SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စားသောက်ဆိုင်များပြန်လည်ဖွင့်လှစ်ရန် စီမံ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး

Saturday, 23 May 2020 09:46 font size decrease font size decrease font size increase font size increase font size

 

Coronavirus   Disease  2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်အစည်းအဝေးခန်းမ၌ စားသောက်ဆိုင်များ ပြန်လည် ဖွင့်လှစ်ရန် စီမံဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍    ရွှေပလ္လင်လုပ်ငန်းစုမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းဌေး၊ စားသုံးသူပြည်သူဒေါ်ယဉ်ယဉ်ငြိမ်း၊   ခိုင်ခိုင်ကျော်အုပ်စု ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်မြတ်မိုးတို့နှင့်  Video  Conferencing  စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ အပြန်အလှန် ဆွေးနွေးသည်။

 

ရှေးဦးစွာ Coronavirus   Disease  2019 (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက်စကားပြောကြားသည်။

 

ထို့နောက်     ရွှေပလ္လင်လုပ်ငန်းစုမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းဌေးက ပြည်သူများ စားသောက်ဆိုင် နှင့်လက်ဖက်ရည်ဆိုင်များတွင် လာရောက်စားသုံးမှုနှင့် ယဉ်ကျေးမှုအလေ့အထ၊ ပြည်သူများအား COVID-19 ရောဂါကူးစက်မှုမရှိစေရန် စားသောက်ဆိုင်များတွင်    ညွှန်ကြားချက်များနှင့်အညီ ကြိုတင် ပြင်ဆင်ထားရှိမှုနှင့်   ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ COVID-19 ရောဂါကာကွယ်ရေးနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်များနှင့်အညီ   ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို လည်းကောင်း၊ စားသုံးသူပြည်သူ ဒေါ်ယဉ်ယဉ်ငြိမ်းက အမျိုးသမီးများ စားသောက်ဆိုင်နှင့် လက်ဖက် ရည်ဆိုင်များသို့ သွားရောက်၍ ဆိုင်ထိုင်စားသုံးသည့်အကြောင်းရင်း၊ အခြေခံလူတန်းစားများနှင့် ရုံးဝန် ထမ်းများအဓိကစားသောက်လျက်ရှိသည့် ရပ်ကွက်များနှင့် လမ်းဘေးရှိစားသောက်ဆိုင်ငယ်များ၏ အခက်အခဲများနှင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်  စီမံဆောင်ရွက်ပေးရန်လိုအပ်မှု အခြေအနေများကို လည်းကောင်း၊ ခိုင်ခိုင်ကျော်အုပ်စုရောင်းဝယ်ရေးကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးကျော် မြတ်မိုးက   အစားအစာဘေးကင်းလုံခြုံစိတ်ချမှုနှင့်သန့်ရှင်းမှု၊ Social Distancing အတွက် ဆောင်ရွက် ထားရှိမှု၊    ကုမ္ပဏီအနေဖြင့် ဆိုင်များပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဝန်ထမ်းများအား စိစစ်ပြန်လည် ခေါ်ယူရေးအဖွဲ့၊  ပြင်ဆင်ဆောင်ရွက်ရေးအဖွဲ့၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် သင်ကြားရေးနှင့် ပညာပေးရေးအဖွဲ့များဖွဲ့စည်းထားရှိမှုနှင့် ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ဆွေးနွေး တင်ပြကြရာ  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ  ပြန်လည် ဖွင့်လှစ်ရာတွင် ကျန်းမာရေးအရ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံမှုရှိစေရေးနှင့် စားသောက်ဆိုင်ငယ်များ တွင် ပါဆယ်ယူသည့်စနစ်ကျင့်သုံးရေးတို့ကို လမ်းညွှန်မှာကြားပြီး စီးပွားရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးလိုအပ်မှု၊ စားသောက်ဆိုင်နှင့်လမ်းဘေးဆိုင်ငယ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်က  ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများကို  ရှင်းလင်းပြောကြားသည်။

 

