SJ WorldNews - шаблон joomla Авто

တပ်မတော်က KNU အဖွဲ့၊ KNU/ KNLA(PC) အဖွဲ့၊ KKO အဖွဲ့၊ SSPP/ SSAအဖွဲ့၊ KNPP အဖွဲ့တို့အတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူ ပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

Friday, 22 May 2020 21:05 font size decrease font size decrease font size increase font size increase font size

တပ်မတော်က KNU အဖွဲ့၊ KNU/ KNLA(PC)  အဖွဲ့၊ KKO  အဖွဲ့၊  SSPP/ SSAအဖွဲ့၊ KNPP  အဖွဲ့တို့အတွက် COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူ ပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ မေ- ၂၂

တပ်မတော်အနေဖြင့် ကမ္ဘာ့ကပ်ရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါနှင့်ပတ်သက်၍ ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် အရှိန်အဟုန်ဖြင့် ပါဝင်ကူညီဆောင်ရွက်လျက်ရှိပြီး တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌ တပ်မတော် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဖျန်းပေးခြင်းအပါအဝင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေး ဌာနများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသို့ပါ ဆေးရုံသုံးပစ္စည်းများ ပေးပို့ လှူဒါန်းခြင်းများ ဆောင်ရွက် ပေးလျက်ရှိသည်။   

ယနေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ KNU KNU/KNLA(PC) နှင့် KKO အဖွဲ့များအတွက်လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ SSPP/SSA  အဖွဲ့အတွက်လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ KNPP အဖွဲ့အတွက် လည်းကောင်း သက်ဆိုင်ရာအဖွဲ့များ၏ နေရာများနှင့် တိုင်းစစ်ဌာနချုပ်များ၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက် အကူဖြစ်စေရန်အတွက် တပ်မတော် (ကြည်း၊ရေ၊လေ)မှ လှူဒါန်းသည့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြု ဆေးပစ္စည်းများကို ပေးအပ်ကြသည်။   

ထိုသို့ပေးအပ်လှူဒါန်းရာတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်က KNU အဖွဲ့ဥက္ကဋ္ဌ စောမူတူးဆေးဖိုးနှင့် အဖွဲ့ဝင်များ၊ KNU/ KNLA(PC) အဖွဲ့ဥက္ကဋ္ဌ ဦးစောထော်လေးနှင့် အဖွဲ့ဝင်များ၊ KKO အဖွဲ့ဥက္ကဋ္ဌ စောမိုးရှေးနှင့် အဖွဲ့ဝင်များ ထံသို့ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင် SSPP/ SSA   အဖွဲ့နာယက ဦးဆေးထင်နှင့် အဖွဲ့ဝင်များထံသို့လည်းကောင်း၊  အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)မှ ဗိုလ်မှူးကြီး ထွန်းနိုင်ဦးက KNPP အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ရွှေမျိုးသန့်နှင့် အဖွဲ့ဝင်များထံသို့ လည်းကောင်း အသီးသီး ပေးအပ်ကြပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကြသည်။  

ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် KNU အဖွဲ့ဥက္ကဋ္ဌ စောမူတူးဆေးဖိုး က ယခုကဲ့သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က COVID-19  ရောဂါကာကွယ်ရန် အစီအစဉ်နှင့် ကူညီသည့်အတွက် ကျေးဇူးတင်မဆုံးပါကြောင်း၊ တိုင်းရင်းသားညီအစ်ကိုများ တစ်ယောက်နှင့် တစ်ယောက်စည်းလုံးစွာ ခရီးသွားရမည်ဖြစ်ကြောင်း၊ ပစ္စည်းများလှူဒါန်း သည့်အပေါ် KNU အဖွဲ့ကလည်း COVID-19 ရောဂါကာကွယ်ရန်အတွက် တပ်မတော်နှင့်အတူ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေး ဌာနများမှ တစ်ဆင့်လိုအပ်သော နေရာများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။   

KNU/ KNLA(PC) အဖွဲ့ဥက္ကဋ္ဌ ဦးစောထော်လေးက ယခုလို COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း တပ်မတော်အကြီးအကဲများက မိမိတို့ကို ညီအစ်ကိုမောင်နှမစိတ်ဓာတ်နှင့် ဆေးဝါးပစ္စည်းများ လာရောက်ပေးပို့သည့်အတွက် များစွာကျေးဇူးတင်ရပါကြောင်း၊ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် မိမိတို့တပ်ဖွဲ့ဝင်များ၊ မိသားစုများက ပါဝင်ကူညီ ဆောင်ရွက်သည့်အတွက် များစွာဂုဏ်ယူပါကြောင်း၊ တစ်ကြိမ်တစ်ခါမျှ မတွေ့မမြင်ဘူးပါဘဲ ယခုလို မိမိတို့တိုင်းရင်းသားများကို ဆေးဝါးပစ္စည်းများ လာရောက်ပို့ဆောင် ကူညီပေးသည့်အတွက် စီစဉ်ဆောင်ရွက် ပေးပါသော တပ်မတော်အကြီးအကဲများကို အထူးကျေး ဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။   

