SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စေတနာ့ဝန်ထမ်းများ စုစည်း ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေး

Saturday, 06 June 2020 09:32 font size decrease font size decrease font size increase font size increase font size
နေပြည်တော်  ဇွန် 

Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စေတနာ့ဝန်ထမ်း (Volunteer) များ စုစည်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပုသိမ်မြို့နယ် စေတနာ့ဝန်ထမ်း အဖွဲ့ဝင်နှင့် လူငယ်ရေးရာ ကော်မတီ ဥက္ကဋ္ဌ စေတနာ့ဝန်ထမ်း မအေးမြတ်မွန်မိုးနှင့် ကယားပြည်နယ် စေတနာ့ဝန်ထမ်းများ စနစ်တကျဖြစ်စေရေး တာဝန်ယူဆောင်ရွက်နေသူ ကယားပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး တို့နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေး ခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ အပြန်အလှန်ဆွေးနွေးသည်။

ရှေးဦးစွာ   Coronavirus   Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကျန်းမာရေး ဝန်ထမ်းများဖြင့် မလုံလောက်ကြောင်း၊ အထူးသဖြင့် Quarantine စင်တာများတွင် ထားရသည့် အရေအတွက်မှာ များပြားသည့်အတွက် စေတနာ့ဝန်ထမ်းများ၏ အားကို အထူးအားထားရကြောင်း၊ နယ်စပ်ဂိတ်များမှလည်း တစ်နေ့လျှင် တစ်ထောင်ကျော် ပြန်လည်ဝင်ရောက်လာသည့် အတွက် ရေရှည်တွင် အရေအတွက် များလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တော်များများတွင် Facilities Quarantine မရှိကြောင်း၊ ချမ်းသာသည့် နိုင်ငံများသည်ပင် Home Quarantine ဆောင်ရွက်ခိုင်းကြောင်း၊ Home Quarantine  သည် ပျံ့နှံ့မှုမြန်ပြီး အန္တရာယ်ရှိသည်ဟု မိမိတို့ထင်ကြောင်း၊ Facilities Quarantine ကိုထားရခြင်းသည် ပြည်သူများအတွက် များစွာလုံခြုံပြီး ဆောင်ရွက်သင့်သည်ဟု ထင်မြင်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊    ထိုသို့ဆောင်ရွက်သည့်အခါ ကျန်းမာရေး ဝန်ထမ်းများနှင့် မလုံလောက်သည့်အတွက် စေတနာ့ဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းများသည် ပထမဦးဆုံး အပိုင်းကတည်းက ကူညီကြကြောင်း၊ ကူညီမှုကြာလာသည့်အခါ ပင်ပန်းလာကြောင်း၊ ရှိသင့်ရှိထိုက်သည့် အထောက်အကူပစ္စည်းများ မရှိခြင်း၊ ကူညီပံ့ပိုးမှုများ မရရှိခြင်းတို့အတွက် ယင်းကိုနိုင်ငံတော်က ပံ့ပိုးရမည်ဆိုသည့် အမြင်ဖြင့် စေတနာ့ဝန်ထမ်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို စတင်အကောင်အထည်ဖော် ခဲ့ခြင်းဖြစ်ကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက်     ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စေတနာ့ဝန်ထမ်းများအား ရေရှည်ဆောင်ရွက်နိုင်ရန် နိုင်ငံတော် အနေဖြင့် ပံ့ပိုးကူညီရန် လိုအပ်မှု၊ စေတနာ့ ဝန်ထမ်းများ  အချိန်ပိုင်း ကူညီပံ့ပိုးနိုင်ရန် စနစ်တစ်ခု ဆောင်ရွက်ရန် လိုအပ်မှု၊ ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ချက်များ၊ Quarantine စင်တာတွင် တာဝန်ထမ်းဆောင်ကြမည့် စေတနာ့ဝန်ထမ်းများအတွက် အနေအထိုင်၊ အစားအသောက်၊ သွားလာရေး၊ အနားယူရန်၊ အန္တရာယ်ကင်းစွာ စနစ်တကျ ပါဝင်နိုင်ရေးနှင့် သင်တန်းများ ဆောင်ရွက်ပေးနိုင်ရေး၊ စေတနာ့ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များအပေါ် နိုင်ငံတော်အနေဖြင့် အသိအမှတ်ပြုရေး၊ စေတနာ့ဝန်ထမ်းများအား သင်တန်းပေးရန် ဆောင်ရွက်ခဲ့မှု၊ သင်တန်းပေးနေမှုနှင့် လေ့ကျင့်ပေးနေမှု၊ မြို့နယ်များတွင် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့  ဖွဲ့စည်းထားရှိမှုနှင့်  စေတနာ့ ဝန်ထမ်းများအား Quarantine များတွင် အလှည့်ကျတာဝန် ထမ်းဆောင်စေရန် ဆောင်ရွက်ထားရှိမှုတို့ကို လည်းကောင်း၊ စေတနာ့ဝန်ထမ်း မအေးမြတ်မွန်မိုးက Facilities Quarantine စင်တာတွင် စေတနာ့ဝန်ထမ်းအဖြစ် စတင်ကူညီ ဆောင်ရွက်ခဲ့မှုနှင့် စိုးရိမ်ပူပန်မှု အခြေအနေ၊ Quarantine စင်တာအတွင်းစည်းအထိ ပါဝင်ဆောင်ရွက်ရာတွင် နေထိုင်စားသောက်ရေး အခက်အခဲများ၊ Quarantine ဝင်ရောက်သူများကို ကူညီဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ပုသိမ်မြို့ Facilities Quarantineစင်တာများတွင် Quarantine ဝင်ရောက်နေသူ အရေအတွက်၊ ထပ်မံဝင်ရောက်လာမည့် နေရပ်ပြန်များအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ Facilities Quarantine စင်တာများတွင် တာဝန်ထမ်းဆောင်နေကြသည့် စေတနာ့ဝန်ထမ်းများအတွက် စွမ်းရည်မြှင့် သင်တန်းများကို  Online  Class ဖြင့် သင်ကြားပေးနိုင်ရေး ကိစ္စများနှင့် လိုအပ်ချက်များကို လည်းကောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ကယားပြည်နယ်ရှိ စေတနာ့ဝန်ထမ်းများ စာရင်းကောက်ယူခဲ့မှု အခြေအနေ၊ Community BasedFacilities Quarantine  စင်တာများတွင်  Quarantine ဝင်ရောက်နေသူများအတွက် စီစဉ်ဆောင်ရွက်ပေးနေမှု၊ ကယားပြည်နယ်ရှိ Fevers Clinicများတွင် စေတနာ့ဝန်ထမ်း များ ပါဝင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေး တင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ်   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီးနိဂုံးချုပ် ပြောကြားရာတွင် Quarantine စင်တာများတွင် အဓိကထိတွေ့မှု ရှိသူများမှာ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများဖြစ်ကြောင်း၊ Quarantine ဝင်နေသူများအား စိတ်ဖိစီးမှုမရှိအောင် ဆောင်ရွက်ပေးခြင်းသည် မွန်မြတ်သည့်လုပ်ငန်းဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းများအတွက် ကာကွယ်ရေးပစ္စည်းများ ဆောင်ရွက်ပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ညွှန်ကြားသွားမည်ဖြစ်ကြောင်း၊ Quarantine စင်တာများတွင် လိုအပ်ချက်များ ပြည့်မီအောင် အထူးဂရုစိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းများအတွက် သင်တန်းများကို အွန်လိုင်းမှတစ်ဆင့် သင်ကြားနိုင်ရန်စီစဉ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သို့မှသာ တစ်နိုင်ငံလုံးရှိ စေတနာ့ဝန်ထမ်းများသည် ကိုဗစ်ကာကွယ်ရေး လုပ်ငန်းများတွင် ထိရောက်စွာ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်ရောဂါသည် အနည်းငယ်ကာလ ရှည်ကြာနိုင်သေးကြောင်း၊ ရှေ့လတွင်လည်း နယ်စပ်မှ ပြန်လည်ဝင်ရောက်လာမည့် နေရပ်ပြန်များမှာလည်း များပြားနေမည်ဖြစ်ကြောင်း၊ ထပ်မံဝင်ရောက်လာမည့်ပြည်သူများအတွက် Quarantine တွင် ဂရုစိုက်ရန် စေတနာ့ဝန်ထမ်းများ၏ အားမှာ အထူးလိုအပ်ကြောင်း၊ ကိုဗစ်ကာလမှာ အချိန်ကြာမြင့်နိုင်သေးသည့်အတွက် စေတနာ့ဝန်ထမ်းများ၏ အားကို စနစ်တကျပြုစု ပျိုးထောင်ထားရမည်ဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းများ၏ အားကို မိမိအနေဖြင့် တန်ဖိုးထားအားကိုးကြောင်း၊ စေတနာ့ဝန်ထမ်းများ၏ အားမပါဘဲ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကို မည်သို့မှပြည့်ပြည့်ဝဝဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ စေတနာ့ဝန်ထမ်းများ အနေဖြင့် လိုအပ်ချက်များ ရှိပါက အလွယ်တကူ တင်ပြနိုင်ရန် တာဝန်ရှိသူများအနေဖြင့် စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

 

Read 69 times Last modified on Saturday, 06 June 2020 09:34