SJ WorldNews - шаблон joomla Авто

မြစ်တို့၏သဘော

Monday, 29 June 2020 09:56 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

''အို တော်ချင်တော်မယ် မတော်ချင် မတော်ဘူး။

သတ္တိရှိရင် ပါးစပ်ဟကြည့်ပါလား။ လင်ဖမ်းတဲ့မျက်နှာကို ရစရာမရှိအောင် လုပ်ပစ်လိုက်မယ်''

ရင်ရင်ကြည်က ဆက်လက်ကြိမ်းမောင်းနေပြန်ရာ ညိုညိုမှာ သက်ပြင်းရှိုက်ရင်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေလေ၏။

သူတို့ဌာနစိတ်တွင် သည်ငါးဦးသာ မိန်းကလေးရယ်လို့ ရှိကာ တစ်ခန်းသက်သက်ရယ်လို့ လုပ်ပေးထားရာ မျက်ခုံးမွေးဆွဲခြင်း၊ လက်သည်း၊ ခြေသည်း၊ ပါး၊ နှုတ်ခမ်းကို ဆေးဆိုးခြင်း၊ ဝတ္ထုဖတ်ခြင်း၊ မဂ္ဂဇင်းဖတ်ခြင်း၊ အတင်းပြောခြင်း၊ စွတ်ကယ်စွတ်ကယ်နှင့် တစ်ခုပြီးတစ်ခု ထွက်ဝယ်စားခြင်း၊ အိမ်သာသွားခြင်း၊ ရေသောက်ခြင်း၊ ရုံးအုပ်အလာကိုပြုံးပြခြင်း စသည်များဖြင့်သာ အချိန်ကုန်၍ အလုပ်အကျွေးတွေ တစ်နေ့တခြား များလာသူမှာ ရင်ရင်ကြည်၊ အလှနှင့်ခင်တို့ဖြစ်၍ သူတို့နှင့်ခြားနားစွာပင် ရက်ပျက်နည်းသော၊ အလုပ်ကျွေးနည်းသော၊ အချိန်လေးစားသော ပန်းကို သူတို့အလိုလိုမုန်းတီးသည်။

ပန်းသည် သူတို့၏အလုပ်ကို တစ်ခါတစ်ခါ ကူညီလုပ်ပေးတတ်၏။ ကော်ဖီနှင့်မုန့် ဝေငှပေးသေး၏။

သူတို့သည် ပန်း၏ အကူအညီရခိုက်တွင် မျက်နှာကို ချို၍ ပန်းဟာကို စားရစဉ်ပြုံးကာ နောက်တော့ မျက်နှာ ပုပ်မြဲတင်းမြဲ။

ပန်းက မသိလိုက်ဘာသာ နေတတ်၏။ မတော်တာ လုပ်နေလည်း မမြင်ယောင်ဆောင်တတ်၏။ နောက်မကြားချင်ယောင်လည်း ဆောင်တတ်သေး၏။ သို့သော် သည်မိန်းကလေး ငါးယောက်ထဲက အချင်းချင်းအပေါ်တွင်ကား ပြုံးပြရန် ဝန်မလေးတတ်ပေ။

ပန်းသည် ရင်ရင်ကြည်၊ အလှ၊ ခင်တို့နှင့်ခြားနားသော်လည်း သီးခြားမနေပါဘဲနှင့် သူတို့တစ်ဖက်သတ် မုန်းတီးရခြင်းမှာ ပန်း၏ တစ်ခုသောအပြစ်။ ဒါကသူတို့ထက် ပန်းက လှနေခြင်းဖြစ်ပေမည်။

ပန်းသည် သူ့ဘာသာသူ လှနေခြင်းဖြစ်၏။ ရင်ရင်ကြည်လို ဆံပင်ကောက်ထားသည်မဟုတ်။ အလှလို ရင်များစွာမချွန်။ ခင်လို ရွှေတွေ၊ စိန်တွေမွှန်နေအောင် ဆင်သည်မဟုတ်။ တစ်ဖန် ပေါ်ဦးပေါ်ဖျား နိုင်လွန်အကြည်ကို သူတို့ဝတ်နေချိန်၌ ပန်းဝတ်သည်မဟုတ်။

