SJ WorldNews - шаблон joomla Авто
အခန်းဆက်ဝတ္ထုရှည်

အခန်းဆက်ဝတ္ထုရှည် (917)

အခန်းဆက်ဝတ္ထုရှည်

Monday, 09 March 2020 12:34

နော်ရင်မွှေး

Written by

ယမန်နေ့မှအဆက်

ရင်ထဲမှာ အလိုလိုအေးမြသွားသည်။ ဝေး၍ကျန်ခဲ့သော ကမ်းနီဘုရားကုန်းတော်ကို ငေးမျှော်ကြည့်ရင်း က ဆရာ့ကို သတိရလာပြီး မောဟိုက်လာ၏။ ခြင်းထဲမှ ရေဘူးကို ဖွင့်၍ ရေသောက်လိုက်သည်။ ဖြူးနှင့် တောင်ငူ က သိပ်မဝေးလှ။ စစ်တောင်းမြစ်ရေ ဆက်နေသည်။

''ဟောဗျာ စကားတွေ အများကြီး ပြောနေတဲ့ ကျွန်တော်တို့ နှစ်ယောက်က ရေမငတ်ရဘူး။ အစ်မက ရေငတ် ရတယ် ဗျာ''

''ဒေါက်တာတို့ အစား အာခြောက်လို့ပေါ့''

ရယ်မော၍ ချော်လဲရောထိုင် လိုက်သည်။

ကလေးကလည်း ယခုမှ ရေသောက်ရန် သတိရဟန်ဖြင့် ရေတစ်ခွက် လှမ်းတောင်းလိုက်သည်။

ထို့နောက် ရွှေလေးအင်း အရှေ့ဆင်ရွာ၊ အနောက်ဆင်ရွာဟူသော ရွာကြီးများကို ဖြတ်ကျော်ပြီး ဒိုးအင်းသို့ ရောက် ခဲ့သည်။ ဒိုးအင်းသို့ရောက်သော အချိန်သည် နေမွန်းတည့်နေ၏။ စဥ့်အိုင်ရွာတွင် ချိန်းထား၍ စဥ့်အိုင်သို့ အလျင် ဆင်းရသည်။

ရေအနည်းငယ် ကျသွားသောကြောင့် နုန်းမြေများက မြစ်ဆိပ်တွင် တင်နေသည်။ ငယ်စဉ်ကတည်းက ရွှံ့နှင့် ရင်းနှီး သော်လည်း မြို့ပေါ်မှာ အနေများသောကြောင့် ရွှံ့ကို ကြောက်မိသည်။

ကလေးကတော့ ငယ်ရွယ်သူပီပီ မိမိလက်ကိုဆွဲ၍ ညွန်ရုန်းရင်း အတော်လေး ပျော်နေသည်။

သောင်ပြင်၌ မြေပဲခင်းများကို တွေ့ရသောအခါ အမှတ်မထင် မိမိတို့ နန္ဒမိတ်ရွာမှ မြေပဲခင်းများကို သတိရမိ သည်။ ပြီးတော့

ဘယ်လိုမှ မေ့ပျောက်၍ မရသော အကြောင်းအရာ ကလေးများ-

''သြော်...ဆရာရယ် နော်ရင်မွှေး ဘဝကို စိုးမိုးလှချည်လားဆရာ။ အခုဘယ်များ ရောက်နေပါလိမ့်နော်''

''ဟောဗျာ အစ်မက လမ်းလျှောက်ရင်းများ အိပ်ပျော် နေသလားလို့''

''ဟုတ်ပါရဲ့ အမိုးကလည်း ဦးဦး ခေါ်နေတာ ကြာလှပြီ''

ရွှံ့ဖုံးနေသောညွန်မှ ကျော်ပြီး မြေပဲခင်းထဲ ရောက်လာမှန်းတော့ သတိထားမိသည်။ ဒေါက်တာဟန်ကြည် စကားပြော သည်ကို မသိလိုက်။ ကိုယ့်အပြစ်နှင့် ကိုယ်မို့ ရယ်မော၍ နေလိုက်သည်။

