SJ WorldNews - шаблон joomla Авто

ရုပ်ပွားတော် ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်အမြင့် ၁၈ ပေရှိ ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား နေပြည်တော်တွင် တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်လျက်ရှိ

Saturday, 06 June 2020 21:44 font size decrease font size decrease font size increase font size increase font size
နေပြည်တော်၊ ဇွန် -

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာအနီး စကျင်တောင်မှ ထွက်ရှိသည့် စကျင်ကျောက်တော်ကြီးအား ရုပ်ပွားတော် ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေရှိ ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအဖြစ် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်နိုင်ရေး  Shwe Foundation လွှဲအပ်ချက်အရ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တယဉာဏိဿရ၊ ရွှေသုဝဏ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သဒ္ဓိယနှင့် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္ဒနန္ဒမာလာဘိဝံသ တို့ထံမှ သြဝါဒခံယူပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်၍ အများစုပေါင်း လှူဒါန်းမှုဖြင့် တပ်မတော်မှ ဆောင်ရွက်လျက်ရှိသည်။

 အဆိုပါ စကျင်ကျောက် ဘူမိဖဿမုဒြာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများအား ယနေ့နံနက်ပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်  သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော် များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ တွဲဖက်ရွှေကျင် သာသနာပိုင်၊ သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ နှင့်အတူ သွားရောက်ကြည့်ရှု၍ ထုဆစ်ကိုးကွယ်ရန် ဆောင်ရွက်နေမှု အခြေအနေများကို ဆရာတော်ကြီးထံ တင်ပြလျှောက်ထားပြီး ဆရာတော်ဘုရားကြီး၏ လမ်းညွှန်မှုသြဝါဒကို ခံယူသည်။

 ဦးစွာ သီတဂူဆရာတော်ဘုရားကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့် တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရန် ကျောက်များ တူးဖော်လျက်ရှိသည့် မတ္တရာမြို့နယ်၊ စကျင်တောင်သို့ ရောက်ရှိကြပြီး သီတဂူဆရာတော် ဘုရားကြီးအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရှင်းလင်းဆောင်၌ ဆောင်ရွက်နေမှု အခြေအနေများကို ရုပ်ပွားတော်ပုံစံငယ်များဖြင့် တင်ပြလျှောက်ထားသည်။

 ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများက စကျင်ကျောက်တော်ကြီး တူးဖော်ခြင်း၊ ထုဆစ်ခြင်း လုပ်ငန်းဆောင်ရွက်မှုများ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်နိုင်ရေး ရေလမ်း၊ ကုန်းလမ်းတို့မှ သယ်ယူပို့ဆောင်သွားမည့် အခြေအနေများ၊ နေပြည်တော်တွင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ဆက်လက်တင်ပြ လျှောက်ထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုပ်ပွားတော်မြတ်ကြီးကို "မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းလင်း တောက်ပလျှက်ရှိသည်ကို ကမ္ဘာကို ပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား  ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက် စည်ကားမှုကို  အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော် စီးပွား ဖွံ့ဖြိုးတိုးပွားစေရန်" စသည့် ရည်ရွယ်ချက် ချက်ဖြင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ စကျင် ကျောက်တော်ကြီးကို အလှူရှင်(Angelo Mining Co.,Ltd)  မှ ဦးအောင်ခိုင်သန်း က Shwe Foundation  သို့၂၀၁၃ ခုနှစ်တွင် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ပလ္လင်တော်အတွက် လိုအပ်သည့် ကျောက်များကို ထပ်မံဝယ်ယူ ဖြည့်တင်းခဲ့ရကြောင်း၊ ရုပ်ပွားတော်အတွက် လိုအပ်သည့် ကျောက်သားတူးဖော်ခြင်းနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ နေရာချထားခြင်းနှင့် တည်ထားကိုးကွယ်မည့် ဥယျာဉ်တော်အတွင်း သာယာလှပရေး တို့အား စနစ်တကျ တွက်ချက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဥယျာဉ်တော်အတွင်း၌ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာ ပြည်သူများ အဆင်ပြေ စေရေးအတွက် ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်၊ ဘုတ်တလုတ် ရေကန်၊ ရေပန်းများ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ဂန္ဓကုဋိတိုက်အတွင်း၌လည်း ဗုဒ္ဓ ယဉ်ကျေးမှုများ၊ ဗုဒ္ဓဝင်များကို စကျင်ကျောက်များဖြင့် ထုဆစ် ပူဇော်သွားမည်ဖြစ်ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီးအား ၂၀၂၂ ခုနှစ်အတွင်း ပြီးစီးရေး ရည်မှန်းဆောင်ရွက်လျက်ရှိပြီး ယခုနှစ် ဇူလိုင်လမှ စတင်၍ ပင့်ဆောင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်းနှင့် မူလဉာဏ်တော် မထိခိုက်စေဘဲ ထုံးတမ်းစဉ်လာများနှင့် အညီပင့်ဆောင် သွားမည်ဖြစ်ပါကြောင်းဖြင့် တင်ပြလျှောက်ထားသည်။

