SJ WorldNews - шаблон joomla Авто

မြစ်တို့၏သဘော

Thursday, 25 June 2020 08:47 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

အောက်မှလာသော လှေကားမှာတစ်ခုတည်းရှိ၏။

ကောင်တာခန်းထဲ ဦးတိုက်သည်။

အပေါ်သို့တက်သော     လှေကားလေးခုသည် ကောင်တာခန်းမှတက်ရသည်ချည်း။

သို့ဆိုလျှင် ကိုသန်းနိုင်နှင့် ကျော်ကျော် လွဲနိုင်စရာမရှိ။

ကျော်ကျော်မှာ အဝင်လှေကားကိုသာ ခေါင်းတငဲ့ငဲ့ကြည့်နေ၏။

 ကိုသန်းနိုင်၏မျက်နှာမပေါ်မီ ခေါင်းထိပ်ကိုမြင်ကာမျှဖြင့် ''ဒယ်ဒီ''ဟုအော်၍ ကျော်ကျော်ထရပ်သည်။

ကိုသန်းနိုင် ဝမ်းသာပါ၏။

မမျှော်လင့်သောနေရာတွင် တွေ့ရ၍လည်း အံ့အားသင့်ပါ၏။

နောက်ပြီး ကိုသန်းနိုင် မျက်နှာပျက်သွားသည်။

လက်ရှိ လူ့အလွှာဝယ်ရှုတ်ချခြင်း၊ ဖိနှိပ်ခြင်းခံရပြီး သူတို့ကိုယ်တိုင်ကလည်း ရိုးသားချင်လျက်နှင့် မရိုးသားရ။ မပျက်ချင်ဘဲ ပျက်ရ။ မရိုးသားချင်၍ ဆန်းပြား။

ပျက်ချင်ချင်နှင့်ပျက်ရသောဟိုတယ်မယ်နှင့် ဟိုတယ်မယ်ကို မဏ္ဍိုင်ထားကာ အစားအသောက်ကောင်းကောင်း၊ မကောင်းကောင်း မိန်းမဆိုတာကိုဆွဲရပွေ့ရ ကိုင်တွယ်ပွတ်သပ်ရတာ စည်းစိမ်ထင်ပြီး လာရောက်သောက်စားသူတို့ ပရမ်းပတာစခန်းသွားရာ ဌာနမျိုးကိုမှ အပြစ်ဟူ၍မြူမရှိ၍ အနာအဆာကင်းသော စိတ်ကူးတိမ်စေလွှာကို လွင့်ချင်ရာလွင့်စ လူဖြစ်ခါစအရွယ်ကလေး။

ပြီးတော့ ကိုယ့်သားကလေးရောက်နေတာကို ကိုသန်းနိုင်နည်းနည်းမျှ သဘောမကျ၍ မင်းဘာဖြစ်လို့ လာရတာလဲ အခုထွက်သွားဟု မိုင်းဗုံးကွဲသံမျိုးဖြင့် အော်ဟစ်လိုက်ချင်ပါလျက်နှင့်  ဝမ်းသာအယ်လဲ အပြစ်ကင်းစွာ ပြေးကပ်လာသော မျက်နှာကလေးကို ကြည်နူးသည်နှင့် ဒေါသသံပတ်ခဏလျှော့ကာ  လျော့ရဲရဲတစ်ချက်ပြုံးပြပြီး ''သား ဘာဖြစ်လို့ လိုက်လာရသလဲ လူကလေးရယ်''ဟု ဝမ်းနည်းဝမ်းသာ မေး၏။

သားအဖ။ စံရိပ်ငြိမ်ဟိုတယ်၌ တွေ့ချိန်သည် ကျော်ကျော် ကျောင်းဆင်းပြီး အိမ်ရောက်၍ ကစားနေရမည့် အချိန်ဖြစ်လေသည်။

ကျော်ကျော်  အိမ်သို့ကျောင်းဆင်းချိန်တန်၍ မရောက်။

ပန်းရုံးမှပြန်ရောက်ပြီ။ ကျော်ကျော် မရောက်သေး။

''သား။ မရောက်လာသေးဘူး သမီး''

''ဟုတ်လား မေမေ။  ကျောင်းကို ဖုန်းဆက်မေးပါလား''

ပန်းက အဝတ်လဲရန် အခန်းထဲပြေးဝင်သွားစဉ် မခင်ရီက  ကျော်ကျော်၏ကျောင်းသို့   လှမ်းစုံစမ်းသည်။

ကျောင်းအုပ်၏အဖြေမှာ ကျေနပ်စရာမရှိ။ ကျောင်းဝင်းထဲတွင်သော် လည်းကောင်း၊ ကျောင်းအဆောက်အအုံထဲတွင်သော် လည်းကောင်း ကျောင်းသား တစ်ယောက်မျှ မတွေ့တော့ဟူ၏။

''ကြေးစားတွေ။ ကြေးစားစကားပြောမယ်။ ဆရာ စကားမပြောဘူး''

မခင်ရီမှာ သားကြောင့် ပူပန်ရသည်တစ်မှောင့်။

တာဝန်မဲ့အဖြေကြောင့် ဒေါသဖြစ်ရသည်က  တစ်မှောင့်။

''ဘာတဲ့လဲ မေမေ''

''ကျောင်းမှာ မရှိဘူးတဲ့''

''အဖော်ကောင်းလို့ သူငယ်ချင်း တစ်ယောက်ယောက် အိမ်လိုက်သွားတယ် ထင်ပါရဲ့''

''မဖြစ်နိုင်ပါဘူး သမီးရယ်။ သားဟာ  အိမ်က ခွင့်ပြုမှသွားတာပဲ''

''မတော်တဆ''

''မတော်တဆမပြောစမ်းပါနဲ့ကွယ်။ တစ်စုံတစ်ခု ဖြစ်ရင် ကျောင်းသားတွေ လာပြောမှာပါ''

''ဂါတ်တိုင်မေမေ''

''ကောင်းတယ်။ အိုမဖြစ်သေးပါဘူးလေ။ အကျယ်ချဲ့နေမှာစိုးရတယ်''

မခင်ရီဟင်းချရလေ၏။ ခေါင်းထဲမှာ ထူပူနေတော့သည်။ ချင့်ဆနှိုင်းချိန်ရန်  ဉာဏ်အား မရှိသလောက် ဖြစ်နေ၏။

မခင်ရီသည် ခေါင်းအေးအောင်ကြိုးစားသည်။

စိတ်ဆိုတာအလေ့မရှိဘဲ ထိန်းနိုင်ခဲပါဘိ။

''ပီတာလား။ အေးကွယ် ကျော်ကျော့်မမပါ။ ကျောင်းဆင်းတော့ ကျော်ကျော်ဘယ်သူနဲ့ ပါသွားတာမြင်လိုက်သလဲ ကလေးရယ်''         

 

ဆက်လက်ဖော်ပြပါမည်။        

 

Read 12 times
Rate this item
(0 votes)
Last modified on Thursday, 25 June 2020 08:49

Latest from ေကတု