SJ WorldNews - шаблон joomla Авто
အခန်းဆက်ဝတ္ထုရှည်

အခန်းဆက်ဝတ္ထုရှည် (859)

အခန်းဆက်ဝတ္ထုရှည်

ယမန်နေ့မှအဆက်

ပြည်မှစစ်ကူသင်္ဘောများ ရောက်လာကြသည်နှင့် ရန်ကုန်မှ စစ်ကူသင်္ဘောများ ရောက်လာကြလိမ့်မည်ဟု သတင်းကြားသိရပြန်၏။ ဗိုလ်မှူးကြီးသည် အမြောက် များ၊ အမြောက်ဆွဲမြင်းများ၊ လှည်းလွတ်များအားလုံး တို့ကို ကုလားနက်တပ်သား ၂ဝဝ၊ အုပ်ချုပ်သူဂေါ်ရာ စစ်ဗိုလ် ၁၁ ယောက်တို့နှင့်အတူ ကုန်းလမ်းအတိုင်း ဓနုဖြူသို့ သယ်ယူလာကြရန် စေခိုင်း၏။ ထို့ပြင် တွေ့သမျှ မြင်သမျှ သန်သန်မာမာ မြန်မာယောက်ျား၊ မိန်းမတို့ကို လည်း မိမိတို့စစ်ချီတက်ရာ၌ အသုံးချစေနိုင်ရန် ရသမျှအားလုံးခေါ်သွားရမည်ဟု အမိန့်ပေးလိုက်၏။ ကျန်သော ကုလားဖြူတပ်ကူ၊ တပ်ထောက်၊ တပ်သားအားလုံးတို့ကို သင်္ဘောတွင်တင်၍ဓနုဖြူသို့စုန်ဆင်း၏။

ထိုအချိန်က ဓနုဖြူမြို့သည် မီးလောင်ကွက်မျှသာ ဖြစ်၏။ လူသူအရိပ်အယောင်ဟူ၍ တစ်ယောက်တလေ မျှမမြင်ကြရ။ ကမ်းထက်၌ သီတင်းသုံးသည့် ပုဂ္ဂိုလ်မရှိသော ဘုန်းတော်ကြီးကျောင်း အချို့သာလျှင် တည်းတည်းကျန် ရစ်၏။

ကုလားဖြူဗိုလ်မှူးကြီးသည် ရန်ကုန်မှတက်လာကြ မည့် စစ်ကူများကိုစောင့်ရင်း ကုလားဖြူတပ်သား၊ တပ်ဗိုလ် အားလုံးတို့ကို ရေလယ်ရှိသင်္ဘောများပေါ်၌နေစေ၏။ အိန္ဒိယတိုင်းရင်းသား ကုလားနက်စစ်သားများကိုမူ ယင်းတို့ အတင်းအကျပ် ခေါ်ဆောင်လာကြသည့် မြန်မာများ နှင့်အတူ ကုန်းပေါ်ရှိဘုန်းတော်ကြီးကျောင်းများ၌ နေရာချ ထား၏။

နေ့လယ်နေ့ခင်းအချိန်တို့၌ ဗိုလ်မှူးကြီးကိုယ်တိုင် ကုန်းပေါ်သို့တက်လာလျက် ကုလားနက်တို့ကိုအုပ်ချုပ် သည့် ဂေါ်ရာအကြပ်တပ်ဗိုလ်တို့နှင့် တိုင်ပင်ဆွေးနွေး ၍ သင်္ဘောသို့ပြန်သွားလေ့ရှိ၏။ ကုလားနက်များက အတင်းအဓမ္မခြိမ်းခြောက်ခေါ် ဆောင်လာသဖြင့် တွေ့ရာနေရာမှ လိုက်ပါလာခဲ့ကြရရှာ သော မြန်မာတို့သည် မကြာမီအတွင်း မိမိတို့သည် ကုလားတပ်ချီတက်ရာသို့ လိုက်ပါသွားရမည်ဖြစ်ကြောင်း သိလာကြရ၏။

