SJ WorldNews - шаблон joomla Авто

မြစ်တို့၏သဘော

Wednesday, 01 July 2020 09:28 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ပန်းအတွက် ပျော်ရွှင်စရာမရှိ၊ ခင်တွယ်သံယောဇဉ် ဖြစ်စရာမရှိသော   တစ်ပိုင်းပြတ်  ရုံးအိုကြီးသည် တောသချိုင်းက ဇရပ်လိုတိတ်ဆိတ်သွားလေ၏။

အချိန်တန်လို့သာ  ဆင်းလာရပေမယ့် ပန်းအိမ်မပြန်ချင်။ သည်ရုံးက ပန်း၏တွယ်တာရာ မွေ့လျော်ရာ ဖြစ်သင့်လျက်နှင့်မဖြစ်သလို အိမ်သည်လည်း ပန်း၏ နားစက်ရာ ခိုလှုံအားမွေးရာ မဖြစ်လာ။

နံနက်ရုံးအလာက  အဖြစ်သည် ပန်းအိမ်ပြန်ချင်စိတ် လျော့ပါးသော အကြောင်းများအနက် တစ်ကြောင်းဖြစ်ပေသည်။

ပန်းသည် လမ်းထိပ်သို့ထွက်ရာတွင် မမျိုးလှိုင်သွယ်နှင့် ဖြူဖြူကြိုင်သင်းတို့ အိမ်များ၊ ကြည်ကြည်ဦးနှင့် ဒေါ်မမ တို့အိမ်များ၊ မမဆွေမြိုင်လဲ့နှင့် တရုတ်တိုက်များ စသည့် မျက်နှာချင်းဆိုင် တည်ရှိသော အိမ်များကို ဖြတ်ကျော်ပြီးမှ လမ်းထိပ်သို့ရောက်၏။

“သူ့အဖေက အခု သူတို့ကို ပစ်ပြေးပြီမဟုတ်လား”

“အစစ်ပဲ။ ပစ်မပြေးလည်း ဘယ်ခံနိုင်မလဲ။ နောက်တွေ့ထားတာက တကယ့်ဘော့စ်ပဲ။ ဖြူဖြူခန့်ချောကြီးရှင့်”

အရာရှိကတော်ဆိုသော မမျိုးလှိုင်သွယ်က အီးစီအေအရာရှိ မယားဆိုလား ကုလားသူဌေးမယားဆိုလား သိပ်တိတိကျကျမရှိသော   ခြံချင်းကပ်ကြည်ကြည်ဦးအား လှမ်းပြောလိုက်သံ သူတို့အိမ်များကို လွန်ခဲ့မှပန်း လှမ်းကြား ရသည်။

ပုတီးကြီးကိုင်၍ လောဖက်လက်ကတော့ ထိုးထားသော ဒေါ်မမကတော့  ဘာပြောသည်မသိ။ ပန်းကိုမေးငေါ့ကာ ငေါ့ကာပြသည်။

အလာတွင် ပန်းကိုမြင်၍ ပြောကြသလို၊ အပြန်တွင်လည်း သူ့ဘာသာသူနေတာက တော်ဦးမည်။ ပန်းကိုမြင်က   သတိပေးသလိုဖြစ်ပြီး  ပြောကြလိမ့်ဦးမည်။

သူတို့ပြောသမျှသည်လို နားထောင်ပြီး လျှောက်သွားနေရမှာလား။ အရုပ်ကြီးလိုနေရတော့မှာလား။

ပန်း အိမ်မပြန်ချင်ပေမယ့် အိမ်ကိုပဲ ပြန်ရပေမည်။

အိမ်ပြန်ရမည်မို့ စိတ်မချမ်းမြေ့ခြင်းကို ကြိုတင်ခံစားနေရသည်။

ညိုညိုကရှေ့က ပန်းကနောက်က ဆင်းလာကြရာ တစ်ယောက်နှင့်တစ်ယောက် သုံးပေလောက်ကွာကြ၏။

ဘတ်စကားတစ်စီး လူချောင်ချောင်နှင့် လာနေတာမြင်၍ ညိုညိုက လှည့်မနှုတ်ဆက်ဘဲ သွက်သွက်လှမ်းသွား၏။ ပန်းတစ်ယောက်တည်း အဆောက်အအုံထဲမှထွက်လိုက်ရာ”ပန်း”

“ဟင်”

“အံ့သြသွားသလား ပန်း။ ကိုမှကို အစစ်ပါပန်းရယ်”

ရုံးထွက်ပေါက်မှ ရပ်၍ စောင့်နေခဲ့သူမှာ နောင်အေးဖြစ်သည်။

သူ့ဆံပင်က ပွနေ၏။ သူ့နားထင်သည် ချောင်နေ၏။

သူသည် ပန်းကိုမြတ်နိုးသောမျက်လုံးဖြင့် ကြည့်ပြီးနောက် ခေါင်းငုံ့၍ လက်နောက်ပစ်ကာ နောက်ပိတ်ဖိနပ်ဖနောင့်ဖြင့် မြေကြီးကို စောင်းပေးကာ ရပ်နေ၏။

ပန်းရင်ထဲမှာ အေးချမ်းသွားသည်။ သည်မျက်နှာကို မြင်ရတာက ညင်းလေပြည် ဆယ်ပြန်သုတ်တာလောက် အေးမြသည်။

“ကို ဘာလာလုပ်တာလဲဟင်”

“ပန်းကို တွေ့ချင်လို့လာတာပါ ပန်းရယ်။ ကိုလေပန်းကို မေ့လို့မရဘူး ပန်း။ ကြိုးစားမေ့ပေမယ့်လည်း မမေ့ဘူး။ အိုလေ မမုန်းချင်ဘဲနဲ့ ကိုမုန်းကြည့်တယ်။

မုန်းလို့လည်းမရဘူး။ မေ့လို့လည်းမရဘူး။ အခုတော့ကို ဆုံးဖြတ်လိုက်ပြီလေ။ မေမေသဘောမတူမှာတွေ အမွေဖြတ်မှာတွေ ဆင်းရဲမှာတွေကို ပြုံးပြုံးလေးရင်ဆိုင်ပြီး ကိုယ့်ချစ်သူပန်းဆီ ပြန်လာခဲ့ပါတယ်။ ကို့ကိုခွင့်လွှတ်ပါ ပန်းရယ်။

ပန်း ဝမ်းသာလိုက်တာ။ ဝမ်းသာလိုက်တာ။

ဘယ်လို ဝမ်းသာသည်မသိ။ စိတ်ဆင်းရဲခြင်းအားလုံးပျောက်ကင်းအောင် ဝမ်းသာသည်။ မျက်ရည်ဥကလေး တစ်လုံးတလေ စို့ထွက်လာ၏။

“ဒါ ငိုစရာလား ပန်းရယ်။ ဘာလဲ ကို့အချစ်ကို

လက်မခံနိုင်တော့လို့လား”

“အို အိုမဟုတ်ပါဘူး။ မဟုတ်ပါဘူး ကိုရယ်”

ပန်းက မျက်လုံးပွတ်။ စကားအထစ်အငေါ့နှင့် ပြုံး၍ဖြေသည်။

    ဆက်လက်ဖော်ပြပါမည်။         

ဆင်ဖြူကျွန်းအောင်သိန်း   

Read 6 times
Rate this item
(0 votes)
Last modified on Wednesday, 01 July 2020 09:30