နောင်ချို၊ မူးယစ်မှု
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအနီးရှိ အိုရီယမ် တယ်တိုးဂိတ်တွင် နိုဝင်ဘာ ၁၇ ရက်က ဆိုင်ကယ်စီးနင်းလာသူများထံမှ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ အမှတ်(၂၄) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်သောင်းရွှေ ဦးစီးသော တပ်ဖွဲ့ဝင်များ၊ ဘန့်ဘွေး ရဲကင်းစခန်းမှ ရဲအုပ် သီဟသူ ဦးစီးသော တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ နောင်ချိုမြို့နယ် ဘန့်ဘွေး ကျေးရွာ အနီးရှိ အိုရီ ယမ်တယ်တိုးဂိတ်၌ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကျောက်မဲ ဘက်မှ ပြင်ဦးလွင်ဘက်သို့ မန္တလေးတိုင်း ဒေသကြီး မြစ်သားမြို့နယ် ကူမဲမြို့ သူဌေးတန်း ရပ်ကွက်နေ ညီညီအောင် မောင်းနှင်ပြီး (လိပ်စာတူ) ဇော်မင်းထိုက် လိုက်ပါလာသည့် ၆၀ယ/ ……… XY အနက်ရောင် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေး ရှာဖွေရာ ညီညီအောင်၏ ယာဘက်ပေါင်တွင် အကြည်ရောင်တိပ်ဖြင့်ပတ်၍ ကပ်ချည် ထားသော အကြည် ရောင် တိပ်ပတ်လျက် အဖြူရောင်မိုင်းကိုင် စက္ကူဖြင့် ထုပ်ထားပြီး သိုဝှက် သယ်ဆောင်လာသည့် ပန်းရောင်စိတ်ကြွ ဆေးပြား ၄၀၀၀ ပြား၊ ဇော်မင်းထိုက် ၏ ၀ဲဘက်ပေါင်တွင် အကြည်ရောင်တိပ်ဖြင့် ပတ်ပြီး သိုဝှက်သယ် ဆောင်လာသည့် ပန်းရောင်စိတ်ကြွ ဆေးပြား ၄၀၀၀ပြား စုစုပေါင်း ၈၀၀၀ပြား တန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀ ခန့် ရှာဖွေ တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
အလားတူ အဆိုပါနေ့တွင် ကျောက်မဲဘက်မှ ပြင်ဦးလွင်ဘက်သို့ ကျောက်မဲမြို့ ရပ်ကွက်(၇)နေ နေထွန်း(ခ)သားငယ်
မောင်းနှင်ပြီး မျိုးမင်းသူ လိုက်ပါလာသည့် ၄၁ယ/………… Yunde အနီရောင် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ မျိုးမင်းသူ ၀တ်ဆင်ထားသည့် အနက်ရောင် အတွင်းခံ ဘောင်းဘီအတွင်း သိုဝှက် သယ်ဆောင် လာသည့် လိမ္မော် ရောင် စိတ်ကြွ ဆေးပြား ၂၉၆၅ ပြား တန်ဖိုးငွေကျပ် ၅၉၃၀၀၀၀ ခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်များနှင့် ပတ်သက်၍ စိတ်ကြွဆေးပြားများ လက်ဝယ်တွေ့ ရှိသူများဖြစ်သည့် ညီညီအောင်နှင့် ဇော်မင်းထိုက် တို့အား မယ(ပ) ၁၁၆/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် လည်းကောင်း၊ နေထွန်း(ခ)သားငယ်နှင့် မျိုးမင်းသူတို့အား မယ(ပ)၁၁၇/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ တတ်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် လည်းကောင်း နောင်ချိုမြို့မ ရဲစခန်း က အသီးသီး အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။