SJ WorldNews - шаблон joomla Авто

မြစ်တို့၏သဘော

Tuesday, 30 June 2020 09:03 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ညိုညိုကတော့ သတ္တိမရှိ၍ ဟိုဟာနှိုက်သလို ဒါဖတ်သလို လုပ်နေပေမယ့် ပန်းက မလှုပ်မခြောက် ထိုင်မြဲထိုင်နေသည်။ သူ့စားပွဲတွင် လုပ်စရာ အလုပ်ကြွေးက သိပ်ပြီးမရှိ။

ရုံးအုပ်သည် ပန်း၏စားပွဲပေါ်ကို ပေါင်ရိုးတစ်ဖက်နှင့် ထိလျက်ရပ်သည်။

''ဆရာ သူဘာမှမလုပ်ဘူးဆရာ။ အလုပ်လုပ်နေတဲ့ ကျွန်မတို့ကို ရန်စစနေပါတယ်''

ခင်က ထတိုင်တန်းသည်တွင် ''ဟုတ်တယ် ဆရာ။ ကျွန်မကိုလည်း ကိုယ်ဝန်ဖျက်ချတာ သွေးလွန်လို့ ခွင့်ယူရတာတဲ့ဆရာ။ အလှသိပ်ရှက်တယ်၊ အရေးယူပေးပါ''

အလှက ငိုမယောင်ရှိုက်မယောင် နှပ်ညှစ်မယောင်တိုင်တောပြန်၏။

ပန်းက ထိုတိုင်တန်းသူ နှစ်ယောက်ကိုသာ လှည့်ကြည့်နေသည်။

''ဟုတ်သလား ပန်း''

''ခင်ပြောတာ မဟုတ်ပါဘူး။ အလှပြောတာကတော့ ဟုတ်ပါတယ်။ သူတို့ အလုပ်လုပ်တာမဟုတ်တာ ပန်းဘာမှမပြောလိုပါဘူး။ တကယ် ရန်စနှောင့်ယှက်နေတာကတော့ သူတို့ပါ။ ပန်း တစ်မနက်လုံး တစ်နေ့ခင်းလုံး သည်းခံလာခဲ့ပါတယ်။ အခု မခံနိုင်လွန်းလို့ ပြန်ပြီးဆိုမိပြောမိပါတယ်။ ပန်းမှာ အပြစ်မရှိပါဘူး''

''သူတို့က ဘယ်လိုဆိုလို့လဲ''

''ကြာကူလီကြီးရဲ့သမီး။ အဖေတူရင်တော့ လင်တွေ အများကြီးရနေမှာပဲ။ ပြီးတော့ ပါးစပ်မရဲစရာ မကြားဝံ့ မနာသာတွေလည်း  ပြောပါတယ်''

ရုံးအုပ်က ညိုညိုကိုလှမ်းကြည့်သည်။

''ညိုညို မင်းဘာသိလဲ''

''ကျွန်မ အမှတ်တမဲ့ပဲ ဆရာ''

တကယ်တန်းကျတော့ ညိုညိုသည် အလှတို့အား ဆန့်ကျင်ရဲခြင်းမရှိ။

''ရင်ရင်ကြည်ကော ဘာသိလဲ''

''အလှနဲ့ခင်ပြောတာ အမှန်ပါဆရာ။ သူဟာ ကိုယ့်ဘာသာကိုယ်အလုပ်မလုပ်ဘဲနေရင် တော်ပါသေးတယ်။ အခုတော့ အလုပ်လုပ်နေတဲ့သူတွေကိုပါ လိုက်ပြီးနှောင့်ယှက်စော်ကားနေတာ မကောင်း ပါဘူး''

''ကဲ ဘယ့်နှယ်လဲ ပန်း''

 ''ဆရာ ယုံချင်လည်း ယုံနိုင်ပါတယ်။ ပန်းကန့်ကွက်စရာ မရှိပါဘူး။ဒါပေမဲ့ ချင့်ချိန်ပြီး ယုံပေါ့။ ဆရာက လူကြီးပဲ။ လူကြီးတစ်ယောက်ရဲ့ သိက္ခာသမာဓိကို ပန်းက ဘာပဲဖြစ်ဖြစ် လေးစားရမှာပဲ''

