SJ WorldNews - шаблон joomla Авто

မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းမြို့နယ် ရက္ကန်းသည်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

Thursday, 11 July 2019 11:38 font size decrease font size decrease font size increase font size increase font size

မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းမြို့နယ် ရက္ကန်းသည်မကျေးရွာအုပ်ချုပ်ရေးမှူးသည် ကျေးရွာပိုင်ကွင်းအမှတ် (၁၉)(ခ)ကွင်း သောင်နုမြေများကို လယ်သမားခုနစ်ဦးအား စုစုပေါင်းငွေကျပ် ၄၄ဝဝဝဝဝ ဖြင့် ရောင်းချခဲ့ခြင်း၊၂ဝ၁၈ ခုနှစ် မိုးရာသီတွင် ပျက်စီးဆုံးရှုံးခဲ့သော လယ်မြေ ၁၇၂၆ ဧကအတွက် နိုင်ငံတော်က တစ်ဧကလျှင်ငွေကျပ် ၈၅ဝဝ နှုန်းဖြင့် ထောက်ပံ့ကူညီငွေများမှ တစ်ဧကလျှင် ငွေကျပ် ၁ဝဝဝ နှုန်းဖြင့် လယ်သမား ၁၃ ဦးထံမှ  စုစုပေါင်းငွေကျပ် ၁၄၅ဝဝဝ တောင်းခံခဲ့ခြင်းတို့အား စစ်ဆေး အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့သည်။

တိုင်ကြားစာအရ   အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းမြို့နယ် ရက္ကန်းသည်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်သည် ကျေးရွာပိုင် သောင်နုမြေအတွင်း မြေပိုများအား လယ်မြေရရှိခြင်းမရှိသော ရွာသားများထံ ရောင်းချခဲ့ရာတွင် ရွာသားလေးဦးထံမှ စုစုပေါင်းငွေကျပ် ၂၉၅ဝဝဝဝ ရယူ၍ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း၊ လုပ်ကိုင်လျက်ရှိသော လယ်မြေကို ဆက်လက် လုပ်ကိုင်နိုင်ရန်အတွက်  ငွေကျပ် ၄ဝဝဝဝဝ ကို တောင်းခံရယူခဲ့ခြင်း၊ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)လျှောက်ထားရန် ပုံစံ(၁)ရရှိရေးနှင့် လယ်မြေအရောင်းအဝယ်စာချုပ် အသစ်ချုပ်ဆိုရန်အတွက် ငွေကျပ် ၆၇ဝဝဝဝ ကို တောင်းခံရယူခဲ့ခြင်း၊    လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)လျှောက်ထားရန်အတွက် ငွေကျပ် ၅၅ဝဝဝဝ ကို တောင်းခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှုကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းမြို့နယ် ရက္ကန်းသည်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်အပေါ်  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ မွန်ပြည်နယ်  ဘီးလင်းမြို့နယ်   တောင်စွန်းရဲစခန်းတွင်  ယနေ့ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။ 

Read 53 times