SJ WorldNews - шаблон joomla Авто

၂ဝ၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၁ နှင့် ၂ဝ၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅ အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား တာဝန်မှရုပ်သိမ်းပေးရန် အဆိုတင်သွင်း

Friday, 29 May 2020 09:26 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်  မေ  ၂၈၊

ပြည်သူ့လွှတ်တော်အစည်းအဝေး ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန် အစည်း အဝေးပဉ္စမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိလွှတ်တော် အစည်းအဝေးခန်းမ၌ ဆက်လက် ကျင်းပရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမဲဆန္ဒနယ်မှ  ဦးစိုင်းထွန်းစိန်အပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၁ဝ ဦးတို့က လက်မှတ်ရေးထိုးပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်အား တာဝန်မှရုပ်သိမ်းရန် အဆိုတင်သွင်းခဲ့ကြောင်းသိရသည်။

ယင်းအဆိုနှင့်ပတ်သက်ပြီး    ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမဲဆန္ဒနယ်မှ  ဦးစိုင်းထွန်းစိန်က   ယနေ့ ကျင်းပသောပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင်ပြည်သူ့လွှတ်တော်ဆိုင်ရာပုဒ်မ ၁၁ အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို   တာဝန်မှရုပ်သိမ်းပေးရန်အဆိုကို တင်သွင်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာပုဒ်မ ၂၁ တွင်  ဥက္ကဋ္ဌကိုဖြစ်စေ၊ ဒုတိယဥက္ကဋ္ဌကိုဖြစ်စေ၊ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ နှစ်ဦးလုံးကိုဖြစ်စေ တာဝန်က အောက်ပါအကြောင်းတရားတစ်ရပ်ရပ်နှင့် သတ်မှတ်နည်းလမ်းနှင့်အညီ  တာဝန်မှရုပ်သိမ်းနိုင်ကြောင်းပြဋ္ဌာန်းထားကြောင်း၊ ၎င်းတို့မှာ(က) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း၊  (ခ) ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို  ဖောက်ဖျက်ကျူးလွန်ခြင်း၊  (ဂ) အကျင့်သိက္ခာပျက်ပြားခြင်းနှင့်(ဃ)ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းတို့ဖြစ်ကြောင်း။

