SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူရေး ကိစ္စနှင့် စပ်လျဉ်း၍ ပါဝင်စီမံ ဆောင်ရွက်ခဲ့သည့် သံအမတ်ကြီးများနှင့် ဆွေးနွေး

Wednesday, 03 June 2020 10:02 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇွန်  

Coronavirus  Disease  2019 (COVID-19)  ကာကွယ်၊  ထိန်းချုပ်၊  ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပရောက် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့  ပြန်လည်ခေါ်ယူရေးကိစ္စနှင့် စပ်လျဉ်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ  မြန်မာသံအမတ်ကြီး တို့နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေး ခန်းမ၌ Video Conferencing စနစ်ဖြင့်   ချိတ်ဆက်တွေ့ဆုံ၍   အပြန်အလှန် ဆွေးနွေးသည်။

ရှေးဦးစွာ Coronavirus  Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက်  တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပိတ်မိနေသော မြန်မာနိုင်ငံသား ပညာတော်သင်ကျောင်းသား၊ ကျောင်းသူများ ပြန်လည် ပို့ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့မှု အခြေအနေကို လည်းကောင်း၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ထိုင်းနိုင်ငံလေဆိပ်၊  နယ်စပ်ဂိတ်နှင့်ထိုင်းနိုင်ငံအတွင်း ပိတ်မိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား စနစ်တကျ စာရင်းကောက်ယူပြီး မြန်မာနိုင်ငံသို့ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့မှု အခြေအနေကို လည်းကောင်း၊ ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က ကိုရီးယားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေး လေယာဉ်ဖြင့်   ပြန်လည်ပို့ဆောင်နိုင်ရေး သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ပြည်ပနိုင်ငံ အသီးသီးရှိ မြန်မာနိုင်ငံသားများ မိခင်နိုင်ငံသို့ပြန်လည် ပို့ဆောင်ရေးအတွက်    ကယ်ဆယ်ရေး လေယာဉ်များ ပျံသန်းပြေးဆွဲရေး ကိစ္စရပ်များကို လည်းကောင်း  ဆွေးနွေး တင်ပြကြသည်။

ဆွေးနွေး တင်ပြချက်များအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က   ပြန်လည် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မိမိတို့ပြည်သူပြည်သားများ အနေဖြင့် မည်သည့်နေရာ ရောက်၍ မည်သည့် ပြဿနာဖြစ်ဖြစ် အားကိုးရာသည် မိမိတို့၏ သံရုံးများဖြစ်ကြောင်း၊ ယင်းသို့ဖြစ်စေရန်မှာ မိမိတို့နိုင်ငံခြားရေး ဝန်ကြီးဌာန၏ တာဝန်ဖြစ်ကြောင်း၊ ဗဟိုက ချမှတ်လိုက်သည့် မူဝါဒနှင့် သတ်မှတ်လိုက်သည့် ညွှန်ကြားချက်များကို သက်ဆိုင်ရာ သံရုံးအသီးသီးက အကောင်အထည်ဖော်ရာတွင် မှန်ကန်စွာ အကောင်အထည်ဖော်နိုင်ရေးသည် များစွာ အရေးကြီးကြောင်း။

အရေးအကြီးဆုံးမှာ အိမ်ရှင်နိုင်ငံအစိုးရသာမက ယင်းနိုင်ငံမှ ပြည်သူပြည်သားများနှင့်ပါ မိတ်ဆွေဖွဲ့နိုင်ရန်နှင့် မိမိတို့နိုင်ငံကို ချစ်ခင်လေးစားအောင် လုပ်ဆောင်ပေးရန်မှာ သံတမန်များ၏ အဓိက တာဝန်တစ်ခုဖြစ်ကြောင်း၊ ယင်းမှာ မိမိတို့နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ထမ်းများ၏  တာဝန်တစ်ခုဖြစ်ပြီး ယင်းတာဝန်များကို မည်သို့ ထမ်းဆောင်နေကြောင်း၊ ယခုဆွေးနွေးပွဲမှတစ်ဆင့် ပြည်သူများကို အသိပေးသွားသည့် သဘောဖြစ်သွားကြောင်း။

ယခု COVID-19 နှင့်ပတ်သက်သည့် ကန့်သတ်မှုများ ပြီးသွားပါက   မိမိတို့၏ ရွှေ့ပြောင်းအလုပ်သမား အရေအတွက် မည်မျှပြန်လည် အလုပ်ရနိုင်မည်ကိုလည်း ရေရှည်စဉ်းစားရကြောင်း၊ ထိုသို့စဉ်းစားသည့်အခါ  သက်ဆိုင်ရာ သံရုံးများက  မိမိတို့၏ အလုပ်သမားများ၏ စားဝတ်နေရေးကအစ ကူညီရန် လိုအပ်ပါက ကူညီနိုင်သည့် အခြေအနေဖြစ်ရန်လည်း ဖြည့်ဆည်းထားကြောင်း။

တရုတ်နိုင်ငံတွင်လည်း  မိမိတို့ပြည်သူပြည်သားများ အလုပ်လုပ်ကိုင်နေကြကြောင်း၊ နယ်စပ်တွင် အသွားအလာများပြားကြောင်း၊ COVID-19 ကာလတွင်  ပိုမိုသတိထားရကြောင်း၊ သို့သော် စီးပွားရေးအရ အသွားအလာကို    ရပ်တန့်ရန် မလွယ်ကူကြောင်း၊

