SJ WorldNews - шаблон joomla Авто

မြစ်တို့၏သဘော

Saturday, 27 June 2020 09:32 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

သားမျက်နှာကိုမကြည့်ချင်။ မုန်းတီး၍ကားမဟုတ်။

မျက်နှာငယ်ငယ် တောင်းပန်သော အကြည့်ကလေးကို မမြင်ရက်သဖြင့်ဖြစ်၏။

''သား ကျောင်းမပျက်စေရပါဘူး ဒယ်ဒီရယ်''

''ကောင်းပြီ''

''ဒါပေမဲ့ သားသား မာမီတို့နဲ့နေရတာ စိတ်မကောင်းဘူး။ ဒယ်ဒီနဲ့ နေပါရစေနော်''

''ဘာ''

ကိုသန်းနိုင် လန့်တော့မလန့်၊ ထိတ်သွားသည်ကားဖြစ်၏။

ကလေးဟူသည် မိခင်၏ ရင်အုပ်အောက်မှာသာ နေသင့်သောအမျိုး၊ ကြီးပြင်းသင့်သောအမျိုး၊ သွန်သင်မှုနို့ချိုကို ခံယူနေသင့်သောအမျိုး။

သို့သော် သားက လွတ်လပ်ချောင်ချိစွာ သွားလာနေသော အဖေနှင့်  နေချင်သည်ဆို၏။  ပြီးတော့ အဖေခေတ္တတည်းခိုနေထိုင်သောနေရာမှာ ကလေးနှင့် လုံးဝမလျော်။

''သား မင်းမဟုတ်တာတွေပြောမနေနဲ့ကွာ။ ဒယ်ဒီမကြိုက်ဘူး''

''ဒယ်ဒီနဲ့နေပါရစေ၊ သား မာမီတို့နဲ့မနေချင်ဘူး''

''မဖြစ်လို့ပါ သားရယ်''

''ဒယ်ဒီမရှိလို့ သားထမင်းစားရတာမကောင်းဘူး ဒယ်ဒီ။ ညက တစ်ညလုံးအိပ်မပျော်ခဲ့ဘူး ဒယ်ဒီရယ်''

ကိုသန်းနိုင်သည် အကျပ်ကိုင်ခံရလေပြီ။

ကျော်ကျော် ဘယ်တော့မျှမလိမ်။ လုပ်ကြံမပြောတတ်ဟု  ကိုသန်းနိုင် ယုံကြည်သဖြင့်လည်း  ရင်ဝယ် တင်းကျပ်လာ၏။

ယောက်ျားတန်မဲ့ ဝမ်းနည်းကာ နေကွာဟု လွှတ်ပေးမိမတတ်ဖြစ်သော စိတ်ကို   ထိန်းချုပ်ထားရတာက မောသည်။

သားမှာမူ ဖခင်ထံမှခွင့်ပြုနိုး မျှော်ကိုး၍ မော့မော့ကလေး။

သားအလိုလိုက်၍ နေခွင့်ပြုလိုက်ပါမူ ကိုသန်းနိုင်၏ ကြီးပွားတိုးတက်လမ်းကို  ကိုသန်းနိုင်  ချိုထားကာ သားကိုအရိပ်ကြည့်စောင့်ရှောက် ပျိုးထောင်ပေးနိုင်ပါမှ ကျော်ကျော်သည် လောကကိုနှောင့်ယှက်ရန် လူဖြစ်လာသော သတ္တဝါအဖြစ်သို့ မရောက်ဘဲရှိမည်။

ကိုသန်းနိုင် ကြီးပွားချင်၏။ ထွန်းကားချင်၏။

ချမ်းသာချင်၊ ကြွယ်ဝချင်၊ ထင်ပေါ်ချင်၏။

ဒီချင်ခြင်းတွေကိုမစွန့်နိုင်ဘဲ ၎င်းတို့နောက်ကို မျက်ခြည်မပြတ်လိုက်နေပါမူ အတူနေသော သားသည်အထိန်းမဲ့အကွပ်မဲ့ မိ မဆုံးမသား၊ ဖ မဆုံးမသား၊အသက်ရှင်ကာ ရပ်တည်နေခြင်းထက် သေသွားတာကမှ ဆန်ကုန်သက်သာမည် အပြောခံရသော လမ်းသရဲ ဖြစ်မည်မုချ။

ကိုသန်းနိုင် လက်မခံနိုင်။

ညင်သာ၍၊ အေးချမ်း၍၊ စိတ်ရှည်၍ မှန်လိုရှုကာ ယုယသွန်သင်သော မိခင်နှင့်ကင်းကွာလျက် လုံးဝမဖြစ်။

''နော် ဒယ်ဒီ။ သားမပြန်တော့ဘူးနော်''

ကျော်ကျော်သည် သနားဖွယ်၊ စာနာကြင်နာဖွယ် အသံကလေးဖြင့်ပြောသည်။

''မဖြစ်ဘူး မင်းပြန်။ ဒယ်ဒီ ကားငှားပေးလိုက်မယ်''

''မပြန်ပါရစေနဲ့ ဒယ်ဒီရယ်။ သား ဒယ်ဒီမရှိရင်နေ မဖြစ်ပါဘူး ဒယ်ဒီရယ်''

ကျော်ကျော်က   သည်လိုပြောလေ   ကိုသန်းနိုင် ရင်နင့်လေလေ။

''တော်ကွာ မပြောနဲ့။ ထ အခုရှေ့ကသွား။ ဟေ့သွားလေကွာ''

မဖြစ်ပြီ။ သနားနေ၍မဖြစ်။ သံယောဇဉ်သိပ်တွယ်နေ၍မဖြစ်။ အဆုံး၌ လက်ညှိုးပေါင်းများစွာ မိမိဘက်ဦးလှည့်ချေမည်။

သား၏မျက်နှာကိုမကြည့်။ လက်ကိုဆောင့်ဆွဲသည်။

''သားသား  မပြန်ပါရစေနဲ့ ဒယ်ဒီ။   သားသား မေမေတို့နဲ့နေရရင်''

''ရှည်တယ်ကွာ''

 ကိုသန်းနိုင်က   အံကြိတ်၍   ပါးနုနုကလေးကို ခပ်ဆတ်ဆတ်ရိုက်လိုက်သည်။

ကျော်ကျော် အံ့သြသွားသလို ကိုသန်းနိုင်အား မော့ကြည့်၏။ ပါးစပ်ထဲမှ သွေးစီးကျလာသည်။ နောက်မျက်ရည်ဥများ လိမ့်ဆင်းလာ၏။

''မင်းကိုငါမုန်းတယ်။ မင်းကိုရေးခဲ့တဲ့စာဟာ လိမ်ပြီး ရေးတာ။ အမှန်က ငါ မယားငယ်ယူ၊ အရက်တွေသောက် လျှောက်ရမ်းကားနေလို့ မင်းအမေနဲ့အစ်မက

စိတ်ဆိုးတာ။ ငါရှက်ပြီး အိမ်မပြန်ရဲဘူး။ ဒါပဲ နားလည်လား''        

 

ဆက်လက်ဖော်ပြပါမည်။             

 

Read 9 times
Rate this item
(0 votes)
Last modified on Saturday, 27 June 2020 09:34

Latest from ေကတု