SJ WorldNews - шаблон joomla Авто

မြစ်တို့ ၏ သဘော ………………..

Sunday, 28 June 2020 10:49 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

''နားလည်ပါတယ် ဒယ်ဒီ''

''နားလည်ရင် သွား။ ထပ်ပြီး ပါးအရိုက်ခံချင်သေး လား''

ကိုသန်းနိုင် မရက်စက်နိုင်တော့ပါ။ ဟန်ဆောင်၍ အခန်းပြင်သို့တွန်းလွှတ်ကာ တံခါးကို ကလေးကိုင်ထား က လက်ညပ်မည်စိုး၍ ဖြည်းဖြည်းပိတ်၏။

တံခါးနားကပ်၍နားထောင်ရာ ရှိုက်သံ၊ ငိုသံမကြားရ မှ   တံခါးဟပြီးချောင်းကြည့်သည်။ တဖြည်းဖြည်း နည်းနည်း ချင်းဟကာ  ကျော်ကျော်မရှိတာ သေချာမှ လမ်းဆီသို့ပြေးကြည့်နိုင်၏။ ကိုသန်းနိုင်၏ရင်ထဲမှ အလုံးကြီး ကျသွား၏။ ကျော်ကျော်သည် တက္ကစီတစ်စီးပေါ်မှပြေးဆင်းလာ သော မခင်ရီကိုပြေးဖက်လိုက်တာနှင့် မခင်ရီ့ နောက်က ပန်းပါလာတာမြင်လိုက်ရသောကြောင့်ဖြစ်သည်။

အလုံးကြီးကျ သွားပေမယ့်     ကိုသန်းနိုင်သည် တစ်သက်တွင် ဒုစရိုက်ကြီးတစ်ခုကို ပထမဆုံး ကျူးလွန် မိသူလို ခံစား ရ၏။

အခန်းထဲပြန် ဝင်လာကာ ခုတင်ပေါ်လှဲချလိုက်စဉ် သူမငိုပေမယ့် မျက်ရည်သွယ်တို့က ပါးတစ်လျှောက် စီးဆင်း လာတော့သည်။

''အံ့ပါရဲ့ကွယ်။ ကိုယ့်အပြစ်ကို လူမသိစေချင်တာနဲ့ သူများအပြစ်ကို ဖန်တီး   ပါးစပ်ထဲ   ယင်ဝင်မတတ် ပြော နေတာ အံ့ပါရဲ့''

ပန်းသည် မှားသွားသောစာလုံးတစ်လုံးကိုဖျက်ပြီး လက်နှိပ်စက်ကိုဆက်ရိုက်၏။

''ဟား ဟား ဟား''

ရင်ရင်ကြည်က ဗယာကြော်သုပ်တွေပေနေသော ပါးစပ်ကို တအားဖွင့်ကာရယ်မော၏။

ရင်ရင်ကြည်နှင့် ဗယာကြော်တစ်ဝိုင်းတည်းလက်ဆုံ စားနေသောအလှကလည်း ရောယောင်ရယ်မောကာ ''ကြာကူလီကြီး သမီးမို့ သမီးခေါ်တာ နာစရာလား''

''အေးကွယ်''

ခင်က ဗယာကြော်သုပ်တွေပေနေသောလက်ကို စက္ကူဖြင့်သုတ်ရင်း ဖြုန်းခနဲ စားပွဲအောက်လက်လျှိုကာ လက်ဆေးရင်းထောက်ခံသည်။

''မင်းတို့ ငါပြောရင်မနာကြနဲ့နော်။ မင်းတို့ရဲ့အသည်း တွေ တစ်ဖဲ့စီတစ်ဖဲ့စီပဲ့သွားမယ်''

ပန်းသည် အချိန်မဖြုန်းအားပေ။ စက်ထဲသို့ စက္ကူ တစ်ရွက်အသစ်သွင်းရင်း သတိပေး၏။ ''အလိုတော်။ ဘာကိုနာရမလဲ''

