SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာ့စီးပွားရေးထိခိုက်သကဲ့သို့ မိမိတို့တိုင်းပြည်၏ စွမ်းအား၊ ပြည်သူ၏စွမ်းအားနှင့် စွမ်းဆောင်မှုများ၊ စီးပွားရေး၊ လူမှုရေး ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသဖြင့် အစစအရာရာ သတိထား၍ဆောင်ရွက်ကြရမည်ဖြစ်

Thursday, 21 May 2020 19:22 font size decrease font size decrease font size increase font size increase font size

 COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာ့စီးပွားရေးထိခိုက်သကဲ့သို့ မိမိတို့တိုင်းပြည်၏ စွမ်းအား၊ ပြည်သူ၏စွမ်းအားနှင့် စွမ်းဆောင်မှုများ၊ စီးပွားရေး၊ လူမှုရေး ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသဖြင့် အစစအရာရာ သတိထား၍ဆောင်ရွက်ကြရမည်ဖြစ်

နေပြည်တော်၊ မေ - ၂၁

ကမ္ဘာ့ကပ်ရောဂါ COVID-19  ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြား လိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး သတ္တမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်  အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံတွင် ရောဂါပိုးစတင်တွေ့ရှိရသည့် မတ် ၂၃ ရက်နေ့မှစ၍ လက်ရှိအချိန်အထိ  COVID-19  ရောဂါကူးစက်ခံရသူ ၁၉၉ ဦး၊ ပြန်လည်ကောင်းမွန်လာသူ ၁၀၈ ဦး၊ သေဆုံးသူ ၆ ဦး ရှိကြောင်း၊ ယနေ့နံနက်အထိ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ၊ ဒေသပေါင်း ၂၁၅ နိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ ၅ သန်း ၇ သောင်းကျော်၊ သေဆုံးသူ ၃ သိန်း ၂ သောင်း ကျော်နှင့် ရောဂါပျောက်ကင်းခဲ့သူ ၂ သန်း ၆ ထောင်ကျော်ဟု သိရှိရကြောင်း၊ နယူးဇီလန် နှင့် ကမ္ဘောဒီးယားနိုင်ငံ စသည့် အချို့နိုင်ငံများတွင် ရောဂါထိန်းချုပ်နိုင်ပြီဖြစ်သည်ဟု ဆိုသော်လည်း ရောဂါ လုံးဝကင်းစင်ပပျောက်ခြင်းမျိုး မဟုတ်သေးကြောင်း၊ မိမိတို့ နိုင်ငံတွင် စစ်ဆေးနိုင်သည့်ပမာဏ နည်းပါးလျက်ရှိနေသေးကြောင်း၊ COVID-19  ရောဂါနှင့် ပတ်သက်၍ လုံး၀ မလျှော့ကြရန်လိုကြောင်း။