''ကျွန်တော်တို့ ဒိုးအင်းရောက်မှ နားမယ်နော် အစ်မ''

''ဒေါက်တာ စီစဉ်ထားသလိုသာ လုပ်ပါ''

စဥ့်အိုင်ကျေးရွာလူကြီး အိမ်တွင် ခဏနားပြီး အသင့် စောင့်နေသူများကို ကာကွယ်ဆေး ထိုးပေးသည်။ လူ၁၅ ယောက်မှာ ခဏလေးသာ ဖြစ်သည်။ ထို့နောက်ဒိုးအင်းသို့ ခရီးဆက်ရသည်။ ဒိုးအင်းရွာက စဥ့်အိုင်နှင့် မဝေးလှ ပေ။ မဝါရွာသို့ မသွားတော့ဘဲ ဒိုးအင်းကျေးရွာ လူကြီးအိမ်၌ စတည်းချပြီး ကာကွယ်ဆေး ထိုးပေးရသည်။ မဝါရွာနှင့် စဥ့်အိုင်မှ ကျန်နေသည့် လူများကိုပါ ဖိတ်ခေါ်၍ ထိုးပေးရသည်။

ကာကွယ်ဆေးသည် အရေးပါကြောင်း သိနေ၍ စည်းရုံးစရာပင် မလိုတော့ပေ။

ထိုမှတစ်ဆင့် ပဒဲသို့ပိန်း ကောလှေလေးနှင့် ကူးရသည်။ သောင်ထွန်းနေသောကြောင့် လှေကိုကမ်းစပ် မ ရောက်မီ ရပ်ထားရပြီး ရေထဲ ဆင်းလျှောက်ရ၏။ ခြေသလုံးခန့် မြုပ်သောရေထဲတွင် ကလေးပျော်နေ၏။ ကျယ် ပြန့်သော သောင်ခုံကို တွေ့ရသောအခါ ကလေးက ဝမ်းသာအားရ ပြေးလွှား ခုန်ပေါက်လေသည်။

ညနေချိန် ဖြစ်သောကြောင့် ကမ်းစပ်တွင် ရေချိုးနေကြသော ရွာသားများကို တွေ့သောအခါ ကလေးက အော် ဟစ်ပြီး နော်ရင်မွှေး ထံသို့ ပြေးလာလေသည်။

''မိုးရေ၊ ကလေး ရေချိုးချင်တယ်။ မြစ်ထဲမှာ ရေချိုးချင်တယ်''

''အို...မြစ်ရေထဲ မချိုးရဘူး ကလေးရဲ့''

''ဟင့်အင်း...ချိုးချင်တယ်။ ဟိုမှာ သူများတွေတောင် ချိုးနေပြီပဲ''

''မချိုးပါနဲ့ ကလေးရယ်၊ စစ်တောင်း မြစ်ရေက ဧည့်သည် မချိုးရဘူး''

''ဘာလို့လဲဟင်''

ငယ်စဉ်ကတည်းက အစွဲအလမ်းကလေးတစ်ခုက ပျောက်၍ မသွားပေ။ ကလေးက ပါးစပ်ကလေး ဟပြီး တအံ့ တသြ ငေးနေစဉ်-

''အစ်မကလည်းဗျာ ကလေးစိတ်ကို လန့်အောင် မပြောပါနဲ့။ ရေကြောမသိဘဲ ရေဆင်းချိုးတဲ့ ဧည့်သည် တွေ အတွက် ရန်များ တာပါ။ ရေကြောနားလည်တဲ့ ရွာခံလူတွေနဲ့ အတူတူချိုးရင် ဘာမှ မဖြစ်ပါဘူးဗျာ''

ဆက်လက်ဖော်ပြပါမည်။

မြသန္တာ

 

Page 4 of 66