SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID -19 ကူးစက်ဖြစ်ပွားမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေသူများနှင့် ဆွေးနွေး

Wednesday, 01 July 2020 10:06 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၃၀

Coronavirus Disease 2019 (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် COVID-19 ကူးစက်ဖြစ်ပွားမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်၊ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးနှင့် ဘားအံပြည်သူ့ဆေးရုံအထူးကုဆရာဝန်ကြီး (ဆေးပညာ) ဒေါက်တာချိုချိုစန်းထူးတို့နှင့် ယနေ့နံနက်၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌Video Conferencing စနစ်ဖြင့် ချိတ်ဆက် တွေ့ဆုံ၍  လက်တွေ့ အခြေအနေများကိုအပြန်အလှန်ဆွေးနွေးသည်။

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19)  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဌ နိုင်ငံတော်၏    အတိုင်ပင်ခံပုဂ်္ဂိုလ်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင်  သတင်းများကို    လေ့လာကြည့်မည်ဆိုပါက အခြားနိုင်ငံများတွင် ကောင်းသွားပြီဆိုပြီး COVID-19 ရောဂါ  ဒုတိယလှိုင်း ဝင်လာသည်ကို တွေ့ရကြောင်း၊ မိမိတို့အနေဖြင့် ဒုတိယလှိုင်းကိုဖြစ်နိုင်ပါက လုံးဝကာကွယ်လိုကြောင်း၊ ဆိုးရွားစွာ မဖြစ်စေလိုကြောင်း၊ ထို့ကြောင့် ကာကွယ်ရေး ရှုထောင့်နှင့် ကုသရေးရှုထောင့်များ အနေဖြင့် မည်သည်တို့ကို သတိပြုရန်လိုအပ်သည် မည်သည့်အတွက်ကြောင့် သတိပြုရန် လိုအပ်သည် စသည်တို့ကို အများပြည်သူ ရှင်းရှင်းလင်းလင်း နားလည်နိုင်စေရန် ဆောင်ရွက်ပေးလိုကြောင်း၊ ပေါ့ဆ၍ မဖြစ်သေးကြောင်း၊ နောက်နှစ်လသုံးလခန့် စည်းကမ်းထိန်းသိမ်းပြီး  လိုက်နာဆောင်ရွက်ကြမည် ဆိုပါက အန္တရာယ်ကို ကျော်လွန်သွားပြီဟု ပြောနိုင်မည့် အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း၊ ရောက်မည်ဟု တိတိကျကျ ပြောခြင်းမဟုတ်ကြောင်း၊ အဆိုပါအလားအလာကို ရှေးရှု၍ ဆွေးနွေးလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အဓိက အရေးကြီးသည့် နိုင်ငံဖြတ်ကျော် ဝင်ပေါက်ထွက်ပေါက်များကို အဓိကထား ကာကွယ်ရန် စီစဉ်ခြင်းဖြစ်သည့်အတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် နယ်စပ်ဂိတ်များတွင်မိမိတို့ ကျန်းမာရေးဌာနက ကြိုတင်စစ်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ ပထမဆုံးလူနာကို မတ်၂၃ရက်တွင် ရှာဖွေတွေ့ရှိပြီး သည့်နောက် ယခုအချိန်အထိ ၂၉၉ ဦး တွေ့ရှိခဲ့ကြောင်း၊  မိမိတို့မျှော်မှန်းထားသည်ထက် များစွာလျော့နည်းသည့် အရေအတွက်ကိုသာ တွေ့ရှိခြင်း ဖြစ်သည့်အတွက် မိမိတို့၏ကြိုတင်ပြင်ဆင်မှုများနှင့် ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများသည် ထိရောက်မှုရှိသည်ကို တင်ပြလိုကြောင်း။