ရောဂါဖြစ်ပွားမှုကြောင့် ရောဂါဖြစ်ပွားသူများ၊ ၎င်းတို့ကို ကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် အထောက်အကူပေးနေသူများ၊ မိသားစုဝင်များအားလုံး၏ လုပ်အား၊ စွမ်းအား၊ စွမ်းဆောင်နိုင်မှု များလျော့ကျသွားသဖြင့် တိုင်းပြည်စွမ်းအား၊ ကုန်ထုတ်လုပ်မှု၊ စီးပွားရေး၊ လူမှုရေး၊ တစ်ဦးချင်း ဝင်ငွေများကို ထိခိုက်စေကြောင်း၊   အချို့နိုင်ငံများတွင် ဖြေလျော့မှုများပြုလုပ်ရာ၌ တစ်ကျော့ပြန် ရောဂါပိုးကူးစက်မှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် အစစအရာရာ သတိထား၍ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် COVID-19  ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်သင့်လုပ်ထိုက်သည်များအားလုံးကို လုပ်ဆောင်ပေး လျက်ရှိကြောင်း၊ ပြည်သူများ အတွက်သာမက UWSA (ဝ)အဖွဲ့နှင့် KIO/KIA စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း မြန်မာနိုင်ငံအတွင်းနေထိုင်သည့် တိုင်းရင်းသားများပင်ဖြစ်သည့်အတွက် COVID-19 ရောဂါဆိုင်ရာကာကွယ်ရေးလုပ်ငန်း များကို ချန်လှပ်မထားဘဲ လုပ်ဆောင်ပေးနေကြောင်း၊ ရခိုင်ဒေသတွင်လည်း  ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူလူထုကို ထိခိုက်စေမည့် အကြပ်အတည်းများအား ကာကွယ်ပေးရမည်၊ ကူညီဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊  တပ်မတော် အနေဖြင့် စစ်သည်တော်ကျင့်ဝတ်ပါအတိုင်း ပြည်သူအပေါ် ရေလိုလလိုကျင့်သုံးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့အရေး၊ အမျိုးသားအရေးဖြစ်ပြီး ပြည်သူနှင့် တိုင်းပြည်၏ စွမ်းအားများ မထိခိုက်စေရန် ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်၍ လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ရှင်းလင်းတင်ပြကြရာတွင်  တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီများ၏ ဆောင်ရွက်နေမှုအခြေအနေများ၊ ကမ္ဘာ့နိုင်ငံများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု အခြေ အနေများ၊ တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းများတွင် မေ ၂၀ ရက်အထိ Rapid Test Kit ဖြင့် ၃၀၂၇ ဦး၊ PCR   နည်းဖြင့် ၃၆၄ ဦး၊ Cobas 6800  နည်းဖြင့် ၇၅၄ ဦးစစ်ဆေးပေးနိုင်ခဲ့သည့် အခြေအနေများ၊ တပ်မတော်သား ၁ ဦး၌ ရောဂါပိုးတွေ့ရှိခဲ့ပြီး လိုအပ်သော ကုသမှုများပြုလုပ်ပေးခဲ့ရာ ထပ်မံစစ်ဆေးမှုများအရ Negative ဖြစ်ပြီး ပျောက်ကင်း သွားသဖြင့် သတ်မှတ်ကာလအထိ စောင့်ကြည့်သွားမည့်အခြေအနေများ၊ Cobas 6800 စက်များ၊ PCR  စက်များဖြင့်  ရောဂါရှာဖွေရေးအတွက်လိုအပ်သည့် Reagent  များ မှာယူရောက်ရှိ သုံးစွဲလျက်ရှိသည့် အခြေအနေများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဝန်းအတွင်းရှိ အရာရှိ၊ စစ်သည်များနှင့် မှီခိုသူမိသားစုဝင်များအား ကျန်းမာရေးစစ်ဆေးမှု များဆောင်ရွက်ခဲ့ပြီး COVID-19 ရောဂါပိုးမတွေ့ရှိရသည့် အခြေအနေများ၊ တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက် ရောဂါပိုးတွေ့ရှိမှုများသည့် နေရာဒေသများကို ဦးစားပေးကာ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ဆက်လက် စစ်ဆေးဆောင်ရွက်သွားမည့် အခြေအနေများ။

ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရောဂါကုသဆေးရုံသို့ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့မှ ဖွဲ့စည်းစေလွှတ်ပေးသည့် အဖွဲ့ (၁) တာဝန်ထမ်းဆောင်မှု ကာလ ပြည့်မြောက်ပြီး နောက်ထပ်အဖွဲ့ (၂) သွားရောက်လဲလှယ်တာဝန်ထမ်းဆောင်လျက် ရှိသည့်အခြေအနေများ၊ တာချီလိတ်၊ တီးတိန် တို့တွင် သွားရောက်ပူးပေါင်းကူညီပြီး ပြန်လည်ရောက်ရှိလာသည့် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များကို Home Stay ထားရှိသည့်အခြေအနေများနှင့် စစ်ကိုင်းသီတဂူဗုဒ္ဓတက္ကသိုလ်တွင် ဒုတိယအသုတ် ရောက်ရှိလာသည့် သံဃာတော်များနှင့် သီလရှင်များအတွက် ဆေးတပ်ဖွဲ့ဝင်များ သွားရောက် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း ပါရဂူများ ပါဝင်သော ဆေးအဖွဲ့များ စေလွှတ်ဆောင်ရွက်ပေးနေမှုနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း စက်ရုံဝန်ထမ်းများ၊  ဒေသခံပြည်သူလူထုများအား လူထုအခြေပြု ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေများ။

မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိမှု နဝမမြောက်သီတင်းပတ် ၅၉ ရက်တာကာလသို့ ရောက်ရှိချိန်၌ ကယားပြည်နယ်မှလွဲ၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ် ၅၄ မြို့နယ်တွင် ရောဂါပိုးတွေ့ရှိရမှုအခြေအနေများ၊ အမေရိကန်နိုင်ငံအနေဖြင့် ရောဂါ ကူးစက်ခံရသူ ၁၅ သိန်းကျော်၊ သေဆုံးသူ ၉ သောင်းကျော်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ရောဂါ ဖြစ်ပွားမှုအများဆုံးဖြစ်သည့်အခြေအနေများ၊ ရောဂါကူးစက်မှုအား ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့သည့် နိုင်ငံများအဖြစ် နယူးဇီလန်နိုင်ငံသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီး ကူးစက်ခံရသူ ၁၅၀၃ ဦး၊ သေဆုံးသူ ၂၁ ဦး၊ ရောဂါပျောက် ကင်းသူ ၁၄၄၇ ဦး၊ ယခု ၁၂ ပတ်မြောက်ကာလတွင် ရောဂါပိုးတွေ့ရှိသူ ၆ ဦးသာရှိသည့် အခြေအနေများ၊ ဝူဟန်တွင် ရောဂါပိုးတွေ့ရှိကြောင်း စတင်သိရှိရသည့်အချိန်မှစ၍ တရုတ်နိုင်ငံမှ ခရီးသွားများ ဝင်ရောက်ခွင့်ပိတ်ခြင်း၊ ရောဂါပိုးတွေ့ရှိပြီး ၃ ပတ်အကြာတွင် နယ်စပ်အားလုံးနှင့် ဆိပ်ကမ်း အားလုံးပိတ်ခြင်း၊ နိုင်ငံသို့ ဝင်ရောက်လာသူ အားလုံးကို Qurantine သတ်မှတ်စောင့်ကြည့်ခြင်း၊ နိုင်ငံအဆင့် အရေးပေါ်အခြေအနေ ကြေညာပြီး အသွားအလာကန့်သတ်ပိတ်ပင်ခြင်း၊ နေအိမ်များတွင် သာ နေထိုင်စေခြင်း၊ ထုတ်ပြန်ထားသည့်အမိန့်အတိုင်း တိကျစွာ လိုက်နာစေရန် ပြစ်ဒဏ်များသတ်မှတ် ဆောင်ရွက်ခြင်းတို့ကြောင့် ရောဂါပိုးကူးစက်မှုအား ထိန်းချုပ်နိုင်ခဲ့သည့် အခြေအနေများ။

အလားတူ သြစတြေးလျနိုင်ငံသည်လည်း ဇန်နဝါရီ ၂၅ ရက်နေ့တွင် ရောဂါပိုး စတင်တွေ့ရှိခဲ့ပြီး ကူးစက်ခံရသူ ၇၀၆၉ ဦး၊ သေဆုံးသူ ၁၀၀ ဦး၊ ရောဂါပျောက်ကင်းသူ ၆၄၁၃ ဦး ယခု ၁၇ ပတ် မြောက်ကာလတွင် ကူးစက်ခံရသူ ၇၇ ဦးအထိ လျော့ကျခဲ့သည့် အခြေအနေများ၊ တစ်နိုင်ငံလုံး သွားလာမှုကန့်သတ်ချက်များအား ၃ လနီးပါးကြာ တင်းကြပ်စွာချမှတ်ခဲ့ပြီး တိကျစွာလိုက်နာ ဆောင်ရွက်စေခဲ့ခြင်းကြောင့်  ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် သတ်မှတ်ထားသည့် Lockdown အစီအမံများအား အဆင့်လိုက် ဖြေလျှော့ပေးခဲ့သည့်အခြေအနေများ။