ထပ်၍သိရသည်ကား မြန်မာတို့သည် ကုလားတို့ တက်လာရာလမ်းတစ်လျှောက်လုံး၌ ထောင်ချောက်များ၊ ထူးကျင်းများ ထောင်ထားလေ့ရှိ၏။ ထို့ကြောင့် ယခုဖမ်း ဆီးခေါ်ဆောင်လာသည့် မြန်မာယောက်ျား၊ မိန်းမအားလုံး တို့ကို ကုလားတို့၏ရှေ့မှသွားစေမည်။ မြန်မာတို့ထောင် ထားသည့်ထောင်ချောက်များအတွင်းသို့ မြန်မာများကို ပင်ကျစေမိစေရမည်ဟု စီစဉ်ကြခြင်းဖြစ်၏။ ထိုသတင်းကို ကြားသိလာကြသောအခါ ကုလားဖြူတို့လက်ထဲ၌ နေကြ သည့်မြန်မာအားလုံးတို့ ထိတ်လန့်တုန်လှုပ်နေကြ၏။

သို့သော် ထိုသတင်းရရှိပြီး နှစ်ရက်အကြာ၌ အဖမ်း အဆီးခံနေကြရသော မြန်မာအုပ်စုထဲမှ မြန်မာယောက်ျား ကြီးများက အချို့ကုလားဖြူတို့၏ မဒရပ်မြင်းကြီးများကို ယူလျက် ထွက်ပြေးလွတ်မြောက်သွားကြ၏။ နောက်တစ်နေ့တွင် ကုလားလက်နက်ကိုင် တပ်ကိုလာရောက်စီး နင်းကြ၏။ မြန်မာတို့သည် ရေလယ်သင်္ဘောမှ ကုလားဖြူ  များကမ်းပေါ်သို့ မတက်ရောက်နိုင်ရန် ကမ်းခြေ၌ အစောင့်ချတိုက်ခိုက်၏။ ထို့နောက်ကုလားနက်တို့အဖမ်းအဆီးခံ ထားရသည့်မြန်မာတို့ကို ခွဲခြားတိုက်ယူ၏။ ကုလားနက် တို့ကား အမြောက်များနှင့် အမြောက်ဆွဲမြင်းတို့ကို ကာကွယ်စောင့်ကြပ်နေသောကြောင့် ဖမ်းဆီးခေါ်ဆောင် လာသည့်မြန်မာတို့ကို လက်လွှတ်လိုက်ကြရ၏။

သို့သော်...လာရောက်တိုက်ခိုက်သည့်မြန်မာတို့ အဖို့ အောင်မြင်သင့်သလောက် မအောင်မြင်ကြ၊ ကုလား ဖြူတို့ဖမ်းဆီးခေါ်ဆောင်လာကြသည့် မြန်မာများအနက် အများစုဖြစ်သော မြန်မာမိန်းမနှင့်ယောက်ျားအချို့သည် မြန်မာအချင်းချင်းခေါ်ဆောင်ရာသို့ မလိုက်ဝံ့အောင်ဖြစ် နေ၏။ လာရောက်စီးနင်းကြသည့် မြန်မာသူပုန်တို့သည် အလွန် စိတ်မချမ်းမြေ့စွာ ဆုတ်ခွာပြန်ခဲ့ကြရသည်။

ကုလားဖြူဗိုလ်မှူးကြီးချိပ်သည် ကုလားဖြူလက်ရွေး စင်တပ်သား ၅ဝဝ၊ ကုလားမည်းတပ်သား ၅ဝဝ၊ စစ်မြေ ပြင်ဝန်ပေါ့အမြောက် နှစ်လက်၊ ဒုံးပျံအမြောက်သုံးလက်၊ စိန်ပြောင်းနှစ်လက်၊ တံတားလမ်းဆောက်လုပ်ဖောက် လုပ်ရေး ဆပ္ပားမိုင်းနားတပ်သား ၇ဝ၊ တပ်ဦးမှ ရှေ့ ဆောင်လမ်းပြချီတက်ရန် ဖမ်းလာသောမြန်မာယောက်ျား မိန်းမ ၃ဝဝ၊ လှည်းအစီး ၅ဝဝ နှင့် လှည်းမောင်းသူ ၅ဝဝ။ ထိုသူအားလုံးတို့အတွက် ရိက္ခာ ခုနစ်ရက်စာတို့ကို သယ်ဆောင်လျက် ၁၈၅၃ ခုနှစ် မတ် ၇ ရက်မြန်မာ သက္ကရာဇ် ၁၂၁၄ ခုနှစ် တပေါင်းလပြည့်ကျော် ၁၂ ရက် တို့၌ ဓနုဖြူမြို့နေရာ ဆိပ်ကမ်းမှ မြန်မာသူပုန်တို့ရှိရာ သို့ချီတက်၏။