 တင်ပြလျှောက်ထားမှုများအပေါ် သီတဂူဆရာတော်ဘုရားကြီးက မြတ်စွာဘုရား၏ ရုပ်အဆင်းအင်္ဂါ ၃၂ ပါးနှင့် အနီးစပ်ဆုံး တူညီအောင် ထုဆစ်ရမည်ဖြစ်ပြီး သင်္ကန်းအကျကအစ လက်ချောင်းများ ညီညာနေရမည်ဖြစ်ကြောင်း၊ ကျောက်သားကောင်းရန်၊ ကျောက်အရောင် ညီရမည်ဖြစ်ပြီး လက်ရာကောင်းမွန်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ သုဓမ္မာဇရပ် ဆောက်လုပ်ရာတွင် မန္တလေးရှိ သုဓမ္မာဇရပ်အတိုင်း ပုံစံတူပြီး ကျွန်းတိုင်များထည့်သွင်း ဆောက်လုပ်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်းနှင့် ဗုဒ္ဓသာသနာ တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်သည်ဖြစ်၍ အလွန်ကောင်းမွန်သည့် အလုပ်ဖြစ်ကြောင်း မိန့်ကြားတော် မူသည်။

 ထို့နောက် သီတဂူဆရာတော်ဘုရားကြီး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စကျင်တောင်တော်မှ စကျင်ကျောက်တော်ကြီးအား ရုပ်ပွားတော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ၊ စုစုပေါင်း ဉာဏ်တော်အမြင့် ၈၁ ပေရှိ  မြတ်စွာဘုရား၏ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် ထုဆစ်ကိုးကွယ်ရန် နေပြည်တော်သို့ ပို့ဆောင်နိုင်ရေး လုပ်ငန်း ခုခွဲ၍ဆောင်ရွက်နေသည့် အခြေအနေများအား လိုက်လံ ကြည့်ရှု၍ လိုအပ်သည်များမှာကြား ညှိနှိုင်းဆောင်ရွက်သည်။

 ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာအနီး စကျင်တောင်မှ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်သို့ သယ်ဆောင်ရာတွင် စကျင်တောင်မှ မြောင်မြစ် အတွင်းသို့လည်းကောင်း၊ မြောင်မြစ်မှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်း၍ ဆီမီးခုံဆိပ်ကမ်း၊ ဆီမီးခုံဆိပ်ကမ်းမှတစ်ဆင့် တံတားဦး စကားအင်းအဝိုင်း၊ ၎င်းမှတစ်ဆင့် မန္တလေး-ရန်ကုန်အမြန်လမ်းမကြီးအတိုင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ဒက္ခိဏသီရိမြို့နယ်သို့ လည်းကောင်း အဆင့်ဆင့် ပင့်ဆောင်မည့် လမ်းကြောင်းကို ရဟတ်ယာဉ်ဖြင့် ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

 

 

 

 

 

 

 

 

Read 83 times Last modified on Saturday, 06 June 2020 21:49