SJ WorldNews - шаблон joomla Авто

မြစ်တို့၏သဘော

Friday, 26 June 2020 08:59 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ပန်းက ကျောင်းသားတွေထံ လှမ်း၍စုံစမ်းသည်။

ဖုန်းချလိုက်ပြီး

''မုန့်စားကျောင်းဆင်းချိန်က လစ်သွားတယ်တဲ့မေမေ''

''ဟင်။  သားကျောင်းပြေးတတ်ပြီ။ အို မဟုတ်နိုင်ဘူး။  သားနဲ့သူနဲ့ရန်ဖြစ်ဖူးတယ်။   ဟယ်ရီတို့အိမ်ကို ဆက်စမ်း''

ပန်းသည် ဟယ်ရီတို့အိမ်သို့ဖုန်းဆက်၏။ ဟယ်ရီနှင့် တွေ့သည်။ ဟယ်ရီ၏အဖြေက ပီတာ၏အဖြေနှင့် မခြားနား။

မခင်ရီမကျေနပ်။ သားအကျင့်ပျက်တယ်ဆိုတာ လက်မခံနိုင်။

သို့ဖြစ်လျှင် ဘာကြောင့် ကျောင်းပြန်နောက်ကျရသနည်း။ မေးပါမူ မခင်ရီဖြေတတ်မည် မဟုတ်။ သို့သော် ကျောင်းသားနှစ်ယောက်က ကျော်ကျော် ကျောင်းပြေးသည်ပြော၏။

မခင်ရီအလိုကျ နောက်တစ်အိမ်သို့ ဆက်၍စုံစမ်းပြန်သောအခါ  ဟယ်ရီ၊  ပီတာတို့နှင့် တူညီနေသဖြင့် မခင်ရီလက်လျှော့ကာ လက်ခံ၏။

''သား။ သားဘယ်သွားပါလိမ့်။ အင်းလျားမှာ ရေနစ်သလား။ ဘူတာမှာ ရထားကြိတ်သလား။ သင်္ဘောဆိပ်မှာ လိမ့်ကျသလား''

''မေမေကလည်း  မဟုတ်တာတွေတွေးနေတာပဲ။ ဖေဖေ့ကို လိုက်ရှာတာ မဖြစ်နိုင်ဘူးလား''

ပန်းက ကိုသန်းနိုင်၏ မိတ်ရင်းဆွေရင်းအဖြစ် မိမိသိသောသူများထံသို့ ဖုန်းဖြင့်စုံစမ်းသည်။

မခင်ရီမှာ သောကလောင်းရိပ်အောက်ရောက်နေ၏။

ရုပ်ပျက်နေသောမျက်နှာ။  ရေမွန်းနေသောမျက်နှာ။

ရေခဲတိုက်ထဲက   ပိတ်ဖြူအုပ်ထားသောအလောင်း။

တစ်ခုပြီးတစ်ခုမြင်နေ၏။  ရင်တုန်တာလျော့သွားပြီး တလှပ်လှပ်ဖြစ်လာသည်။   ခေါင်းကလည်း မူးချင်သလိုလို။

''ကျွန်မပန်းပါရှင်။   ဖေဖေ့ကို  စုံစမ်းရင်းများ ကျော်ကျော်ရောက်လာသလားလို့။  ရှင်၊ ဟိုတယ်။

ဘယ်ဟိုတယ်လဲ။ ဟုတ်ကဲ့ကောင်းပါပြီရှင်။ ကျေးဇူးတင်ပါတယ်''

ပန်းနောက်ဆုံး ဆက်သွယ်မိသူမှာ မင်းသားတင့်ဦးလွင် ဖြစ်၍ သူ့ထံမှ အတိအကျ သတင်းရ၏။

''အထက်ပန်းဆိုးတန်းလမ်းက စံရိပ်ငြိမ်ဟိုတယ်မှာ ဖေဖေခဏတည်းပြီး အခန်းရှာနေတယ်တဲ့။ ကျော်ကျော် လာမေးလို့ လိပ်စာပြောလိုက်မိတယ်တဲ့။ ကျော်ကျော်

အဲဒီကို သွားတာပဲဖြစ်ရမယ်''

''ဟုတ်လိမ့်မယ်သမီး''

မခင်ရီသည် အသက်ကြီးလာကာမှ ဒါလောက် တစ်ကြိမ်မျှ  မလျင်မြန်ဖူးသော  ဖျတ်လတ်ခြင်းဖြင့် အဝတ်လဲသပ်ရပ်ကာ အိမ်ရှေ့သို့ ပြေးထွက်၏။