ကြည့်စမ်း စကားပြောတာ အင်မတန်လူပါးဝသည်။

အလုပ်ကြိုးစားဖို့မလို၊ အရည်အချင်းရှိဖို့ မလို၊ ဗောင်းတော်ညိတ်လျှင်   စိတ်တော်ကိုသိသည့် ဖားသောအတတ်သာ လိုသည်။ ဒါကျင့်သုံးတတ်လျှင် ကြီးပွားသောခေတ်ဝယ် ဒင်းဘာတွေ လျှောက်မှုတ်နေသနည်း။

ရုံးအုပ်မင်းမျက်မှောင်ချီကာ နှုတ်ခမ်းစေ့ကာ ထွက်သွားသည်။

ရင်ရင်ကြည်တို့ အောင်ပွဲရလိုက်သည်။ သောသောညံညံ ရယ်မောလျက် ရုံးဆင်းရန် ၄၅ မိနစ်လိုသေးသော်လည်း သိမ်းဆည်းပြင်ဆင်ကြသည်။

ညိုညိုမှာ  ပန်းကိုအားနာသဖြင့် မကြည့်ဝံ့ရှာ။ သို့သော် တည်ငြိမ်အေးချမ်း၍ ရန်မရှာတတ်သော ပန်းကို လေးစားခင်မင်ပေမယ့်   စွာသောပွာလောင်သော ဟိုတစ်မျိုးသည်တစ်မျိုး ပြောတတ်သော ဝန်ထောက်နှင့် အဝင်အထွက်ရှိသော ခင်တို့သုံးယောက်ကို ကြောက်သည်။

ပန်းသိပါသည်။

ဌာနတိုင်း ညာနေ၏။ ဌာနအကြီးအကဲများသည် ရက်သတ္တပတ်တွင် တစ်နာရီပြည့်အောင် ရုံးမတက်ကြ။

ခေါင်မိုးက မလုံတော့ အိမ်တွင်းရွှဲတာ မဆန်း။

အစ်ကိုကြီး၊ ဆရာ၊ မိုးမွှန်အောင်ခေါ်ပြီး အလုပ်တွေပုံနေတာ ယန္တရားအားလုံး မရပ်ရုံတစ်မယ် လှုပ်လှုပ်ကလေး လည်ပတ်နေချိန်တွင် လက်ရေးတိုလည်း ဖြစ်လက်နှိပ်စက်လည်းဖြစ် တက်လမ်း အများကြီးရှိသည်လည်း ဖြစ်သော ပန်းတည်တည်ဖယ်ဖယ်နှင့် အလုပ်ကို ဖိလုပ်နေခြင်းမှာ ဘာမှတန်ဖိုးမရှိရာ ရောက်၏။

ပန်းတို့ဌာနစိတ်တွင်သာမဟုတ်။    တစ်ရုံးလုံး အထက်ထပ်အောက်ထပ်ဌာနတိုင်း အခန်းတိုင်းတွင် လှုပ်ရှားပြင်ဆင်ကြပြီ။

ရင်ရင်ကြည်တို့ ဖိုင်တွဲတွေ စာရွက်တွေ စက်တွေသိမ်းပြီးပြီ။

ပန်းတစ်ယောက်သာငုတ်တုတ်။

''ပန်း သိမ်းတော့လေ''

ညိုညိုက မရဲတရဲ လာရောက်သတိပေး၏။

ပန်းက ပြန်ကြည့်ရုံသာကြည့်၏။

''ကိုယ်တောင်းပန်ပါတယ်ပန်းရယ်။ သူတို့က အများစုမို့ ကြောက်လို့ပါ''

ပန်းက ဘာမျှမပြောဘဲ မျက်နှာလွှဲနေလိုက်သည်။

ရုံးဆင်းရန် ၁၅ မိနစ်လိုသေးသည်။

ရင်ရင်ကြည်တို့ သွားလေပြီ။ ညိုညိုက ပန်း၏ စားပွဲမှပစ္စည်းများကို ကူသိမ်းပေး၏။

''ကဲ သွားကြမယ်။ နှစ်ယောက်တည်း ပိတ်မိနေမှဖြင့်''

သည်တော့ ပန်းထိတ်လန့်၏။ သွက်လက်ဖျတ်လတ်စွာ ထ၍သိမ်းဆည်းပြီး  ညိုနှင့်အတူ   ဆင်းလာခဲ့သည်။

 

ဆက်လက်ဖော်ပြပါမည်။             

 

Read 7 times
Rate this item
(0 votes)
Last modified on Tuesday, 30 June 2020 09:05

Latest from ေကတု