SJ WorldNews - шаблон joomla Авто

ယနေ့ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါ ပိုးတွေ့ လူနာထပ်တိုးမရှိ

Saturday, 06 June 2020 11:23 font size decrease font size decrease font size increase font size increase font size
နေပြည်တော်  ဇွန် 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက်  ၈ နာရီနှင့်  ည ၈ နာရီတို့တွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များ အရ ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာသစ် မရှိကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်များအရ (၄-၆-၂ဝ၂ဝ)ရက်အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၇၅ဝ ခုအား (၅-၆-၂ဝ၂ဝ)ရက်  နံနက်အစောပိုင်းတွင်   စစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။

(၄-၆-၂ဝ၂ဝ) ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)( NHL) မှ ဓာတ်ခွဲနမူနာ ၁၄၉၂ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၁ဝ၇ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL-MDY)မှ ဓာတ်ခွဲနမူနာ ၂၄၄ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)( PHL-MLM) မှ ဓာတ်ခွဲနမူနာ ၉၃ ခု စုစုပေါင်း ၁၉၃၆ ခုကို စစ်ဆေးခဲ့ပြီး (၅-၆-၂ဝ၂ဝ) ရက် နံနက်အစောပိုင်းတွင် ဓာတ်ခွဲစစ်ဆေးမှုများ ပြီးစီးခဲ့သည်။

(၅-၆-၂ဝ၂ဝ) ရက်အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင်  အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)( NHL)မှ ပထမအသုတ် ဓာတ်ခွဲနမူနာ  ၆၅၇  ခုဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁၃၅ ခုနှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)(PHL-MDY) မှ ဓာတ်ခွဲနမူနာ ၂၃၂ ခု၊ စုစုပေါင်း ၁ဝ၂၄ ခုကို ယနေ့ညနေတွင် စစ်ဆေးပြီးစီးရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရပါ။

(၅-၆-၂ဝ၂ဝ) ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၃၆ ဦးရှိသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (Old Confirmed Case)) များ၏ ဓာတ်ခွဲနမူနာများ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ သုံးဦး (Case-197 ၊ 198 နှင့် 199) ရှိသဖြင့် (၅-၆-၂ဝ၂ဝ) ရက်အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၅၁ ဦးရှိသည် ၎င်းတို့အနက် ၁၃၅ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။

ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူ ခြောက်ဦးရှိသည်။

(၄-၆-၂ဝ၂ဝ) ရက် မွန်းတည့် ၁၂ နာရီ မှ (၅-၆-၂ဝ၂ဝ) ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် ၅၂ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

Read 68 times Last modified on Saturday, 06 June 2020 11:25