ပြည်သူ့လွှတ်တော်ဆိုင်ရာပုဒ်မ ၂၁ နှင့်ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၁၅ တို့အရ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေအနက် လေးပုံတစ်ပုံဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ၁၁ဝ ဦး တို့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်နှင့် ပြည်ထောင်စုလွှတ်တော်နာယကတာဝန်တို့ကို ထမ်းဆောင်လျက်ရှိသော ဦးတီခွန်မြတ်အား အောက်ဖော်ပြပါအကြောင်းပြချက်များအရ တာဝန်မှ ရုပ်သိမ်းပေးပါရန် အဆိုတင်သွင်းအပ်ပါကြောင်း။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဦးတီခွန်မြတ်သည် ပြည်ထောင်စုလွှတ်တော် နာယက တာဝန်ထမ်း ဆောင်ရာတွင်  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် ''၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများကို ဦးစွာဆောင်ရွက်နိုင် ရေးအတွက် ဥပဒေပြင်ဆင်ရေးပူးပေါင်း ကော်မတီတစ်ရပ်ကို သင့်လျော်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့တိုက်တွန်းကြောင်း''အဆိုအား ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၆ (က)ပါအရေးကြီးအဆို စည်းကမ်းချက်နှင့်မကိုက်ညီပဲ အရေးကြီးအဆိုအဖြစ် တင်သွင်းခွင့်ပြုခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ခုနှစ် )ပြင်ဆင်ရေးပူးပေါင်းကော်မတီကို အဖွဲ့ဝင် ၄၅ ဦးဖြင့် ဖွဲ့စည်းကာ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၂)၊ ပုဒ်မ ၄၃၃ပါ ပြဋ္ဌာန်းချက်နှင့် ညီညွတ်မှုမရှိဘဲ ဆန့်ကျင်၍ နိဒါန်းမှဇယား(၅)အထိ ပြင်ဆင်ရန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)ကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေမူကြမ်းများအား ကျောင်း ကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း၊ မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း၊ ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးချုပ်အောင်စန်းချစ်နှင့် ဦးစိုင်းသန်းနိုင်တို့ကဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၂)ပါ ပြဋ္ဌာန်းချက် များနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ထမ်းဆောင်နေသူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြဋ္ဌာန်းထားသည့်ပုဒ်မ ၄၃၅-၄၃၆ နှင့်အညီ ဆက်လက်ဆောင်ရွက်ရန်ပျက်ကွက်ခဲ့ကြောင်း။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကျင်းပသည့်ကာလအတွင်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၆ အရအများပြည်သူနှင့်သက်ဆိုင်သောလောလောဆယ် အရေးကြီးအဆိုများဖြစ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကာလအတွင်း ၂ဝ၁၉ ခုနှစ် သြဂုတ် ၂၁ ရက်တွင် ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေးတင်သွင်းသော ''ပြည်ထောင်စုလွှတ်တော်သို့ကိုယ်စားလှယ် ၂ဝ ရာခိုင်နှုန်း က လက်မှတ်ရေးထိုးတင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူ ကြမ်းများအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုံးသပ်ချက်နှင့်အညီ ပုဒ်မ ၄၃၅ ပါ ပြဋ္ဌာန်းချက်အတိုင်း ပြည်ထောင်စုလွှတ်တော်မှ ဆက်လက်လက်ခံဆွေးနွေးဆောင်ရွက်ပေးနိုင်ရန် ပြည် ထောင်စုလွှတ်တော်သို့တိုက်တွန်းကြောင်း''အရေးကြီးအဆိုကိုလည်းကောင်း၊ ၂ဝ၂ဝ ပြည့်နှစ် မတ် ၁၇ ရက်တွင် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးတင်သွင်းသော ''COVID-19  ကပ်ရောဂါကာကွယ် ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ယင်းရောဂါကြောင့် ဖြစ်ပွားလာနိုင်သည့် စီးပွား ရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီဖွဲ့စည်းမှုကို ကြိုဆိုထောက်ခံကြောင်းနှင့် ဖြစ်ပေါ်နေသည့် ပြည်သူတို့၏ အလုပ်လက်မဲ့နှင့် စားဝတ်နေရေး၊ လူမှုစီးပွားရေးဘဝများ ထိခိုက်လာ မှုကိုယင်းကော်မတီများအပါအဝင် တာဝန်ရှိအဖွဲ့အစည်းများပူးပေါင်းပြီး ကာကွယ်ပေးနိုင်မည့် မဟာဗျူ ဟာတစ်ရပ်ချမှတ်၍ အမြန်အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်း ကြောင်း''အရေး ကြီးအဆိုကိုလည်းကောင်း၊ ၂ဝ၂ဝ ပြည့်နှစ်  မတ်၂၄ ရက်တွင် မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့် တင်သွင်းသော ''အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19  ရောဂါ မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့ရမှုနှင့်ပတ်သက်ပြီး အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ(ကာလုံ)နှင့် ညှိနှိုင်းဆောင် ရွက်ရန်''အရေးကြီးအဆိုကိုလည်းကောင်းဆွေးနွေးရန်   ခွင့်မပြုခဲ့ကြောင်း။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ကျင်းပသည့်ကာလအတွင်း ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၆၃ အရအများပြည်သူနှင့်သက်ဆိုင်သောလောလောဆယ်အရေးကြီး အဆိုများဖြစ်သည့် ၂ဝ၁၉ ခုနှစ် ဇူလိုင် ၁၅ ရက်တွင်  မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းတင်သွင်းသော ''လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံမှုကြောင့် ပြည်သူ များ၏ စားဝတ်နေရေးနှင့်အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့်  ပြည်သူတို့၏ နေ့စဉ်ဘဝမှာစိတ်သောကဖိစီးမှုကို  ဖြစ်ပေါ်စေနိုင်သဖြင့်   နိုင်ငံတော်အစိုးရမှ လျှပ်စစ် ဓာတ်အား တိုးမြှင့်ကောက်ခံခြင်းအားဆိုင်းငံ့ထားရန်''အဆိုကိုလည်းကောင်း၊ ၂ဝ၁၉  ခုနှစ် ဇူလိုင် ၁၈ ရက်တွင် မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းတင်သွင်းသော ''၂ဝ၁၉   ခုနှစ်  ဇွန်  ၁၃  ရက်တွင် အမေရိကန်အောက်လွှတ်တော်မှာ အမေရိကန်အစိုးရ၏ ၂ဝ၂ဝ ပြည့်နှစ် တောင်အာရှဒေသဆိုင်ရာ ဘတ်ဂျက်လျာထားချက်ကြားနာပွဲတွင် အမေရိကန်အောက်လွှတ်တော်အမတ် အာရှပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌ Mr. Brandley Sherman  က မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သော ရိုဟင်ဂျာများအတွက် အစိုးရကောင်းတစ်ရပ်အဖြစ် စိတ် ဆန္ဒမရှိ၊ တာဝန်ယူနိုင်ခြင်းမရှိပါက ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်ဘက်သို့လွှဲပြောင်းပေးသင့်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ထိုလူမျိုးများကိုလိုလိုလားလားလက်ခံမည်ဖြစ်ပြီး ယင်းအစိုးရသည် ထိုလူမျိုး များကို ဖျက်လိုဖျက်ဆီးလုပ်လိမ့်မည် မဟုတ်ဘဲ အကာအကွယ်ပေးမည့်အစိုးရသာ ဖြစ်မည်ဟုပြော ကြားခဲ့ခြင်းသည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်နက် နယ်မြေနှင့်နယ်နိမိတ်တည်တံ့ခိုင်မြဲရေးကို စွက်ဖက်ခြိမ်းခြောက်ရာ ရောက်ခြင်းနှင့် နိုင်ငံတော်အစိုးရအား စော်ကားနေပါကြောင်း''အရေးကြီးအဆိုကိုလည်းကောင်း၊ ၂ဝ၁၉  ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ပျော်ဘွယ်မဲဆန္ဒနယ်မှ  ဦးသောင်းအေးတင်သွင်းသော''နိုင်ငံတော် အတွင်းအေးချမ်းစွာနေထိုင်သွားလာလုပ်ကိုင်လျက်ရှိသော ပြည်သူများ၊ ပြည်သူ့ဝန်ထမ်းများ၊ ပြည်သူ့ ကိုယ်စားလှယ်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်သောင်းကျန်သူများကဥပဒေမဲ့၊ မင်းမဲ့စရိုက်ဆန်ဆန် ဖမ်းဆီးစစ်ဆေးသတ်ဖြတ်ခြင်းများ တွေ့ကြုံနေရခြင်း ကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးပြီးလုံခြုံမှုကင်းဝေးသလိုဖြစ်ပေါ်နေခြင်းအပေါ် ထိရောက် လျင်မြန်စွာ ထိန်းသိမ်းကာကွယ်ပေးနိုင်ရန် နိုင်ငံတော်အစိုးရအားတိုက်တွန်းကြောင်း'' အဆိုကိုလည်း ကောင်း၊၂ဝ၂ဝ ပြည့်နှစ် မေ ၂ဝ ရက်တွင်  မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းတင်သွင်းသော ''အခြေခံပညာဒသမတန်းသင်ရိုးညွှန်းတမ်းပါ ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်တွင် အချို့ အခန်းများမှ ရေးသားချက်အချို့သည် ကျန်းမာရေးနှင့် လိင်ပညာပေးအစား လိင်စိတ်နှိုးဆွသည့် သဘောဆန်နေခြင်းနှင့် မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီခြင်းမရှိဟူ၍ ဆရာ၊ မိဘများနှင့် ပြည်သူ များအကြားစိုးရိမ်ပူပန်မှုများ ဖြစ်ပွားပြီးလူမှုကွန်ရက်များတွင် ပျံ့နှံ့လျက်ရှိသဖြင့်  ဤသင်ခန်းစာများကို ပြန်လည်သုံးသပ်ပြီး  မြန်မာ့ယဉ်ကျေးမှုပတ်ဝန်းကျင်နှင့် လိုက်လျောညီစွာဖြစ်စေရေးအတွက် ပယ်ဖျက်ခြင်း(သို့မဟုတ်)ပြင်ဆင်ခြင်းဖြင့် ဘက်စုံလွှမ်းခြုံသောခေတ်မီပညာရေးကို ထိန်းကျောင်းပေ းနိုင်ရန် နိုင်ငံတော်အစိုးရအားတိုက်တွန်းကြောင်း'' အရေးကြီးအဆိုကိုလည်းကောင်းဆွေးနွေးရန် ခွင့်မပြုခဲ့ကြောင်း။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ကျင်းပစဉ်ကာလအတွင်း ကြယ်ပွင့်ပြမေးမြန်းခဲ့သည့် မေးခွန်းများဖြစ် သည့်၂ဝ၁၉ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင်  မင်းကင်းမဲဆန္ဒနယ်မှဦးမောင်မြင့်က ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့သည့်  ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးA.K Abdul Momen  ၏ ၂ဝ၁၉  ခုနှစ် နိုဝင်ဘာ ၂ ရက် ကိုးလ်ကတ္တားမြို့ စာအုပ်ပြပွဲတွင် ပြောကြားခဲ့သည့် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ထိပါး သောအဓိက(၂) ချက်ကိုအစိုးရက တုံ့ပြန်ဖြေရှင်းရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းအားဖြေကြားရန် ရက်သတ် မှတ်အကြောင်းကြားပြီးမှလွှတ်တော်အစီအစဉ်တွင်မပါတော့ဘဲ ကြယ်ပွင့်မပြမေးခွန်းအဖြစ် ပြန်လည် မေးမြန်းစေခဲ့ခြင်း၊ ၂ဝ၂ဝ ပြည့်နှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးနှင့် မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းတို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က မြန်မာနိုင်ငံ အပေါ်ချမှတ်ခဲ့သည့် ကြားဖြတ်အရေးပေါ် စီမံဆုံးဖြတ်မှုလေးခုနှင့် ပတ်သက်၍ နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာကို ထိပါးနေပါသဖြင့် နိုင်ငံတော်အစိုးရက မည်ကဲ့သို့ ဆောင်ရွက် မည်ကို ပြည်သူများရှင်းလင်းစွာသိမြင်လို၍  ကြယ်ပွင့်ပြမေးမြန်းခဲ့သည့် မေးခွန်းများကို ဖြေကြား ခြင်းမပြုဘဲ ပယ်ချခဲ့ခြင်းတို့ကြောင့် ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၄၆ နှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်းမရှိဘဲပျက်ကွက်ခဲ့ကြောင်း။

အဆိုပါအကြောင်းပြချက်များအရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဦးတီခွန်မြတ်သည် ၂ဝ၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ ပါ ''ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို  ဖောက် ဖျက်ကျူးလွန်ခြင်းနှင့်  ဥပဒေအရပေးအပ်သောတာဝန်များကိုကျေပွန်စွာမဆောင်ရွက်ခြင်း''ဆိုသည့် အချက်များနှင့် ငြိစွန်းကြောင်းတွေ့ရှိရသဖြင့် ၂ဝ၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၁၅ အရ ၎င်းအား တာဝန်မှရုပ်သိမ်းပေးနိုင်ပါရန် အဆိုတင်သွင်းသည်။ ယင်းအဆိုနှင့်ပတ်သက်ပြီး   ပြည်သူ့ လွှတ်တော်တွင် လက်ခံဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက  မေ ၂၉ ရက် ညနေ ၄ နာရီနောက်ဆုံးထားပြီး  အမည်စာရင်းတင်သွင်းနိုင်ကြောင်း သိရ သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးဆဋ္ဌမနေ့ ကို ဇွန် ၁ ရက်တွင်  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။  

 

Read 60 times Last modified on Friday, 29 May 2020 09:27