''မေမေ သမီးလည်းလိုက်မယ်''

ပန်းလည်း ပြေးလိုက်ပါလာသည်။

 'မဖြစ်ဘူးထင်တယ် သမီး။ ဟိုတယ်ဆိုတာ သမီးတို့လို မိန်းကလေးတွေ''

''မေမေ မတော်တဆလဲပြုနေမှာစိုးလို့''

''ကဲလေ လိုက်ချင်လည်းလိုက်ခဲ့ပါ''

မခင်ရီနှင့်ပန်းသည် လမ်းထိပ်သို့ ခြေကျင်လျှောက်ကြရ၏။ အမှတ်မဲ့ မျက်နှာချင်းဝေးဝေးက ဆိုင်မိသော မိန်းမအချို့သည် ကဲ့ရဲ့ချင်တာ မေးငေါ့တာကို သိသာလွန်းစွာပြသကြ၏။

 

ပန်းက မျက်နှာလွှဲကာ မေမေ့နောက်မှ ကပ်လိုက်သည်။ ဂျစ်တက္ကစီစောင့်၏။ မကြုံသဖြင့် ဘတ်စကားဖြင့်လာကြ၏။

ပန်းနှင့်မခင်ရီတို့ ဘတ်စကားပေါ်တက်ချိန်တွင် ကိုသန်းနိုင်သည် ကျော်ကျော်အား မိမိတည်းခိုနေရာ အခန်းသို့ ခေါ်ခဲ့ပြီးသော အချိန်ဖြစ်၏။

''သားကိုစိတ်မဆိုးပါနဲ့ဒယ်ဒီရယ်။ သားညက တစ်ညလုံး အိပ်လို့မပျော်ဘူး။ ဒယ်ဒီမရှိဘူး။ မလာတော့ဘူး ဆိုတာသိတာနဲ့ ထမင်းစားလို့လည်း မကောင်းတော့ဘူးဒယ်ဒီ။ ဒယ်ဒီမျက်နှာကို မြင်ချင်လွန်းလို့ သားလိုက်လာမိတာပါ ဒယ်ဒီရယ်''

''ဟုတ်ပါတယ်သား။ ဒယ်ဒီနားလည်ပါတယ်။ ဒါပေမဲ့ သားဥစ္စာက ကျောင်းဆင်းအောင်တောင် မစောင့်ဘဲ လစ်လာတာ ကောင်းသလား။ ဒယ်ဒီစိတ်ဆိုးတယ်။ သိပ်စိတ်ဆိုးတယ်''

''နောက်ကို   ကျောင်းမပြေးပါဘူး။   ဒယ်ဒီရယ် သားကတိပြုပါတယ်''

''စာဟာတစ်နေ့နောက်ကျသွားရင် ခုနစ်ရက်လောက် ကြိုးစားလိုက်ပြီးမှမီတာ သားရဲ့။ ကြည့်၊ မနက်ဖြန်ကစပြီး သားပင်ပန်းတော့မယ်။ အပင်ပန်းမခံနိုင်ရင်လည်း သူများနောက်ကနေရမယ်။ အပင်ပန်းခံလို့ ဖျားချင်ဖျားဦးမယ်။ ကဲကျောင်းပြေးတာ ဘာတစ်ချက်များ ကောင်းသလဲ။ ဒယ်ဒီ့မျက်နှာကို မမြင်ရတော့ရော သေသွားမှာလား။ မသေပါဘူးသားရယ်။ ဒယ်ဒီရဲ့ မျက်နှာကို မင်း ၁၃ နှစ်လုံးလုံး မြင်လာခဲ့ရတာပဲ ဘာမှမဆန်းဘူး။   ပြီးတော့   မကြာခင်ပြန်တွေ့ရမယ်လို့ မှာခဲ့လျက်နဲ့''

အခိုက်အတန့်ဝယ် ကိုသန်းနိုင်၏ မျက်နှာမှာ တင်းယောင်ပျော့ယောင် ချော့မော့ယောင်ရှိသလို ဒေါသရိပ်လည်း ဝင်ဝင်လာသည်။   

 

ဆက်လက်ဖော်ပြပါမည်။             

 

Read 12 times
Rate this item
(0 votes)
Last modified on Friday, 26 June 2020 09:02

Latest from ေကတု