တပ်ချီရာ၌ မြန်မာအမျိုးသမီးများ၊ မြန်မာယောက်ျား များက ကုလားဖြူတို့၏အထုပ်အပိုး၊ အလေးအပင်တို့ကို ထမ်းကြရွက်ကြလျက် ရှေ့ဆုံးမှသွားကြရ၏။ ထိုသူတို့ ၏နောက်မှကုလားမည်းတပ်သားများ၊ ကုလားမည်းတပ် သားများ၏နောက်မှ ကုလားဖြူတပ်နှင့်အမြောက်တပ်၊ ထို့နောက်မှ ရိက္ခာလှည်း၊ ထို့နောက်မှ ဂေါ်ရာအစောင့်တပ် ဤအစီအစဉ် အတိုင်းတက်ကြရ၏။ မြန်မာတို့သည် ထူးကျင်းများ၊ ထောင်ချောက်များကို လုံးဝမပြုလုပ်ကြတော့ဘဲ အကာအကွယ်ကောင်းရာအရပ်၊ ဆီးဆို့တိုက်ရန်သင့်ရာအရပ်တို့မှ စောင့်ကြိုတိုက်ကြ၏။

ထို့နောက် ကျုံတနော်မှဆွေဆက်ကိုယ်တိုင်ဦးစီးလျက် သစ်တပ်ထူထောင်ကာ အလုံးအရင်းဖြင့်ခုခံ၏။ ကျုံတနော်မှဆုတ်ရလျှင် ကျိုက္ကစင်းရွာမရှိ ဦးရွှေပန်း ရှိရာသို့ အတူရောနှော ပူးပေါင်း၍ ခုခံမည်။ ထိုကမှဆုတ် ရလျှင် ဦးမြတ်ထွန်းရှိရာ ကျိုက္ကစင်းဥယျာဉ်သစ်တပ်မှ အားလုံးစုပေါင်း ခုခံမည်ဟု အစီအစဉ်ပြုထားကြ၏။ ဆွေဆက်တို့သည် ထိုအစီအစဉ်ပြုထားသည့် အတိုင်း တစ်ဆင့်စီ တစ်ဆင့်စီ ခုခံလာကြရ၏။ ကုလားဖြူဗိုလ်မှူး ကြီး ဆာဂျွန်ချိပ်သည် ရေရှည်ဝိုင်းရံတိုက်ခိုက်သည့်စနစ် ကိုသုံး၏။ ပထမဆုံးမြန်မာတို့ဆီမှ ရရှိလိုက်သည့် ဝိတိုရိယဘုရင်မကြီး၏ ရေတပ်မတော်သားတို့ကိုင်သော သေနတ်ကို မြှောက်ပြလျက် ''ဒီမှာကြည့်စမ်း ဟောဒီသေနတ် တွေဟာ မြန်မာသူပုန်တွေ လက်ထဲကို ရောက်နေကြတယ်။ ဘယ်လောက်အမျိုးကောင်းတဲ့ သေနတ်တွေလဲ။ ဒါပေမဲ့ မင်းတို့သိထားဖို့က ဒီိသေနတ်တွေဟာ ကျည်ဆန်မရှိရင် အားလုံးတုတ်ဖြစ်သွားမှာပဲ''ဟုပြော၏။

ကုလားဖြူဗိုလ်မှူးကြီးပြောသည်မှာ ဟုတ်လေသည်။ ဆွေဆက်မြင်းတပ်ကြီးတစ်ခုလုံးသည် မကြာမီအဆိုပါ သေနတ်များကိုကျော၌ အပိုလေးပင်အောင် လွယ်ထားရသည့် အဆောင်အယောင် တစ်ခုကဲ့သို့ဖြစ်လာ၏။

ဦးရွှေပန်းတို့ကို ဆက်လက်တိုက်ခိုက်နေသည့် ကုလား ဖြူဗိုလ်မှူးကြီးသည် ခန့်မှန်းထားသည့်ရက်နှင့် အပြီးအပိုင် မတိုက်ခိုက်နိုင်သောအခါ ကုလားဖြူတပ်သား ၃ဝဝ ကို ကျုံတနော်သို့ စေလွှတ်လျက် ရသမျှရိက္ခာတို့ကို ဆက်လက် စုဆောင်းယူလာစေ၏။

ဆက်လက်ဖော်ပြပါမည်။

ရန်ကုန် ဘဆွေ

Page 14 of 62