SJ WorldNews - шаблон joomla Авто
အခန်းဆက်ဝတ္ထုရှည်

အခန်းဆက်ဝတ္ထုရှည် (917)

အခန်းဆက်ဝတ္ထုရှည်

Wednesday, 26 February 2020 09:31

နော်ရင်မွှေး ............

Written by

ယမန်နေ့မှအဆက်

““ကိုယ့်ရဲ့ကြိုးစားမှုကို   အောင်မြင်လာတဲ့အခါ ဂုဏ်ယူရမှာပေါ့ ရင်မွှေး။ ဆရာတော့ သိပ်ဂုဏ်ယူတယ်။ ရင်မွှေးကို ဆရာ သိပ်ချီးကျူးတယ်။ ရင်မွှေး သိပ်တော် တာပဲ။ ခုနတည်းက ဆရာပြောမလို့ပဲ။ လူတွေကြားထဲမှာ ခံစားမှုကို ထိန်းချုပ်နေရ မှာစိုးလို့။ ကဲ...အခု ရင်မွှေး ငိုချင်ငို၊ ရယ်ချင်ရယ်လေ””

ဆရာ့အသံက တုန်ရီနေပြီး ၀မ်းသာမှုကြောင့် မျက်လုံးအစုံမှာ တဖျတ်ဖျတ်လဲ့နေသော်လည်း ရင်မွှေး ရင်ထဲတွင် မခံစားတတ်အောင် လွတ်ဟာ၍နေ၏။

““ရင်မွှေး ဆရာဝန်မကြီးဖြစ်ပြီပေါ့။ ရင်မွှေးဖြစ်ချင် တာ ဖြစ်ရပြီပေါ့နော်””

ဆရာ့စကားကြောင့် ရုတ်တရက် အိပ်ရာမှလန့်နိုး သကဲ့သို့ တုန်လှုပ်သွားမိသည်။ ထို့နောက် မျက်ရည်များ အဆက်မပြတ် ယိုစီးလာပြီး မိမိအား စာမေးပွဲ အောင်စေချင်လွန်းသော အပါးနှင့်အစ်မကို သတိရလာ သည်။ သူတို့အား ရှိစေချင်သည်။ မြင်စေချင်သည်။

““အို ကလေးရယ် ငိုလိုက်စမ်းပါ။ အားရအောင် ငိုလိုက်စမ်းပါကွယ်”” ဆရာက မိမိဦးခေါင်းကိုထွေးပွေ့ရင်းက ယုယကြင်နာ စွာပြောလိုက်သဖြင့် စိတ်ကိုလျှော့ချလိုက်ပြီး ဆရာ့ ရင်ခွင်ထဲတွင် တသိမ့်သိမ့်ငိုရှိုက်မိပါတော့သည်။ ဆရာကား နော်ရင်မွှေးကျောကိုပွတ်သပ်ချော့မြှူ ရင်းက-

““ဆရာ့တူဇော်လိုပဲ ရင်မွှေးလည်းဆေးကျောင်းသူကြီး ဖြစ်ရတော့မှာပေါ့””

ဆရာ့ရင်ခွင်ထဲမှ ဆတ်ခနဲရုန်းထွက်ပြီး ဆရာ့ကို ကြည့်လိုက်မိသည်။

““ကံကြမ်္မာက  ရင်မွှေးကို ဆေးကျောင်းတက်ခွင့် မပြုဘူးဆရာရဲ့။ အစ်မလည်း ရှစ်တန်းပဲအောင်ခဲ့တယ် ဆရာ။ ဒါပေမဲ့ ရင်မွှေးနဲ့ အပါးကိုငဲ့ပြီး ကျောင်းဆက် မတက်ဘဲ နေခဲ့တယ်။ အခု ရင်မွှေးအလှည့် ရင်မွှေးမှာ ငဲ့စရာရှိ နေပြီလေ။ ရင်မွှေးအတွက် အစစအနစ်နာ ခံခဲ့တဲ့ အစ်မသမီးကို ရင်မွှေးက ပစ်သွားရမှာလား””

““ဒါတွေမပူပါနဲ့ ကလေးရယ်။ ဆရာ အစစ တာဝန် ယူပါ့မယ်။ အပါးတို့၊ အစ်မတို့ဖြစ်စေချင်တဲ့ ဆရာဝန် ကိုသာ  ဖြစ်အောင်လုပ်ပါ။ ဆရာ့ကို အားကိုးစမ်းပါ ကွယ်””

