SJ WorldNews - шаблон joomla Авто
အခန်းဆက်ဝတ္ထုရှည်

အခန်းဆက်ဝတ္ထုရှည် (947)

အခန်းဆက်ဝတ္ထုရှည်

Friday, 31 January 2020 10:37

နော်ရင်မွှေး

Written by

ယမန်နေ့မှအဆက်

တစ်ခါတစ်ရံ ညဥ့်အိပ်ညဥ့်နေ အလည်သွားခဲ့သည်။  သို့သော် အစ်မမပါဘဲ ရင်မွှေး တစ်ခါမျှ မသွားဖူးပေ။

အစ်မနှင့်ခွဲမအိပ်ဖူးသောကြောင့် အစ်မသွားရာ တကောက်ကောက် လိုက်တတ်သည်။ 

အရီး၏ ကောက်သစ်ပွဲသည် လွန်စွာပျော်ရွှင်ဖွယ် ကောင်းလှသည်။ အရီးက ကောက်သစ်ပွဲတွင် အစွမ်းကုန် လှူတတ်သည်။ နှစ်စဉ်လည်း ပြုလုပ်နေကျဖြစ်ပါသည်။

(ကောက်သစ်ပွဲမှာ ထမနဲပွဲကိုခေါ်သည်။ ကောက်ဦးပေါ်ချိန်တွင် ဦးဦးဖျားဖျား ထွက်သည့် ဆန်နှင့်ထမနဲပွဲကို ကျင်းပ၍ ကောက်သစ်ပွဲဟု ခေါ်ခြင်းဖြစ်သည်။)

ကောက်သစ်ပွဲ ကျင်းပရန်ဟု အဓိဋ္ဌာန်ပြီး လယ်နှစ်ကွက်ကို ကောက်ညှင်းကြဲထားသည်။ အရီးလှစိန်သည်ကြွက်သွား ကောက်ညှင်းစပါးကို ပို၍စိုက်သည်။ တစ်ခါတစ်ရံ ငချိပ်ကို အနည်းငယ်စိုက်၏။ ခွံနီကမူ မလှဟူ၍ သိပ်မစိုက်ပေ။

ရှင်ကိုလှူမယ်၊ လူကိုမျှမယ်၊ တောင်းရင်ပေးမယ်၊ ခိုးရင်ဆဲမယ်ဟု သစ္စာပြုပြီးကြဲထားသော ကောက်ညှင်းစပါး ပေါ်သည်ဆိုလျှင် မုန့်ဆန်းထောင်း မုန့်ဆန်းနယ်ပြုလုပ်ပြီး  ရွာဦးကျောင်းသို့ သွားလှူသည့်အလုပ်ကို နှစ်စဉ်ပြု လုပ်သည်။

ခါတိုင်းနှစ်များတွင် အရီး၏ ကောက်သစ်ပွဲမှာ တပို့တွဲလမှာ ထမနဲပွဲပြုလုပ်ရင်း  ကောက်သစ်ပွဲကျင်းပသည်။ ယခုနှစ်တွင် အရီးနေမကောင်းသောကြောင့် တပေါင်းလကျမှ ကောက်သစ်ပွဲ သဘောကျင်းပပြီး ကိတ်္တိမသားများကို ရှင်ပြုပေးခြင်းဖြစ်သည်။ ရွာထဲမှ မိဘမဲ့ယောက်ျားလေး ငါးဦးကို   ရှင်ပြုပေးသည်။

အရီးအတွက် ကောက်သစ်အလှူဖြစ်သည်။ နံနက်စောစော ကောက်ညှင်းပေါင်းကို အုန်းသီးများနှင့် ကျွေးပြီး နေ့လယ်တွင် ငါးခြောက်ထောင်းကြော်နှင့် မဲဇလီရွက်ဟင်းခါးကို အတို့အမြှုပ်လေးနှင့်တကွ ရွာလုံးကျွတ် အလှူကြီးပေးသည်။ တစ်နေ့လုံး ဆိုင်းဝိုင်းနှင့် သီဆိုဖျော်ဖြေပြီး ညတွင် အငြိမ့်ငှား၏။

