Print this page

ဇူလိုင်မိုးနှင့်ရွှေခရု အန္တရာယ် သတိပြုဖွယ်

Thursday, 03 August 2017 15:55 font size decrease font size decrease font size increase font size increase font size

ယခုနှစ် မုတ်သုံမိုးပဇ္ဇုန် ရွာပုံဆန်းသောကြောင့် နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်၌ စိုက်ပျိုးထားသော နှမ်းစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုကြောင့် နှမ်းအရည်အသွေး ကျဆင်းသွားပြီး နှမ်းစိုက်တောင်သူများ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်နေကြောင်း သိရသည်။

နှမ်းစိုက်တောင်သူများအတွက် မှန်းချက်နှင့်နှမ်းထွက်မကိုက် ကြသကဲ့သို့ မိုးစပါး စိုက်တောင်သူများမှာလည်း  တွက်ခြေမကိုက်ဖြစ်မည့် အခြေအနေမျိုး ကြုံတွေ့နေကြရသည်။ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် အတွင်း၌ ဇူလိုင်လ အစောပိုင်းကာလတွင် စတင်စိုက်ပျိုးခဲ့သော မိုးစပါးခင်းများမှာ ရေဝပ်ခြင်း၊ မျိုးမသန့်ခြင်းနှင့် လယ်မြေများ စမ်းပေါက်ခြင်းတို့ကြောင့် စပါးအပင်ပေါက်ရာတွင် ကွက်ကျားသာ အပင်ပေါက်ကြသည်။

အခြားအကြောင်းရင်းတစ်ခုမှာ တောင်သူလယ်သမားများ အနေဖြင့် နွေ၊ မိုး၊ ဆောင်းတို့တွင် သီးထပ်သီးညှပ်စိုက်ပျိုးခြင်းကို စဉ်ဆက်မပြတ် စိုက်ပျိုးကြသည့်အတွက် မြေဆီသြဇာ ခန်းခြောက်ခြင်း ပါဝင်ကြောင်း သိရသည်။

မွန်ပြည်နယ် ပေါင်မြို့နယ် သဲကုန်းကျေးရွာမှ  စပါးစိုက်တောင်သူ တစ်ဦး ပထမအကြိမ် စိုက်ပျိုးသော စပါးခင်းများကို ရွှေခရုများ ကိုက်ဖြတ်သဖြင့် ပျက်စီးသွားရာ ယခုဒုတိယအကြိမ် ပြန်လည်စိုက်ပျိုးသည့် စပါးခင်းများကိုလည်း ရွှေခရုများ ကိုက်ဖြတ်ခံနေရကြောင်း သိရသည်။ စပါးခင်းများအတွင်း ဝင်ရောက်ဖျက်ဆီးနေသည့် ခရုနှိမ်နင်းရေးကို ဇူလိုင်လ အတွင်းက ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့်ပေါင်မြို့နယ်တို့၌ ဆောင်ရွက်ခဲ့ပြီး သထုံမြို့နယ်အတွင်း ဆက်လက် ဆောင်ရွက်ကြမည်ဖြစ်သည်။ ရွှေခရုများသည် ပါးဟက်နှင့် အသက်ရှူနိုင်သည့် နည်းတူ အဆုတ်နှင့်လည်း အသက်ရှူနိုင်သည့် သတ္တဝါဖြစ်သဖြင့် စပါးခင်းများ အတွင်းရှိ ခရုများကို ကောက်ယူပြီး ထုခြေဖျက်ဆီး၍ မြေမြှုပ်မှသာ သေဆုံးနိုင်သည်။ ချောင်းနှင့်မြောင်းများအတွင်း ပြန်လွှတ်မည်ဆိုပါက ပြန့်ပွားသွားမည်ဖြစ်သည်။ စပါးဖျက်ခရုများ မပြန့်ပွားစေရန် ဥများကို ဖျက်ဆီးရာတွင် စပါးခင်းတစ်ဧကလျှင် ထုံးပိဿာ ၁၅ဝ ဖျန်းပေးမှ ထိရောက်အောင် နှိမ်နင်းနိုင်ကြောင်းနှင့်  ခရုများ၏ သက်တမ်းမှာ ခြောက်နှစ်မှ ၁ဝ နှစ်အထိရှိခြင်းကြောင့်   စုပေါင်းကောက်ယူ နှိမ်နင်းသည့်နည်းက ထိရောက်ကြောင်း သိရသည်။