ပန်းပါးကလေးက အလကားနေရင်း ဝင်းစိုနေကာ ဘာနှင့်ပွတ်ဖျက်၍မျှ မပျက်သော အနီရောင်ကလေး စို့နေ၏။ မျက်ခုံးမွေးက ဆွဲမည်သာ ဆွဲရသည် မဆွဲဘဲထားလည်း လှပနေမည်ပင်။ နှုတ်ခမ်းက ထူသယောင် ရှိသော်လည်း မထော်ဘဲ မလန်ဘဲ ပန်းချပ်ပွင့်အာသလို လှ၏။ ပန်း၏ရင်သည် ချွန်သည်မဟုတ်၊ ပြားသည်မဟုတ် အနေတော်ကြည့်ကောင်းရုံပဲ ရှိသည်။ ကိုယ်လုံးကိုယ်ဖန် သွယ်လျပေမယ့် ပိန်ညှော်သူမဟုတ်။ အသားဆောင်သူမို့ အဝတ်မရွေး။ ဒါကြောင့် အဆန်းတကြယ်ဝတ်လှသည်လည်းမရှိ။

ခင်တို့၊ အလှတို့၊ ရင်ရင်ကြည်တို့နှင့် ဂုဏ်တုဂုဏ်ပြိုင် လုပ်ဖူးသည်လည်း မရှိဘဲနှင့် အလိုလိုမျက်မုန်းကျိုး ခံရနေခြင်းမှာ လှသောကြောင့်နှင့်၊ အတူယှဉ်၍ သွားကြလျှင် အခန်းရှေ့မှ ယောက်ျားတွေဖြတ်လျှောက်လျှင် ပန်းကိုပဲ ကွက်၍ အကြည့် ခံရသောကြောင့်ဖြစ်သည်။

ညိုညိုမှာ ပန်းကို ရန်မရှာ၊ ရင်ရင်ကြည်တို့နှင့်လည်း မပေါင်း။ မလှတာကို လူရွံအောင် နင်းကန်ခြယ်သမနေဘဲ လင်သေမ ကလေးလို ကုပ်ကုပ်နေသဖြင့် ရင်ရင်တို့၏ ရန်ထောင်ခြင်းမှလွတ်သည်။

ပန်းလည်း အေးအေးနေချင်၏။ ဘယ်သူ့ကိုမျှ မငြူစူ မစောင်းမြောင်းဘဲနှင့် မဆိုင်သော ဖေဖေ ပိန္နဲပင်ကို ဆွဲဆွဲထည့်တော့ သစ်ငုတ်မဟုတ်သည်မို့ မကြားဟန်ဆောင်ခဲ့ရ၊ မသိဟန်ဆောင် ခဲ့ရသည်များကို ဖော်၍ဖော်၍ ချေပပြန်တော့ ရင်ရင်ကြည်တို့ ပိုနာ၏။

ယနေ့အတွက် ပန်း မလုပ်ချင်တော့ပေ။ စိတ်မပါတော့။ ထိုင်၍ပင် မနေချင်တော့။

သူတစ်ပါးလို ပြည်သူ့ငွေစားပြီး ရုံးလာ ဝတ္ထုဖတ်တာမျိုးလည်း မလုပ်ချင်သဖြင့် သည်အတိုင်းပဲ ထိုင်နေလိုက်သည်။

ရုံးအုပ်ကို ရိပ်ခနဲမြင်လိုက်လျှင် ရင်ရင်ကြည်တို့ စက်တွေ တဖြောင်းဖြောင်းမြည်လေ၏။ ရုံးအုပ်အနား နီးလာတော့ ခေါင်းမဖော်ပြီ။ အလုပ်ကြိုးစားသည် ထင်မည်ပေါ့လေ။ စက်ဘေးက အရည်စက်စက်နှင့် ဆားပုံထားသော နာနတ်သီးစိတ်ကို ကိုယ်ပျောက်ဆေးလိမ်းမထားမိ။

 

ဆက်လက်ဖော်ပြပါမည်။             

 

Read 11 times
Rate this item
(0 votes)
Last modified on Monday, 29 June 2020 09:57

Latest from ေကတု