ကမ္ဘာ့နိုင်ငံအချို့တွင် ရောဂါကူးစက်မှု လျော့ကျလာသည့်အတွက် ကန့်သတ်ပိတ်ပင်ထားသည့် အစီအမံများကို ဆောလျင်စွာဖြေလျှော့ခဲ့သောကြောင့် ရောဂါကူးစက်မှုများပြန်လည်မြင့်တက်လာပြီး အချို့သောနေရာများတွင် ကန့်သတ်ပိတ်ပင်မှုများ ပြန်လည်ပြုလုပ်ခဲ့ရသည့် အခြေအနေများ၊ ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံတို့အနေဖြင့် ပြည်တွင်းကူးစက်မှုထိန်းချုပ်နိုင်ပြီ ဖြစ်သဖြင့် စာသင်ကျောင်း များအားပြန်လည်ဖွင့်လှစ်ခဲ့သည့် အခြေအနေများနှင့် ပြင်သစ်နိုင်ငံတွင် ကူးစက်မှု လျော့နည်းသွားသည့် နယ်မြေအချို့မှ စာသင်ကျောင်းများအား မေလ ၁၁ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း ဖွင့်ပြီးတစ်ပတ်အကြာတွင် စာသင်ကျောင်းများနှင့် ဆက်စပ်၍ ရောဂါကူးစက်သူ ၇၀ ဦးခန့်အား စစ်ဆေးတွေ့ရှိ့ရသည့်အတွက်  စာသင်ကျောင်းများကို ပြန်လည်ပိတ်ပင်ခဲ့ရသည့် အခြေအနေများ။

မြန်မာနိုင်ငံတွင် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် သက်ဆိုင်ရာနယ်မြေအလိုက် အမိန့်၊ ညွှန်ကြား ချက်များ ထုတ်ပြန်ထားသော်လည်း ယခုအခါ ပြည်သူလူထုအနေဖြင့် လိုက်ပါဆောင်ရွက်မှု အားနည်း လာသည့် အခြေအနေများ၊ ရောဂါပိုးတွေ့ရှိသူများတွင် ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများမှ တစ်ဆင့် ရောဂါပိုးကူးစက်မှုများတွေ့ရှိမှုများ၊ ပြည်တွင်းမှ ခရီးသွားရာဇဝင်မရှိ၊ ရောဂါပိုးရှိသူများနှင့် ထိတွေ့မှုမရှိသည့် Silent Carrier များမှတစ်ဆင့် ကူးစက်မှုများတွေ့ရှိရသည့်အခြေအနေများ၊ မကြာခင် မိုးရာသီရောက်ရှိ မည်ဖြစ်ပြီး အဖြစ်များသည့် ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာ များသည် COVID-19  ရောဂါလက္ခဏာများနှင့် ဆင်တူယိုးမှား ဖြစ်နိုင်သဖြင့် သတိပြုရမည့် အခြေ အနေများ။

စစ်မှုထမ်းဟောင်းများနှင့် တပ်မတော်တွင် အသက်စွန့်လွှတ်ခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုများနှင့် ရဲမှုထမ်းဟောင်းများအတွက် ရိက္ခာထောက်ပံ့ပေးလျက်ရှိ သည့် အခြေအနေများ၊ တပ်မတော်သားများ၊ အရပ်သားအစားခန့်ဝန်ထမ်းများ၏ လုပ်ခလစာငွေများမှ လှူဒါန်းရရှိမှုအနေဖြင့် ဧပြီလတွင် ငွေကျပ် ၂ ဒသမ ၃၁၆ ဘီလီယံကျော်နှင့် မေလတွင် ငွေကျပ် ၂ ဒသမ ၁၅၉ ဘီလီယံကျော်ရရှိခဲ့သည့် အခြေအနေများ၊ လှူဒါန်းရရှိငွေများမှ  တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် လိုအပ်မည့် ဆေးရုံသုံးပစ္စည်းများအား ဦးစားပေးအဆင့်သတ်မှတ်၍ ဧပြီလအတွက် လှူဒါန်းရရှိငွေ များမှ ၃ ကြိမ်လှူဒါန်းခဲ့ပြီး မေလအတွက် တစ်ရက်စာအလှူငွေမှ ဆေးရုံသုံးပစ္စည်းများကို ်ပြည်သူ့ဆေးရုံများသို့ ပထမအကြိမ်အဖြစ် အထူးကုဆေးရုံကြီး ၃၀ ရုံ၊ အထွေထွေ ရောဂါကုဆေးရုံကြီး ၂၄ ရုံ၊ ခရိုင်ဆေးရုံ ၃၂ ရုံ၊ မြို့နယ်ဆေးရုံ ၂၃၃ ရုံ၊ တိုက်နယ်ဆေး ရုံ ၃၉၂ ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၅၀၀ တို့ကို ထပ်မံလှူဒါန်းသွားမည့် အခြေအနေများ၊ ၄ ကြိမ်ပေါင်းလှူဒါန်းမှုအနေဖြင့် တစ်နိုင်ငံလုံးရှိ ဆေးရုံပေါင်း ၁၁၆၈ ရုံအနက် ၁၀၆၀ ရုံလှူဒါန်းပြီးဖြစ်၍ ဆေးရုံအားလုံး၏ ၉၉ ရာခိုင်နှုန်း၊ ကျေးလက် ကျန်းမာရေးဌာန ၁၉၄၉ ဌာနအနက် လှူဒါန်းပြီး ၁၀၈၈ ဌာနဖြစ်သည့်အတွက် ကျေးလက် ကျန်းမာရေးဌာနအားလုံး၏ ၅၆ ရာခိုင်နှုန်းအား လှူဒါန်းပြီး ဖြစ်သည့် အခြေအနေများနှင့် ဆက်လက်ဝယ်ယူလှူဒါန်းသွားမည့် အခြေအနေများ။

ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပေးမှုအနေဖြင့် Mask  ၁၅ သိန်း၊ ခွဲစိတ်ခန်းသုံး Face Shield  တစ်သိန်း၊ ခွဲစိတ်ခန်းသုံး OT Cap  တစ်သိန်း၊ Oxygen အိုး ၂၁၉ လုံး၊ N 95 Mask  ၃ သောင်း၊ PPE ဝတ်စုံ ၄ သောင်း၊  အရည်စုပ်စက် (Suction machine) ၁၄၀၊ ပိုးသတ်ဆေးရည် ၉၅၀၅ လီတာ၊ Non- Touch သာမိုမီတာ ၂၅၂၀၊ Examination Glove ၁၅၃၀၀၀၊ Surgical Glove ၁၆၄၀၂၀ ၊ Hand Gel  ၇၀၀၀၀ ဘူး၊ Goggle  မျက်မှန် ၂၀၀၀၀၊Bleaching Powder ၁၈၁၄၅ ပုံး၊ နှလုံးနှင့် အောက်ဆီဂျင်တိုင်းစက် (Pulse Oxymeter)၁၆၈ လုံး၊ Portable X-Ray  စက် ၁၄ လုံး၊ ECG စက် ၁၄ လုံး အပါအဝင် ဆေးရုံသုံးပစ္စည်း ၃၂ မျိုး ဝယ်ယူလှူဒါန်းပေးခဲ့သည့် အခြေအနေများ။

လမ်းပန်းဆက်သွယ်မှုခက်ခဲပြီး ဝေးလံခေါင်းပါးသောဒေသများသို့ ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးခြင်း၊ ဆေးနှင့် ဆေးပစ္စည်းများအား တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးအလိုက် လှူဒါန်း ဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာပေါင်း ၈၂၄၁ ခုတို့တွင် ဆောင်ရွက်ပေးနိုင်ခဲ့သည့် အခြေအနေများ၊ အရပ်ဘက်ပြည်သူ့ဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက် ကုသမှုခံယူနေသည့် လူနာများအတွက် ဖြည့်စွက်အာဟာရများ ကျွေးမွေးဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံပေါင်း ၄၁၂ ရုံတွင် ငွေကျပ်သိန်း ၈၂၀ ကျော် တန်ဖိုးရှိ အာဟာရဖြည့်  အစားအစာများ ကျွေးမွေးနိုင်ခဲ့သည့် အခြေအနေများ၊ တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဆေးအကာအကွယ်ပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိသည့် အခြေအနေများနှင့် တပ်မတော်ရေယာဉ်များကို ဆေးရုံအဖြစ်အသုံးပြုနိုင်ရေး အသင့်ပြင်ဆင်ထားရှိသည့် အခြေအနေများ။

မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့ စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိ တက်တို့ရှိ စက်ရုံ၊ အလုပ်ရုံများ တွင် သတ်မှတ်ချက်များနှင့် အညီလုပ်ငန်းလည်ပတ်နေမှု အခြေအနေများနှင့် COVID-19   ရောဂါကာကွယ်ရေး အထောက်အကူပြုဆေးဖျန်းဝတ်စုံနှင့် လက်သန့် ဆေးရည်များ ထုတ်လုပ်နေမှု အခြေ အနေများ၊ PPE ဝတ်စုံများအား သတ်မှတ်ထားသည့် Bio Safety Level အတိုင်း ပိုးသတ်ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိသည့်အခြေအနေများအား တင်ပြဆွေးနွေး ကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက် ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် ကျောင်းများ ပြန်လည် ဖွင့်လှစ်ခြင်းမပြုနိုင်မီ တပ်တွင်းရှိ မှီခို ကျောင်းသူ၊ ကျောင်းသား များအား သင်ကြားခဲ့သည့် အတန်းအလိုက် သင်ခန်းစာများကို ပြန်လည်ဖတ်ရှုလေ့လာကြရန် စီစဉ်ပေးရမည်ဖြစ်ကြောင်း၊ တစ်ရက် လျှင် ၂ နာရီခန့် ၁၀ ယောက်စုနှုန်းဖြင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးနိုင်ကြောင်း၊ လောကနီတိ အခြေခံဖြစ်သော ၃၈ ဖြာ မင်္ဂလာကဲ့သို့ ယဉ်ကျေးလိမ္မာသင်ခန်းစာများအား သင်ကြားပေးခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချရန်လိုကြောင်း။

ယခုအခါတွင် မုတ်သုံမိုးစတင်ဝင်ရောက်နေပြီဖြစ်ပြီး နေသွားလမ်းကြောင်း မှာလည်း မြန်မာနိုင်ငံ အပေါ်တွင် ကျရောက်နေသဖြင့် မိုးရွာခြင်းနှင့် နေပူခြင်းများ ဖြစ်ပေါ်ကာ တုပ်ကွေး၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ COVID-19  ရောဂါပိုးများဖြစ်ပွား ရန် ဖြစ်နိုင်ခြေများလာနိုင်သောကြောင့် ပိုမိုဂရုစိုက်ကြရန် လိုအပ်ကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်ပြီး ကိုယ်ခံအားကောင်းမွန်မှသာ ရောဂါဖြစ်ပွားမှုခံနိုင်ရည်ရှိ မည်ဖြစ်သောကြောင့် သင်တန်းသားများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများအားလုံး အာဟာရ ပြည့်ပြည့်၀၀ စားသောက်ကြရန်၊ ကျန်းမာကြံ့ခိုင်နေထိုင်ကြရန်လိုအပ်ကြောင်း။

COVID-19  ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်ရန်အတွက် ရောဂါပိုးတွေ့ရှိမှု အများဆုံးမြို့နယ် များရှိ  တပ်ရင်း၊ တပ်ဖွဲ့များကို ဦးစားပေးအလိုက် စနစ်တကျ စိစစ်၍ စစ်ဆေးပေးရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ ကျွမ်းကျင်မှုရှိရန် လိုအပ်သဖြင့် လုပ်ငန်းခွင်နှင့် သင်တန်းများတွင် ဆွေးနွေးမှုများ၊ လေ့ကျင့်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော် ဆေးရုံတိုင်း သန့်ရှင်းရေးကအစ သတ်မှတ်စံချိန်စံညွန်းများအတိုင်း အဆင့်မီရန် အမှုထမ်းများ အားလုံးကျွမ်းကျင်မှုရှိရေး ထိထိရောက်ရောက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

