SJ WorldNews - шаблон joomla Авто

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်တို့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

Thursday, 21 May 2020 10:06 font size decrease font size decrease font size increase font size increase font size

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်တို့သည် ယနေ့ ည ၆ နာရီ ၁ဝ မိနစ်တွင် စကားပြောကြေးနန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြသည်။

 

ထိုသို့ဆက်သွယ်ပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကိုဆောင်ရွက်ရာတွင် ချီးကျူးဖွယ်ရာအောင်မြင်မှုများရရှိခဲ့သည့်အခြေအနေ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကြိုးပမ်းရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊  မြန်မာနိုင်ငံအား တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးအတွက် ဆေးပစ္စည်းများ နှင့်ကူညီပံ့ပိုးမှုများ ဆက်လက်တိုးမြှင့်ပေးအပ်ရေးကိစ္စများကို အလေး ပေးဆွေးနွေးခဲ့ကြသည်။               

 

ထို့ပြင် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ် ကိုအခြေခံ၍  မြန်မာ-တရုတ်  နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအရှိန်အဟုန်မြှင့်တင်ရေးကိစ္စ၊ မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ်(၇ဝ)ပြည့်မြောက်သည့် ၂ဝ၂ဝ ပြည့်နှစ်တွင် အထိမ်းအမှတ် အခမ်း အနားများကို  ကိုဗစ်-၁၉ အခြေအနေတည်ငြိမ်လာသည့်အခါ ကျင်းပသွားနိုင်ရေးကိစ္စ၊ နှစ်နိုင်ငံနယ် စပ်ဒေသတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စ၊  ဒေသတွင်းနှင့်  နိုင်ငံတကာ မျက်နှာစာများတွင် နှစ်နိုင်ငံဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စ၊ သမ္မတ မစ္စတာရှီကျင့်ဖျင်၏   ယခုနှစ်ဦးပိုင်းက လာရောက်ခဲ့သည့်   မြန်မာနိုင်ငံခရီးစဉ်အတွင်း အကောင်အထည်ဖော်ရန် ဆွေးနွေး ခဲ့သည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံအောက်မှ စီမံကိန်းများကို  အရှိန်အဟုန်မပျက် ဆက်လက်အကောင် အထည်ဖော်သွားရေးနှင့် ကိုဗစ်ကပ်ရောဂါအခြေအနေ တည်ငြိမ်လာသည့်အခါ နှစ်နိုင်ငံအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များ   အပြန်အလှန်လည်ပတ်ရေးကိစ္စရပ်တို့နှင့်ပတ်သက်၍  အဓိကထား ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

 

Read 132 times Last modified on Thursday, 21 May 2020 10:09