ကရင်ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန မျိုးစေ့ဌာနခွဲအောက်ရှိ ဘားအံခရိုင်မျိုးသန့်ခြံ၌ မိုးစပါးမျိုးစေ့ ထုတ်လုပ်ခြင်းနှင့် စပါးဖျက်ခရု ကာကွယ်နှိမ်နင်းခြင်း ကွင်းသရုပ်ပြပွဲကို ဇူလိုင် ၂၈ ရက်က ပြုလုပ်စဉ် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး၏ ပြောကြားချက်အရ    ရွှေခရုအမတစ်ကောင်သည် မျိုးဥ ၈ဝဝ မှ ၁ဝဝဝ အထိဥချနိုင်ပြီး  ရက်သတ္တနှစ်ပတ်မှ သုံးပတ်အတွင်း အကောင်ပေါက်၍ ဥမြုံတစ်မြုံ၏  ၈ဝ ရာခိုင်နှုန်း ပေါက်ပွားရှင်သန်နိုင်ပြီး နှစ်ရက်သား အရွယ်မှစ၍ ဖျက်ဆီးနိုင်သဖြင့်  ကြိုတင်ကာကွယ် နှိမ်နင်းခြင်းသည် ထိရောက်သော နည်းစနစ်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် မြစ်ရေတက်ပြီး ရေပြန်ကျချိန်တွင် တောင်သူများ စိုက်ပျိုးထားသည့် စပါးခင်းများအတွင်း ရွှေခရုများ ဝင်ရောက်ဖျက်ဆီးတတ်သဖြင့်  ကြိုတင်ကာကွယ် နှိမ်နင်းအသိပညာပေး ဆွေးနွေးပွဲကို ညောင်ဦးမြို့နယ် အောက်ညဥ့်ကျေးရွာ၌ ဇူလိုင် ၂၈ ရက်က ပြုလုပ်ခဲ့ရာ ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီး ဌာနမှ ခရိုင်(မြေ၊ မျိုး၊ ပိုး) တာဝန်ခံများ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများနှင့်  ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ဇူလိုင်လအစောပိုင်းမှစ၍ ရွာသွန်းခဲ့သော မိုးကြောင့် ရန်ကုန်၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် စိုက်ပျိုးထားသော မိုးစပါးဧက စုစုပေါင်း ၈ဝဝဝဝ ကျော် ရေလွှမ်းခံခဲ့ရပြီး  ၂ဝဝဝဝ ကျော် ပျက်စီးသွားသဖြင့် ပျက်စီးသွားသော မိုးစပါးစိုက်ကွင်းများအား ပြန်လည်အစားထိုး စိုက်ပျိုးရန်  သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနက ဆောင်ရွက်ပေးရန် စီစဉ်ထားသည်။ ဇူလိုင်လ အတွင်း မိုးရွာသွန်းမှုကြောင့် ဧရာဝတီ၊ ချင်းတွင်းနှင့် သံလွင်မြစ်တို့တွင် မြစ်ရေမြင့်တက်ခဲ့ရာ အိမ်ခြေပေါင်း ၁၉ဝဝဝ ကျော်နှင့် လူဦးရေ ၈ဝဝဝဝ ကျော် ရေဘေးအန္တရာယ် ကြုံတွေ့ခဲ့ကြရသည်။

သို့ဖြစ်၍ ဇူလိုင်လအတွင်းက ကြုံတွေ့ခဲ့ရသည်များကို သင်ခန်းစာယူပြီး ယခုသြဂုတ်လအတွင်း မိုးရွာသွန်းနိုင်မှု အခြေအနေနှင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ် လျော့နည်းသက်သာစေရန် ဌာနဆိုင်ရာများနှင့် ပြည်သူအားလုံး ပါဝင်သော အင်အားဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြပါရန် မြဝတီက သတိပေး နှိုးဆော်လိုက်ရပါသည်။   ။

Read 721 times Last modified on Friday, 18 August 2017 11:44