ထို့နောက်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အနေဖြင့်ပြောကြားရာတွင် ယခုကဲ့သို့ရှင်းလင်း ပြောကြားကြသည့်အတွက်  လုပ်ငန်းရှင်များ၏အခက်အခဲကိုနားလည်ကြောင်း၊   နားထောင်နေသည့် ပြည်သူများအနေဖြင့်လည်း နားလည်မည်ဟုယုံကြည်ကြောင်း၊  လုပ်ငန်းရှင်များ၏ စားသောက် ဆိုင်များကို ပြင်ဆင်ရသည့်အခက်အခဲများသည် ပြည်သူများသတိထားရမည့်အချက်များနှင့် ဒွန်တွဲနေ ကြောင်း၊ပြည်သူများအနေဖြင့်လည်းသတိထားရမည်၊ပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်း၊ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်မှသာ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်မည့်စီမံကိန်းသည် အောင်မြင်နိုင် မည်ဖြစ်ကြောင်း။

 

မိမိတို့အနေဖြင့်လည်း စားသောက်ဆိုင်များကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်စေချင်ကြောင်း၊ စားသောက် ဆိုင်များကို မှီခိုနေရသည့် အလုပ်သမား၊ ဝန်ထမ်းများကိုလည်းအဆင်ပြေစေချင်ကြောင်း၊ စားသောက် ဆိုင်လုပ်ငန်းရှင်များကိုလည်း အဆင်ပြေစေချင်ကြောင်း၊ နိုင်ငံတစ်နိုင်ငံတိုးတက်အောင်မြင်ရန်    စီးပွား ရေးလုပ်ငန်းများ   တိုးတက်အောင်မြင်ရန် အလွန်အရေးကြီးကြောင်း၊ စားသောက်ဆိုင်ကို သွားသည့်ပြည်သူများလည်း  စိတ်ချမ်းသာအဆင်ပြေစေချင်ကြောင်း၊ အဘက်ဘက်က ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

လမ်းဘေးစားသောက်ဆိုင်များနှင့်ပတ်သက်၍ လက်တွေ့ကျကျစဉ်းစားဆောင်ရွက်ရမည်ဆိုပါက ပါဆယ်ယူသည့်စနစ်ကိုကျင့်သုံးရန်လိုအပ်ကြောင်း၊   ယခုအခါCOVID-19 ရောဂါကြောင့် ယခင်က ထက်ပလတ်စတစ်ကို သုံးစွဲလာရသည့်အခြေအနေဖြစ်လာကြောင်း၊  နိုင်ငံတစ်နိုင်ငံကောင်းကောင်းမွန် မွန်ချောချောမွေ့မွေ့လည်ပတ်

 

ရန်ကိစ္စအမျိုးမျိုးကို   ထည့်သွင်းစဉ်းစားဆောင်ရွက်ရကြောင်း၊ သုံးစွဲပြီးသားပလတ်စတစ်များကို  မည်သို့ပြန်လည်အသုံးပြုရမည်၊ နိုင်ငံအတွက်ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရန်   မည်သို့ ဆောင်ရွက်ရ မည်ကိုတစ်ခါတည်းထည့်သွင်းစဉ်းစားရကြောင်းပလတ်စတစ်၏နောက်ဆက်တွဲအကျိုးဆက်များသည်များပြားကြောင်း၊   ထို့ကြောင့်ပလတ်စတစ်သုံးစွဲမှု  ပိုမိုများပြားလာပါကအကောင်းဆုံးဖြစ်အောင် မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို လုပ်ငန်းရှင်များ၊ ပြည်သူများ အားလုံးဝိုင်းဝန်း၍ အကြံကောင်းများ ပေးစေလိုကြောင်း။

 