COVID-19  ရောဂါနှင့် ပတ်သက်၍အကောင်းဆုံးနည်းလမ်းမှာ ကြိုတင်ကာကွယ်မှု Prevention  လုပ်ငန်းများဖြစ်သော တစ်ကိုယ်ရည်နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ Mask  နှင့် မျက်စိအကာအကွယ် မျက်မှန်များတပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ သန့်ရှင်း ခြောက်သွေ့မှုရှိခြင်း၊ သွားလာမှုဆင်ခြင်ခြင်း၊ မဖြစ်မနေအရေးကြီးမှသာ အချိန်အနည်းဆုံးနှင့် လူအနည်းဆုံး သွားလာမှုမျိုး ပြုလုပ်ကြရန် လိုကြောင်း၊ နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံတို့သည် အပင်ပန်းခံ၍ စည်းကမ်းတင်းကြပ်စွာ ဆောင်ရွက်ခြင်း၏အကျိုးကို ခံစားရခြင်းဖြစ်ကြောင်း၊ ပြည်ပတွင် အခက်အခဲရှိ၍ ပြန်ဝင်လာကြ သူများမှာ မိမိတို့ နိုင်ငံသားများပင်ဖြစ်၍ ငြင်းပယ်၍ မရကြောင်း၊ ပြန်လည်ဝင်ရောက်ရာတွင် COVID-19  ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် အကောင်းဆုံး ဖြစ်အောင် နည်းလမ်းများ ရှာဖွေလုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် တပ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးများအား မှန်မှန်ကန်ကန်နှင့် ဖိဖိစီးစီး ဆောင်ရွက်ခဲ့သောကြောင့် တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် စားရေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီး ပိုလျှံသည်များကို ပြင်ပသို့ပံ့ပိုးကူညီပေးနိုင်လျက် ရှိကြောင်း၊ ကြိုတင်ပြင်ဆင်မှု ကောင်းမွန်ခြင်း၏ သက်သေရလဒ်ပင်ဖြစ်ကြောင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက်ဆက်လက်ဆောင်ရွက်၍ ပိုလျှံမှုရှိပါက ပြင်ပသို့သက်သာသည့်နှုန်းထားဖြင့် ရောင်းချ ပေးရမည်ဖြစ်ကြောင်း၊ ပြည်သူကိုကာကွယ်စောင့်ရှောက်ရာတွင် လူအုပ်စုတစ်ခုအတွက်မဟုတ်ဘဲ အမှန်တစ်ကယ် အခက်အခဲဖြစ်နေသည့် နေရာဒေသများနှင့် တိုင်းပြည်အတွက် အကျိုးရှိမည်ဆိုပါက အမြန်ဆုံးကူညီဖြေရှင်းပေးရန်၊ လုပ်နိုင်တာမှန်သမျှလုပ်ပေးရန်လိုကြောင်း၊ သို့သော် ရေရှည်အတွက် လည်း စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်၊ အင်းလေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ နောင်တရား၊ ပင်လောင်း၊ တီကျစ်နယ်မြေများရှိ အာလူး၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်စသည့် ရာသီသီးနှံများအား မတ်လကုန်မှစ၍ ခူးဆွတ်ရောင်းချနိုင်သည့် အခြေအနေဖြစ်သော်လည်း COVID-19  ရောဂါ ဖြစ်ပွားမှု ကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်ဆိုင်းပြီး ရောင်းချရခြင်းမရှိဘဲ ဒေသခံများ အခက်အခဲဖြစ် ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ဒေသခံတောင်သူများ နစ်နာဆုံးရှုံးမှုမရှိစေရန် ၎င်းတို့၏အကျိုး ကိုရှေးရှု၍ စိုက်ခင်းများအရောက် တောင်သူများရောင်းချနိုင်သည့် ဈေးနှုန်းအတိုင်း ဝယ်ယူရေး ဆောင်ရွက်ခဲ့ပြီး တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များနှင့် ရာသီသီးနှံရှားပါးနေ သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နယ်မြေဒေသများရှိ ပြည်သူလူထုထံသို့ ဖြန့်ဝေရောင်းချပေးနိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း ရောင်းချရန်အခက်အခဲ ဖြစ်ပေါ် လျက်ရှိသည့် ဒေသများမှ ရာသီသီးနှံများကို ဒေသခံများ၏ အကျိုးကိုရှေးရှု၍ ဝယ်ယူ ရောင်းချနိုင်ရေးဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

တစ်ကမ္ဘာလုံးတွင် စီးပွားရေးထိခိုက်ပြီး အလုပ်လက်မဲ့ပြဿနာများ၊ အခက်အခဲ အကြပ်အတည်း များဖြစ်ပေါ်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အခြေအနေပေါ်မူတည်၍ တတ်နိုင်သည့် ကုန်ထုတ်လုပ်မှုများ၊ အမှန်တစ်ကယ်လိုအပ်သူများကို ထောက်ပံ့ရေးများ ဆောင်ရွက်ပေးနိုင်ရန် လိုကြောင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ အတွက် ဆွမ်းဆန်နှင့် ဆွမ်းဟင်းများ စီမံလှူဒါန်းကြရန်လိုကြောင်း၊ အမှန်တစ်ကယ် လိုအပ်နေသောအလွှာများရှိကြောင်း၊ သတင်း မှန်များရအောင်ယူ၍ လုပ်ဆောင်ပေးနိုင်သမျှကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။

Read 64 times Last modified on Thursday, 21 May 2020 22:26