွေက အညိုပူ၊ အညိုရင့်၊ အနီ၊ အနီပြေပြေ၊ အနီရင့်၊ ဝါကြင်ကြင်၊ ပြဲပြဲလန်လန်၊ ပွင့်ပွင့်လန်လန်၊ စူတူတူ၊ ထော်တော်တော်၊ သွယ်သွယ်ရှည်ရှည်၊ ဟတတ၊ စုတုတု၊ စူသလိုလို၊ ပြာသလိုလို၊ ချပ်သလိုလို ဘယ့်နှယ့်အရောင်နှင့် ပုံတွေမှန်းမသိ။

ဆံပင်တွေကြည့်ဦး။

စာဘူးတောင်း၊ ကျီးကန်းသိုက်၊ ကြွက်အုံ၊ ပျားဆွဲ၊ ဆိတ်ချေးတုံး၊ မြင်းချေးပုံ၊ လုံးတုံးတုံးတချို့၊ ပြားတားတားတစ်သွယ်၊ ချပ်တပ်တပ်တစ်မျိုး၊သီချင်းအော်ဆိုကြ၏။

မိန်းမတွေက တဟီဟီရယ်၏။

ဟိုတယ်မယ်ဆိုတာ ဒါတွေပါကလားဟု ကျော်ကျော်ဦးစွာသိရ၏။

ပိန်ပိန်မည်းမည်းဆိုလျှင် ဆေးဖော်ကြောဖက်လုပ်မည့် သူပင်မရှိပေမယ့် ရုပ်ကလေးရှိမူ စားသာကာရုပ်မလှစေဦး။ အသားကလေးဝါတာတာ ရွှေတေတေဖြူတူတူရှိလျှင် ဝိုင်းဝိုင်းလည်နေပြီး ရုပ်ရော၊ အသားရော၊ ဖောင်တောင့်တရော။ ငယ်တာရော၊ ကြန်အင်စုံပါမှ တရုတ်ကရော ဖောက်သည်ကပါ တန်ဖိုးထားသည့် ဟိုတယ်မယ်ဘဝကို ကျော်ကျော် မသိသော်ငြားအနီးရောက်လာကာမျှ ဟီးဟီးဟားဟား ရယ်သွားကာမျှ စွေကာစောင်းကာ တည့်ကာမတ်ကာ ကြည့်သွားကာမျှဖြင့် ကျော်ကျော် စိတ်ကုန်သည်။ ထွက်ပြေးချင်သည်။ ဦးတင့်ဦးလွင် ပြောတာ မှန်တယ်ဟု နောင်တရသည်။

 

ဆက်လက်ဖော်ပြပါမည်။        

 

Read 12 times
Rate this item
(0 votes)
Last modified on Wednesday, 24 June 2020 11:55

Latest from ေကတု