ကုသမှုပေးခဲ့သည့် လူနာများအနက်၂၂၁ ဦးသည် ယနေ့တွင် ပြန်လည်ကောင်းမွန်လာပြီး သေဆုံးမှုသည် ခြောက်ဦးသာ ရှိခဲ့ကြောင်း၊ မိမိတို့၏ ထောက်လှမ်းမှုစနစ်များသည် ပြည်သူများအတွင်း တစ်ဦးနှင့်တစ်ဦး အချင်းချင်း ကူးစက်မှု မရှိသလောက် လျော့နည်းသွားသည်ကို တွေ့ရှိရကြောင်း၊ တောင်ကိုရီးယား၊ တရုတ်၊ သြစတြေးလျနှင့် အိန်္ဒိယနိုင်ငံတို့တွင် ဖြေလျှော့မှုများ ပြုလုပ်ပြီးသည့်နောက်  လူနာများ ပြန်လည်တွေ့ရှိသဖြင့် ပြန်လည်ကန့်သတ်မှုများ ပြုလုပ်ရကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းများပြန်ပိတ်ရန် စီစဉ်သည်ကို တွေ့ရကြောင်း၊ထိုင်း၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများတွင် အဆင့်အလိုက် ဖြေလျှော့မှုများ ဆောင်ရွက်သော်လည်း ပြည်ပခရီးသွား လုပ်ငန်းများကို ယခုထိ ကန့်သတ်ထားဆဲဖြစ်ကြောင်း၊ စင်ကာပူနှင့် နယူးဇီလန်နိုင်ငံတို့တွင် ဖြစ်ပွားမှုများ များစွာလျော့ကျကာ မရှိသလောက် ဖြစ်သည်ဟုကြေညာခဲ့ပြီး  ဖြေလျှော့ခဲ့ပြီးနောက် လူနာများ ပြန်လည်တွေ့ရှိနေသည်ကို သိရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လျှော့ပေါ့စွာ ဆောင်ရွက်မည်၊ သတိလက်လွတ် ဆောင်ရွက်မည်ဆိုပါက ရောဂါကူးစက်မှုသည်အချိန်မရွေး မြင့်တက်လာနိုင်သည့် အတွက် ပေါ့ဆ၍မရသည်ကို   ပြည်သူလူထုထံ တင်ပြလိုကြောင်း  ဆွေးနွေးတင်ပြသည်။

 ယင်းနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက COVID -19  သံသယလူနာများ ထားရှိရေးနှင့်   ဆေးရုံအတွင်း    ရောဂါကူးစက်မှုများ မဖြစ်ပေါ်နိုင်ရေးအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဌာနအသီးသီးမှ   ပါမောက္ခ ဆရာဝန်ကြီးများနှင့် တိုင်ပင်ညှိနှိုင်းပြီး လူနာများထားရှိရန် နေရာသတ်မှတ်ခြင်း၊ လူနာသယ်ယူရေး လမ်းကြောင်း  ရွေးချယ်ခြင်း၊ CCTV ၊ Intercom ၊ Oxygen  Pipeline များ တိုးချဲ့တပ်ဆင်ခြင်း၊ လိုအပ်သော ဆေးဝါးနှင့် စက်ကိရိယာများ ဖြည့်ဆည်းဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယခင်က ဆေးရုံသုံးစက်ကိရိယာ ပစ္စည်းများ လိုအပ်ချက်များ ရှိသော်လည်း ယခုအခါ နိုင်ငံတော်နှင့် စေတနာအလှူရှင် ပြည်သူလူထုတို့မှဖြည့်ဆည်းပေးထား၍   အတော်အသင့် ပြည့်စုံနေပြီဖြစ်ကြောင်း။

၂၀၂၀   ပြည့်နှစ်  မတ်လမှစတင်၍ COVID-19 သံသယလူနာများကို ကုသမှု ပေးခဲ့ပြီး ယနေ့အထိ လူနာစုစုပေါင်း ၁၁၄၇ဦး ရှိခဲ့ကြောင်း၊ထိုလူနာများအနက် ၁၁ ဦးမှာ COVID-19  Test Positive ဖြစ်ခဲ့ကြောင်း၊ ဧပြီလနှင့်မေလတို့တွင် ဆေးရုံကြီး၌ နေ့စဉ်သံသယ လူနာစုစုပေါင်း ၁၀၀ ဝန်းကျင်ခန့်ရှိပြီး    တစ်နေ့လျှင် လူနာအသစ်၂၅ဦးမှ ၃၀ဦးခန့်အထိ တက်ရောက်ကုသ ခံယူလျက်ရှိကြောင်း။

ယခုအချိန်သည် ယခင်ဧပြီလနှင့်မေလများထက် လမ်းပေါ်တွင် လူများစွာ သွားလာနေကြသည်ကို တွေ့ရှိရကြောင်း၊ အထူးသဖြင့် အပြင်သို့ထွက်နေသည့်သူများမှာ လူငယ်များဖြစ်ကြောင်း ပြန်လည်ဆွေးနွေး တင်ပြသည်။