COVID-19 နှင့်ပတ်သက်၍လူသားများအားလုံးအတွက် အခက်အခဲဆုံးကိစ္စသည် Social Distancing ဖြစ်ကြောင်း၊ လူသားများအားလုံးသည် ရင်းရင်းနှီးနှီး၊ နွေးနွေးထွေးထွေး နေချင်ကြသည့် စိတ်ဆန္ဒရှိကြောင်း၊ မိတ်ဆွေများနှင့် ပျော်ပျော်ရွှင်ရွှင်တွေ့ချင်၊သွားချင်၊ လာချင်၊ နေချင်ကြောင်း၊ မိသားစုများသည်လည်း စုစုစည်းစည်း၊ ပျော်ပျော်ရွှင်ရွှင် သွားချင်၊  လာချင်၊ နေချင်ကြောင်း၊ အဆိုပါအလေ့အကျင့်များကို ပြောင်းလဲရန်မလွယ်ကူကြောင်း၊ မလွယ်ကူသည့်အတွက်အားလုံး ဝိုင်းဝန်းပြီး     တစ်ယောက်ကို တစ်ယောက်  ကူညီရန်လိုအပ်ကြောင်း၊ ယခုလိုအချိန်တွင် ယခင်ကဲ့သို့ မိတ်မပျက်၊ ဆွေမပျက်နေနိုင်သည့်အလေ့အထများကိုဖန်တီးယူရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်အားလုံး တစ်ယောက်ချင်း၊ တစ်ယောက်ချင်းစီက ကြိုးစားပေးစေလိုကြောင်း၊  ရှင်းလင်းတင်ပြချက်များ အားလုံးကို  မှတ်သားထားကြောင်း၊  စားသောက်ဆိုင်များအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်ကကူညီနိုင်မည့်နည်းလမ်းများကို  အမြန်ဆုံးရှာဖွေသွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် လမ်းဘေးဆိုင်လေးများသည်  အကူအညီအထောက်အပံ့   ပို၍လိုအပ်သည်ကို နားလည်သဘောပေါက် ကြောင်း၊ ထို့ကြောင့်မည်သည့်ပုံစံဖြင့် လမ်းဘေးဆိုင်လေးများမြန်မြန်ဆန်ဆန် ပြန်လည်ဖွင့်လှစ် နိုင်မည်ကို အလေးထားစဉ်းစားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ လိုအပ်သည့်  စည်းမျဉ်းစည်းကမ်းများချမှတ်ကာ အမြန်ဆုံးအဆင်ပြေအောင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဦးကျော်မြတ်မိုးသည် ရန်ကုန်မြို့တွင် ငါးဆိုင်၊ မန္တလေးမြို့တွင် နှစ်ဆိုင်နှင့် ကျိုက်ထို၊ ပြင်ဦးလွင်၊ ပန်းတနော်၊ မကွေး၊ ကြို့ပင်ကောက်၊  မြစ်ကြီးနား၊  မြဝတီ၊ မဲဆောက်(ထိုင်းနိုင်ငံ)တို့တွင်  တစ်ဆိုင်စီ စုစုပေါင်း ၁၅ ဆိုင်ဖွင့်လှစ်ထားသည့် ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင်များအား စီမံခန့်ခွဲအုပ်ချုပ်နေ သူဖြစ်ကြောင်း၊ ဦးဝင်းဌေးသည် ရန်ကုန်မြို့တွင် ဆိုင်၂ဝ ၊ မန္တလေးမြို့တွင် လေးဆိုင်၊  နေပြည်တော် တွင်သုံးဆိုင်၊ အမြန်လမ်းတွင်လေးဆိုင် စုစုပေါင်း ၃၅ ဆိုင် ဖွင့်လှစ်ထားသည့်    ရွှေပလ္လင် လက်ဖက်ရည် ဆိုင်များနှင့် ရန်ကုန်မြို့တွင် နှစ်ဆိုင်၊ မန္တလေးမြို့တွင်တစ်ဆိုင် စုစုပေါင်းသုံးဆိုင်ဖွင့်လှစ်ထားသည့် Fuji    Japanese  Restaurant များအား စီမံခန့်ခွဲအုပ်ချုပ်နေသူဖြစ်ကြောင်းနှင့် ဒေါ်ယဉ်ယဉ်ငြိမ်းသည် COVID-19 မဖြစ်ပွားမီ ပုံမှန်အချိန်များတွင်  လက်ဖက်ရည်ဆိုင်များသို့    ပုံမှန်သွားရောက် စားသုံးသူ တစ်ဦးဖြစ်ကြောင်း သိရသည်။              

 

Read 59 times Last modified on Saturday, 23 May 2020 09:48