SJ WorldNews - шаблон joomla Авто

ထိုင်းနိုင်ငံ အလုပ်သမား သံအရာရှိနှင့် ဒေသခန့် ဝန်ထမ်းနှစ်ဦးတို့ အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

Friday, 08 November 2019 08:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော် နိုဝင်ဘာ ၇

နိုင်ငံတော်မှ ပေးအပ်ထားသော လုပ်ပိုင်ခွင့်အာဏာများကို အလွဲသုံးစားပြု၍ အဂတိ လိုက်စား ဆောင်ရွက်နေသော ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ အလုပ်သမား သံအရာရှိသည် အလုပ်ခေါ်စာ (Demand Letter)များကို ခွင့်ပြုမိန့် အမြန်လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍  ကုမ္ပဏီ ၁၂ ခုထံမှ လာဘ်ငွေ ထိုင်းဘတ်ငွေ  ၅၇၄၃ဝဝ ကို တောင်းခံရယူခြင်း၊ ပြည်ပအလုပ်အကိုင် အေဂျင်စီ ကုမ္ပဏီများက   အလုပ်သမား အမည်စာရင်း (Name List)များ တင်ပြရာတွင် အလုပ်သမား တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁ဝဝ နှုန်းဖြင့် ကုမ္ပဏီ ၁၆ ခုထံမှ ထိုင်းဘတ်ငွေ ၃၈၇၃ဝဝဝ ကို   လက်ခံရယူခဲ့ကြောင်းဖော်ပြ၍ အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

တိုင်ကြားစာနှင့်စပ်လျဉ်း၍   အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး  ပြည်တွင်းတွင် တိုင်ကြားသူ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် သက်သေများ စစ်ဆေးခြင်း၊ စာရွက်စာတမ်း အထောက်အထား သိမ်းဆည်းခြင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ စာရင်းများကို တောင်းခံရယူစစ်ဆေးခြင်းနှင့် တိုင်ကြားစာပါကိစ္စမှာ မြန်မာနိုင်ငံသားက  ပြည်ပတွင် ကျူးလွန်သည့်ကိစ္စဖြစ်၍ စုံစမ်း စစ်ဆေးရေး အဖွဲ့သည် ထိုင်းနိုင်ငံ  ဗန်ကောက်မြို့သို့ သွားရောက်ပြီး သက်သေများ စစ်ဆေးခြင်း၊ ထိုင်းနိုင်ငံရှိ ဘဏ်တစ်ခုမှ ဘဏ်စာရင်းများ တောင်းခံရယူခြင်းတို့ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေး တွေ့ရှိချက်အရ ထိုင်းနိုင်ငံ   အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ    အလုပ်သမားသံရုံး၌ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှ  ၂ဝ၁၉ ခုနှစ် သြဂုတ် ၁၆ ရက်ထိ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း အလုပ်ခေါ်စာ (Demand Letter) များကို ပြည်ပအလုပ်အကိုင် အေဂျင်စီ ကုမ္ပဏီများက တင်ပြရာတွင် ခွင့်ပြုမိန့် အမြန်လက်မှတ်ရေးထိုး ပေးရန်အတွက် ကုမ္ပဏီများထံမှ လာဘ်ငွေအဖြစ် ထိုင်းဘတ်ငွေများကို တောင်းခံရယူခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ပြင် ထိုင်းနိုင်ငံ အလုပ်သမား သံအရာရှိ  ဦးစန်းမောင်ဦးသည် ပြည်ပအလုပ်အကိုင်  အေဂျင်စီကုမ္ပဏီများက အလုပ်သမား အမည်စာရင်း (Name List)များကို တင်ပြရာတွင် အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁ဝဝ နှုန်းကောက်ခံပြီး ကုမ္ပဏီများထံမှ လာဘ်ငွေအဖြစ်  ထိုင်းဘတ်ငွေများကို ဒေသခန့်ဝန်ထမ်း ဦးသန်းထိုက်စိုး (ခ)ကိုစိုးနှင့် ဦးစောပြည့်ငြိမ်း (ခ) စောဂျက်အပါအဝင် ၎င်းကတာဝန်ပေးအပ်ထားသည့် အရပ်သား တချို့ထံမှတစ်ဆင့် လက်ခံရယူခဲ့ခြင်းဖြင့်   ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း၊ ဦးသန်းထိုက်စိုး(ခ) ကိုစိုးနှင့် ဦးစောပြည့်ငြိမ်း (ခ) စောဂျက်တို့သည် ဦးစန်းမောင်ဦး အဂတိလိုက်စားမှု ကျူးလွန်ရာတွင် အားပေး ကူညီခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ထိုင်းနိုင်ငံ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ လည်းကောင်း၊ ဦးသန်းထိုက်စိုး (ခ) ကိုစိုးနှင့် ဦးစောပြည့်ငြိမ်း (ခ) စောဂျက်တို့အပေါ်  ဤဥပဒေပုဒ်မ ၅၆/၆၃ အရလည်းကောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)   မြို့မရဲစခန်းတွင် နိုဝင်ဘာ ၆ ရက်၌   ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍    တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။

(သတင်းစဉ်)

Read 19 times Last modified on Friday, 08 November 2019 08:50