SJ WorldNews - шаблон joomla Авто

ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

Tuesday, 11 February 2020 09:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၀

မန်္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ အကွက်ကြီး အမှတ်(ယ-၁၀)၊  အကွက်အမှတ် (၁ဃ/၂/၃/၄/၅/၆/၇)ရှိ ဒေါ်မြင့်မြင့် ၀င်း(ဘ) ဦးတင်မြင့်အောင်   ပိုင်ဆိုင်ပြီး မန်နေဂျာ ဒေါ်နိုင်နိုင်မော်(ဘ) ဦးကျော်မြင့် တာဝန်ယူထိန်းသိမ်းသည့် လျှပ်စစ်ပစ္စည်းများ သိုလှောင်ထားသော အလျား ပေ ၁၈၀၊ အနံ ပေ ၆၀ ခန့်ရှိ  သိုလှောင်ရုံ၌ ဖေဖော်ဝါရီ ၉ ရက် ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် ဓာတ်တိုင်မှ   မီတာပုံးသို့  သွယ်တန်းထားသည့် ၀ိုင်ယာကြိုး အပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့   နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ် ၇၀ စီး၊ ရေသယ်ယာဉ် ၁၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃၀ စီးတို့ဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် စင်္ကြာနွယ်စဉ် အရန်မီးသတ်စခန်းမှ   မောင်တင်ဇော်အောင် (ဘ)ဦးလှဝင်း မီးခိုးလုံးများကြောင့် အသက်ရှူမွန်းကျပ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အရန်မီးသတ်တပ်ဖွဲ့မှ ဦးရဲမြင့်(ဘ)ဦးဝေလင်း  ယာလက်မောင်းနှင့် ရင်အုံပေါ်သို့ မီးလောင်ကျွမ်းထားသည့် တံခါးပြုတ်ကျနှင့် ပြည်ကြီးတံခွန်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ မောင်ကိုကိုလွင် (ဘ)ဦးရွှေမန်း ယာလက်ပြင်ပေါ်သို့ မီးလောင်ကျွမ်းထားသည့် တံခါးပြုတ်ကျ ဒဏ်ရာများ အသီးသီးရရှိခဲ့ကာ ည ၁၀ နာရီခွဲခန့်တွင် မန်္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့်  အလျား ပေ ၉၀၊ အနံ ပေ ၆၀ ခန့် သွပ်မိုးသွပ်ကာ သိုလှောင်ရုံတစ်ခြမ်း၊ လျှပ်စစ်ပ္စည်းများ၊ ကန်ဒါအမျိုးအစား မော်တော်ယာဉ်တစ်စီး၊ ဟွန်ဒါ အမျိုးအစား မော်တော်ဆိုင်ကယ် ၁၀ စီး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကာ မီးပေါ့ဆစွာ သုံးစွဲသူ ဒေါ်နိုင်နိုင်မော်အား ပြည်ကြီး တံခွန်မြို့နယ်ရဲစခန်းမှ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                 

Read 16 times Last modified on Tuesday, 11 February 2020 09:43