ဆက်လက်၍ ဘားအံပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီး(ဆေးပညာ) ဒေါက်တာချိုချိုစန်းထူးက  ကရင်ပြည်နယ်၏ ပထမဆုံး သံသယလူနာသည် မတ် ၇ ရက်တွင်စတင်ရောက်ရှိလာကြောင်း၊ ပြည်နယ်ဆေးရုံသို့ ဇွန် ၂၅ ရက်အထိ သံသယ လူနာပေါင်း ၁၃၈ဦးရောက်ရှိခဲ့ကြောင်း၊ Case No-186  နှင့်   Case No-187 တို့သည် မေ ၁၈ ရက်တွင်လည်းကောင်း၊ Case No-265 သည် ဇွန် ၁၉ရက်တွင် လည်းကောင်း၊ Case No-294 သည် ဇွန် ၂၈ ရက်တွင် လည်းကောင်း ရောက်ရှိလာကြောင်း၊  ၎င်းတို့ကို  COVIDသီးသန့်လူနာဆောင်တွင် နေရာချထားပြီး ကုသလျက်ရှိကြောင်း၊ သူနာပြုဆရာမများလူနာပြုစုမှုဆိုင်ရာ ဝင်ရောက်ခြင်းနှင့် ဆရာဝန်ကြီးပုံမှန် Round  လှည့်ခြင်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊  လူနာခန်းအားလုံးတွင် CCTV တပ်ဆင်ထားပြီး Round ပြီးချိန်တွင်လည်း ဆရာမများအခန်းမှလည်း မျက်ခြည်မပြတ်အကဲခတ်နေကြောင်း၊ဆရာဝန်ကြီးများ၏ ဖုန်းနှင့်လည်းချိတ်ဆက်ထားပြီး   အမြဲမပြတ် လေ့လာစစ်ဆေးမှုများ ဆောင်ရွက်ကြောင်း။

ယခုအချိန်တွင် ဝန်ကြီးဌာန၏ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးမှု၊ နိုင်ငံတော် အစိုးရ၏ပံ့ပိုးမှု၊   အလှူရှင်များ၏ လှူဒါန်းမှုများကြောင့်  အဆင်ပြေလျက်ရှိကြောင်း။

ယခုအခါ ပြည်သူများသည် ကပ်ရောဂါကို စိုးရိမ်ကြောက်လန့်မှု လျော့နည်းလာသည့် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာမှုတဖြည်းဖြည်း လျော့နည်းလာသည်ကို တွေ့ရကြောင်း၊ ကမ္ဘာ့နိုင်ငံအချို့တွင်COVID ရောဂါသည် တစ်ကျော့ပြန်ဖြစ်ပွားလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိနိုင်ငံတွင်COVIDရောဂါ မကူးစက် မပြန့်ပွားစေရေးအတွက် ပြည်သူများ အနေဖြင့် ညွှန်ကြားချက်များကိုလိုက်နာကြရန် အထူးလိုအပ်ကြောင်း ဆွေးနွေးတင်ပြသည်။

ထို့နောက် ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍   နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်က  မိမိတို့နိုင်ငံတွင် ဇန်နဝါရီ ၄ ရက်ကတည်းကစတင်၍   လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို   ထုတ်ပြန်၍ ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သဖြင့် အထောက်အကူ များစွာဖြစ်ခဲ့ကြောင်း၊ အကြမ်းအားဖြင့် ကြည့်မည်ဆိုပါက ပြည်တွင်းတွင် ကူးစက်ခြင်းမရှိဘဲ ပြည်ပမှပြန်လည် ဝင်ရောက်လာသူပြည်သူများတွင် ရောဂါပိုး ပါလာခြင်းသည်များကြောင်း၊  ထို့ကြောင့် သတိထားရန် လိုအပ်သဖြင့်   မကြာခဏ သတိပေးနေကြောင်း၊ COVID-19 ရောဂါဖြစ်ပွားမှုပုံစံသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံကွာခြားသည်ဟု ပြောဆိုကြကြောင်း၊ တစ်နေရာနှင့် တစ်နေရာအပေါ်  အခြေခံ၍ ပြောင်းလဲသွားကြောင်း၊  မိမိတို့နိုင်ငံတွင် အများစုသည် ရောဂါလက္ခဏာပြသခြင်း မရှိဟုပြောကြကြောင်း၊  ထိုသို့လက္ခဏာ မပြခြင်းသည်  အလွန်ကြောက်မက်ဖွယ်ဖြစ်ကြောင်း၊ လက္ခဏာပြသသဖြင့် မြင်တွေ့ရလျှင် ရှောင်တိမ်း၍ရကြောင်း၊ COVID-19 ရောဂါလက္ခဏာ     လုံးဝ မပြသဖြင့် ရှောင်တိမ်း၍မရကြောင်း၊  ထို့ကြောင့် မိမိကိုယ်ကို သတိဖြင့် နေထိုင်ခြင်းသည် လွန်စွာအရေးကြီးကြောင်း၊ COVID ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အားလုံး ဝိုင်းဝန်းပြီး ဆောင်ရွက်ပေးကြရန်၊ ဆက်လက်ပြီး  သတိထားရန်၊ မပေါ့လျော့ရန်၊ သည်းခံကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်သူများအားလုံး COVID ရောဂါ စိန်ခေါ်မှုကြီးကို ကျော်လွှားနိုင်ရန် ဝိုင်းဝန်းကူညီကြသည့်အတွက်   များစွာ ကျေးဇူးတင်ရှိကြောင်း၊ အားလုံးကျန်းမာ၊ချမ်းသာကြပါစေကြောင်း ပြောကြားသည်။ 

 

Read 44 times Last modified on Wednesday, 01 July 2020 10:09