KKO အဖွဲ့ဥက္ကဋ္ဌ စောမိုးရှေးက ယခုကဲ့သို့ COVID-19  ရောဂါဖြစ်ပွားစဉ်ကာလ အတွင်း တပ်မတော်က ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ပေးပို့သည့်အတွက် များစွာကျေးဇူးတင် ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ရောဂါကာကွယ်ရေးအတွက် တတ်နိုင် သလောက်ဆောင်ရွက်ခဲ့ပြီး ယခုကဲ့သို့ ကာကွယ်ရေးပစ္စည်းများ လာရောက်ထောက်ပံ့ ပေးသည့်အတွက် များစွာကျေးဇူးတင်ကြောင်း၊ မိမိတို့တိုင်းရင်းသားများကို ညီရင်းအစ်ကိုပမာ သားသမီး တပည့်သဖွယ်လာရောက်တွေ့ဆုံပြီး COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများ ပေးသည့်အတွက် မိမိတို့တစ်ဖွဲ့လုံးကိုယ်စား တပ်မတော်အား ကျေးဇူးတင်ပါကြောင်းဖြင့် ပြောကြားသည်။

SSPP/SSA အဖွဲ့နာယက ဦးဆေးထင်က ယခုလို COVID-19  ရောဂါကာကွယ် ရေးပစ္စည်းများနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်သည့်အတွက် အထူးကျေးဇူးတင်ရှိပါ ကြောင်း၊ COVID-19  ရောဂါကို တပ်မတော်အနေဖြင့် အလေးအနက်ကာကွယ်မှုများ ဆောင်ရွက်ပေးသည့်အတွက် တပ်မတော်ကို အထူးကျေးဇူးတင်ပါကြောင်း၊ မိမိတို့အနေဖြင့် နားလည်မှုများ၊ ယုံကြည်မှုများရှိ ပါကြောင်း၊ ပူးပေါင်းဆောင်ရွက် ရန်လည်း ကြိုးစားနေသဖြင့် တစ်နေ့လျင်အောင်မြင်မည်ဟု တစ်ထစ်ချယုံကြည်ကြောင်း အကယ်၍ ပူးပေါင်းနိုင်မည် ဆိုပါက မိမိတို့အားလုံးအတွက် အကျိုးရှိမည်ဟု ယုံကြည်ကြောင်း၊ စိတ်ရှည်လက်ရှည်ဖြင့် နားလည်မှု၊ ယုံကြည်မှုများ တည်ဆောက် သွားပါက အောင်မြင်မည်ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် ယခုကဲ့သို့ လှူဒါန်းထောက်ပံ့ပေး သည့်အတွက် များစွာကျေးဇူးတင် ရှိပါကြောင်း၊ တပ်မတော်၏စေတနာကို မိမိတို့အနေဖြင့် နားလည်သဘောပေါက်ပါ ကြောင်းနှင့် COVID-19 ရောဂါအန္တရာယ်မှ အားလုံးကင်းဝေးကြစေရန် ဆုတောင်း ပေးပါကြောင်းဖြင့် ပြောကြားသည်။   

KNPP မှ အထွေထွေအတွင်းရေးမှူး ရွှေမျိုးသန့်က COVID-19  ရောဂါထိန်းချုပ် ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို  စိတ်စေတနာ အပြည့်ဖြင့် သေချာစဉ်းစား ဆုံးဖြတ်၍ စုပေါင်းပေးအပ်လှူဒါန်းကူညီသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများကို အထူးပင် ကျေးဇူး တင်ရှိပါကြောင်းနှင့် ဆက်လက်၍လည်း ကူညီပေးနိုင်ရေး ဆုမွန်ကောင်းတောင်းပါကြောင်း ဖြင့် ပြောကြားသည်။   

ယနေ့တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)က လှူဒါန်းမှုအနေဖြင့် KNU အဖွဲ့ အတွက် Surgical  Mask  ၃၀၀၀၀ ခု၊  N95 Mask ၁၂၀၀ ခု၊  Face Shield  ၃၀၀ ခု၊ Bleaching Powder ၆ ပုံး၊ Personal Protective Equipment (PPE)  ဝတ်စုံ ၇၅၀ စုံ၊ Examination Glove ၁၅၀၀ ခု၊ Hand Gel ၂၀၀ ဘူး၊ Hand Sanitizer  ၂၀၀ ဘူးတို့ကို လည်းကောင်း၊ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့စီသို့  Surgical  Mask ၁၀၀၀၀ ခု၊ N95 Mask ၅၀၀ ခု၊  Face Shield ၂၅၀ ခု၊ Bleaching Powder  ၅ ပုံး၊ Personal Protective Equipment (PPE)  ဝတ်စုံ ၁၀၀ စုံ၊ Examination Glove ၁၀၀၀ ခု၊ Hand Gel၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးတို့ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မေတ္တာလက်ဆောင် စားသောက်ဖွယ်ရာများကိုလည်း ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။

Read 43 times Last modified on Friday, 22 May 2020 21:17