ခေါင်းကို   သွက်သွက်ခါအောင်ယမ်းလိုက်ရင်းက ဆရာ့ရင်ခွင်ထဲမှ ကလေးကိုဆွဲယူ၍ ချီမြှောက်လိုက်မိ သည်။

““ဒီမှာလေ ဆရာဝန်မကြီး နော်သဲဆူး။ နော်သဲဆူး အမေက လယ်သူမကြီး နော်ရင်မွှေးလေ။ နော်ရင်မွှေး ရဲ့သမီး နော်သဲဆူးဟာ ဆရာဝန်မကြီးဖြစ်ရမယ်။ သူ့အဘိုးနဲ့ သူ့အမေအပေါ်တင်ခဲ့တဲ့ ရာဇ၀င်ကြွေးတွေကို ဆပ်ရမယ်လေ။ ကလေး ဆရာဝန်ဖြစ်မှ လယ်တော ကိုစွန့်ပြီး ကလေးနဲ့အတူ တကောက်ကောက်လိုက်ပြီး ဆေးကုမှာ။ ဆေးမရောက် တဲ့ ရွာကို ဆေးပေးမယ်။

ဆရာဝန်မရောက်တဲ့ရွာကို ဆရာဝန်ပေးမယ်။ ရင်မွှေး ဆုံးဖြတ်ချက်ကို ဘယ်လိုမှ မပြင်နိုင်တော့ဘူး”” ဆရာ့ထံမှ သက်ပြင်းချသံကိုကြားလိုက်ရသည်။

ထပ်ပြောလျှင် မရမည်မှန်းသိ၍ ဘာမျှထပ်မပြောတော့ ပေ။ သို့သော် ဆရာ့မျက်ဝန်းအိမ်ထဲတွင် မျက်ရည်များ ပြည့်လျှံနေသည်ကိုတော့ သတိထားမိလိုက်သည်။

မိမိရင်ထဲ၌ မျှော်မှန်းထားခဲ့ရသော ဘ၀ရည်မှန်းချက် အတွက် ဆုံးရှုံးမှုဝေဒနာကား တောက်လောင်နေဆဲ၊ ပူလောင်ဆဲဖြစ်ပါသည်။

သို့သော် သားကောင်းမိခင်ကို မွေးဖွားပေးရမည့် မိခင်မာန်နှင့်ဟန်အပြည့်ချီကာ   ဦးလည်ကိုမော့၍  ပြုံးရင်း   ကလေးအား ကျီစယ်နေမိ သည်။ ပြီးတော့  ကြေကွဲနေသည့်ဆရာ့အား ဖြေသိမ့်လိုက်၏။

““မခံစားပါနဲ့ ဆရာရယ်၊   ရင်မွှေးအတွက် စိတ် မကောင်းမဖြစ်ပါနဲ့နော်။ ရင်မွှေးလယ်တောကို စိတ်ဝင် စားပါတယ်””

အခန်း (၈)

နုထွေးသစ်လွင်သောနေရောင်ခြည်သည် အရှေ့ ဘက်ကောင်းကင်ဆီမှ အေးဆေးစွာပေါ်ထွက်လာ၏။ သို့သော် ဒေါသတကြီးနှင့်မိုးသားမည်းများကိုရှောင်ရှား ရင်းက လောကအလင်းကို ထွန်းလင်းတောက်ပစေ သည်။ တစ်ချက်တစ်ချက်တွင် ဝှေ့ယမ်းတိုက်ခတ်လာ သော ၀သန်လေပြည်ကိုရှောင်ရှားနေရသေးသည်။

အိပ်ရာမှနိုးလာသော ငွေဗျိုင်းတစ်စုက လယ်ကန် သင်းမှာ ၀ဲပျံ၍ဆင်းလာကြသည်။ ကိုယ့်ကိုယ်ကိုယ် နော်ရင်မွှေးဟု မထင်ပေ။ တ၀ါးမ ဟုသာ ထင်နေမိသည်။    

ဆက်လက်ဖော်ပြပါမည်။

မြသန္တာ

Page 5 of 66