အလှက မျက်ခုံးပင့်ကာ၊ အောက်နှုတ်ခမ်းရှေ့ပစ် ကာ၊ ပခုံးတွန့်ကာဆိုသည့်ခဏ ''ဟုတ်ပြီ။  ကိုယ်ဝန်ဖျက်ချတာ သွေးလွန်ပြီး  ခွင့် တစ်လယူရတာကို တောသွားနေလို့ပါလို့လိမ်တာ ဘယ်သူလဲ။ ကဲ''

အလှမျက်နှာမည်းသွားပါသည်။ ရုတ်တရက်ဆွံ့အသွားစဉ်။

''နင်။ ဘာ သွားပုပ်လေလွင့်ပြောရတာလဲ''ဟု ရင်ရင် ကြည်က ငါးပုပ်သည်၏အသံဖြင့် ''အဲဒါ မင်းဖြစ်တာ မဟုတ်လားဟင်''ဟု ခင်က စူးစူးဝါးဝါးကြည့်ကာ ထန်သောအသံဖြင့် အသွားသော အလှဘက်မှ ကူညီ ပုတ်ခတ်ပေး၏။ အလှသည် မျက်နှာ တင်းကာ အားယူလိုက်ပြီး ''နင့်အဖေ   ယုတ်မာလို့ယုတ်မာတယ် ပြောတာ  နာစရာလား။ နင့်အဖေ မယားများသလို နင်လည်း လင်များမှာပဲ ဒါနာစရာလား။ ဘာလဲ ကောင်မက ဘာလူပါးဝ တာလဲ။ နင့်ရုပ်ကိုများ နင်က လှလှပြီထင်ပြီး မာနမထောင်ပါနဲ့။ ပါးစုတ်သွားမယ် ဟင်း။ မိန်းမကိုက လူရှေ့ သူရှေ့မှာ မခုတ်တတ်တဲ့ကြောင် ကွယ်ရာမှာ ကမြင်း။ နင့်ရုပ်မျိုး နားလည်လား'' ''ဟေ့ အလှ တော်လောက်ပြီ ထင်တယ်ကွာ။ လွန်ကုန် ကြမယ်''

သုံးယောက်နှင့် တစ်ယောက်ဖြစ်သည်တွင် အေးအေး ဆေးဆေး ကိုယ့်အလုပ်ကိုပြီးစီးအောင်၊ အလုပ်ကြွေး မပုံ အောင်၊ တာဝန်ကျေအောင်သာ ဂရုစိုက်နေခဲ့သော ညိုညိုသည် ပန်းဘေးမှထရပ်၍ဖြေ၏။ ''ဘာလဲ မင်းနဲ့ ဘာဆိုင်လဲ'' အလှက စောင်းကြီးမာန်ကြီးရမ်း၏။

ညိုညိုက အသားညိုသလောက်၊ မျက်နှာကြည်လင် သလောက်၊ အေးဆေးသလောက် တည်ငြိမ်စွာပြော၏။ ''ကိုယ်တို့ ဟာ  အလုပ်တူလုပ်ဖက်တွေ ပါကွယ်။ ညီအစ်မဆိုလည်း ဟုတ်ပါတယ်။ တစ်တိုက်လုံးမှာ မိန်းကလေး ဆိုလို့   ဒီတိုက်ပစ်ငါးယောက်ပဲ ရှိတာ။

ကျောချင်းကပ်၊ ရင်ချင်းကပ်တောင် နေသင့်တာပါ။ တခြားအခန်းတွေကကြားသွားရင် ကိုယ်တို့အားလုံး နာမည် ပျက်မှာ စိုးလို့ပါကွယ်''

''ဟင်း''

ခင်က သပြေသီးမှည့် အပေါ်ခွံရိပုပ်သလို  မဲ့ရွဲ့လိုက်ကာ ''နာမည်ပျက်ရင်လည်း  ဒီကောင်မမကောင်းလို့ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တာပဲဖြစ်ရ မယ်'' ''ထားပါကွယ်။ ပန်းက ဘာမှမပြောတော့ဘူး မဟုတ် လား။ မင်းတို့ဘက်ကလည်း တော်ကြပါတော့ကွယ်''

ဆက်လက်ဖော်ပြပါမည်။  

Read 8 times
Rate this item
(0 votes)
Last modified on Sunday, 28 June 2020 10:51

Latest from စကား၀ါ