အများအားဖြင့် ကညွတ်ကွင်းတွင် နာမည်ကြီးနေသော ခင်စန်းရီအငြိမ့်ကို လာငှားကြသည်။ ဘုန်းကြီးပျံပွဲတုန်းကလည်း ခင်စန်းရီကိုပဲ ငှားသည်။ ခင်စန်းရီက အငိုအပြော အလွမ်းပိုင်သည်။ အချင်းချင်းမို့ မခိုကပ်ဘဲ ကတတ်၏။  ထို့ကြောင့်  ခင်စန်းရီကိုပဲ  ကြိုက်ကြသည်။

နံနက်စောစောကျွေးရန် ကောက်ညှင်းများကို ဆေးနေစဉ် အစ်မနားတွင် ရစ်သီရစ်သီ လုပ်နေသောနော်ရင်မွှေးကို အစ်မက-

““ပွဲသွားကြည့်လေ””

““ဘာလုပ်ရမှာလဲ””

““ဆိုင်းတီးတာ ကြည့်နေပေါ့၊ ကလေးပီပီ””

အစ်မစကားကို မကျေနပ်၍  ခြေဆောင့်ကာ ထွက်သွားမိသည်။  အစ်မက မိမိအား ကလေးဟုသာ သဘောထားနေသေးသည်။ ထို့ကြောင့် စိတ်ကောက်ပြီး ဘုန်းကြီးကျောင်းပေါ်သို့ တက်အိပ်နေ၏။ အရီးအိမ်ဝိုင်းနှင့် ဘုန်းကြီးကျောင်းဝင်းမှာ တော်တော်လေး လှမ်းသည်။ ပွဲပါပြုလုပ်ရန်အတွက် အရီးက ဘုန်းကြီးကျောင်းတွင် အလှူလုပ်ခြင်းဖြစ်သည်။

““ဟဲ့...ရင်မွှေးထစမ်း။ တော်ကြာ အုန်းသီးခြစ်တဲ့ လူတွေလာတော့မှာ။ နင်အိပ်နေလား သွား...ပွဲထွက်ခါနီးပြီ။ သွားကြည့်””

““အရီးက နှင်လိုက်၊ အစ်မက နှင်လိုက်နဲ့ ရင်မွှေး ဘယ်နားသွားနေရမှာလဲ””

အရီးနှင့်အတူ ယောက်ျားလေးငါးဦး ပါလာပြီး အောက်လင်းမီးထိုးရန် ကြိုးစားနေကြသည်ကိုပင် သတိမထားမိဘဲ  ခြေဆောင့်၍ ငိုမဲ့မဲ့ပြောမိသည်။

““ဟဲ့...ကလေးက ပွဲခင်းထဲသွားနေပေါ့။ဟိုမှာ နင့်သူငယ်ချင်းတွေလည်း ရှိသားပဲ””

““ပွဲမှမထွက်သေးတာ ဆိုင်းတီးတာ  ဘာလုပ်ဖို့လဲ။ မနေဘူး။ ရွာပဲပြန်မယ်။ ရင်မွှေးဘာသာ လှည်းမောင်းပြန်မယ်””

““အေး...နင့်ကို ခင်တန်းဘက်က သရဲထွက်ဆွဲလိမ့်မယ်။ သွားသွား အဲဒီလိုပဲ ဆရာလေးရေ။ တူမငယ်လေးက တအားဆိုးတာပဲ။ သူ့အပါးနဲ့ အစ်မက အလိုလိုက်ထားတော့ ဆိုးတာလွန်ရော””

ပြောရင်းဆိုရင်းနဲ့အရီးက တစ်စုံတစ်ဦးကို တိုင်တည်လိုက်သည်။ မှောင်နေ၍  ဘယ်သူမှန်းမသိပေ။ သို့သော် ဆရာဟူသော အခေါ်အဝေါ်က အတော်လေး ထူးဆန်းနေ၏။

““ဆရာလေးရေ  အုန်းသီးခြစ်တဲ့အဖွဲ့ကို အပေါ်မှာ တင်လိုက်တာပဲ ကောင်းမယ်နော်။ အောက်မှာက သဲတွေဖုန်တွေလွင့်တာနဲ့””

““ကောင်းပါတယ်ဗျာ။ ကျွန်တော်လည်း ၀ိုင်းခြစ်ပေးပါ့မယ်””              

 ဆက်လက်ဖော်ပြပါမည်။

Page 9 of 68