အထူးသဖြင့်   ရပ်တန့်သကဲ့သို့ဖြစ်သွားသည်မှာ  နှစ်လ၊ သုံးလခန့်ရှိပြီဖြစ်သည့်အတွက် ပြန်လည် လှုပ်ရှားရန်မှာ များစွာအရေးကြီးလာကြောင်း၊ ကိုရီးယားနိုင်ငံသည်လည်း ယင်းအတိုင်းပင်ဖြစ်ကြောင်း၊ယခင်လတွင် နှစ်နိုင်ငံအကြား ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆိုင်းငံ့ခဲ့ရသည့် အခြေအနေများ ရှိခဲ့သည့်အတွက်    ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက  Relief Flight များကို ပိုမိုလုပ်ပေးစေလိုကြောင်းကို တင်ပြထားကြောင်း၊ အပြန်အလှန် ကူးသန်း၍ ရနိုင်ရန်အတွက်ဖြစ်ကြောင်း၊

မိမိတို့နိုင်ငံတွင် ဆောင်ရွက်နေသည့် စီမံကိန်းများအား အကောင်အထည်ဖော်ရန် လာရောက်လိုသည့် ကိုရီးယား သမ္မတနိုင်ငံမှ ပုဂ္ဂိုလ်များရှိသကဲ့သို့   မိမိတို့ဘက်မှလည်း ကိုရီးယားနိုင်ငံသို့ သွားရောက်ရန် လိုအပ်သည့် ပုဂ္ဂိုလ်များလည်း ရှိကြောင်း၊ ထို့ကြောင့်  Relief  Flight များကို တစ်ပတ်တစ်ခါ လုပ်မည်ဟု ဆုံးဖြတ်ခြင်းဖြစ်ကြောင်း။

အခြားနိုင်ငံများနှင့်လည်း ပုံမှန်အသွားအလာ ဖြစ်နိုင်သည့်အခြေအနေကို မိမိတို့ ဦးတည်ကြောင်း၊   အမြန်ဆုံးဖြစ်စေလိုကြောင်း၊  အလျင်လိုပြီး COVID -19 အတွက် ကန့်သတ်သင့်သည့် ကိစ္စရပ်များကို မကန့်သတ်ထားပါက ပြန်လည်ပြဿနာ ဖြစ်မည်ကိုလည်း များစွာစိုးရိမ်ရကြောင်း၊မိမိတို့သံရုံး အသီးသီးအနေဖြင့် သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံက COVID -19 ကို  မည်သို့ ကိုင်တွယ်နေကြောင်း၊ တင်ပြချက်များသည် မိမိတို့အတွက် များစွာအထောက်အကူဖြစ်ကြောင်း၊ ယင်းတင်ပြချက်များကိုကြည့်ပြီး အကြံဉာဏ်သစ်များ ထုတ်နိုင်မည်လားဆိုသည်ကို စဉ်းစားရကြောင်း။

သံရုံးများသည် မိမိတို့နိုင်ငံနှင့် အိမ်ရှင်နိုင်ငံအကြားတွင် အဓိက ဆက်သွယ်ပေးသည့် အဖွဲ့များဖြစ်ကြောင်း၊ ဆက်သွယ်မှုကို ရေတိုအတွက်သာ မဟုတ်ဘဲ ရေရှည်အတွက်ပါ ကောင်းရန် မိမိတို့ အမြဲကြိုးစားမျှော်မှန်းရကြောင်း၊ ယခုလောလောဆယ်တွင် ထိုင်းနိုင်ငံနယ်စပ်မှ ပြန်လည်ဝင်ရောက်ကြသည့် ပြည်သူများသည်  တစ်နေ့လျှင် လူဦးရေထောင်နှင့်ချီ ရှိသည့်အတွက် ထိုင်းနိုင်ငံဘက်မှလည်း ဂရုစိုက်ရသကဲ့သို့ မိမိတို့ဘက်ကလည်း ဂရုစိုက်ရကြောင်း၊ ယင်းအခြေအနေတွင် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုခိုင်မာကောင်းမွန်အောင် လုပ်ဆောင်နိုင်ကြောင်း၊ တရုတ်နိုင်ငံဆိုင်ရာ  မြန်မာသံအမတ်ကြီးက  တရုတ်မိတ်ဆွေများနှင့် သက်ဆိုင်ရာ အစိုးရဌာနများက ကူညီသည်ဟု ပြောကြားသွားကြောင်း၊ ယင်းသို့ကူညီခဲ့ခြင်းသည် ယခုအတွက်တင်သာမက နောင်အတွက်ပါ မိတ်ဆွေဖြစ်ရန် အတွက် အခြေခံကို ခိုင်မာစေအောင်   လုပ်ဆောင်သည့် သဘောဖြစ်ကြောင်း။

ကိုရီးယားနိုင်ငံနှင့်လည်း ၎င်းတို့ဘက်မှ လာချင်သည့် ပုဂ္ဂိုလ်များရှိသကဲ့သို့     မိမိတို့ဘက်မှ သွားချင်သည့်    ပုဂ္ဂိုလ်များရှိကြောင်း၊  သံရုံးများအနေဖြင့် တစ်ဖက်နှင့်တစ်ဖက်ညှိနှိုင်းပေးရကြောင်း၊ သံတမန်များ၏ တာဝန်သည်  များစွာကြီးကြောင်း၊ ယခုတက်ရောက် ဆွေးနွေးသည့် သံအမတ်ကြီး သုံးဦးနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် အားလုံးကတက်တက်ကြွကြွ လိုလိုလားလားဖြင့် အလုပ်လုပ်ကြသည့် အတွက်လည်း  ကျေးဇူးတင်ရှိကြောင်း၊ သံရုံးမိသားစုများ အားလုံးကို  နှုတ်ဆက်လိုက်ပါကြောင်းနှင့်  သံအမတ်ကြီးများ အားလုံးနေကောင်းကြပါစေကြောင်း ပြောကြားကြောင်း သတင်း ရရှိသည်။

 

Read 67 times Last modified on Wednesday, 03 June 2020 10:05