SJ WorldNews - шаблон joomla Авто

မဲခေါင်ဒေသ ငြိမ်းချမ်း သာယာဝပြောရေး ပူးပေါင်း ဆောင်ရွက်

Friday, 19 January 2018 10:47 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဖိတ်ကြားချက်အရ  မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးအဖြစ် လာရောက်သော  လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာထောင်လွန်းဆီဆုလစ်သည် ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က  သမ္မတအိမ်တော်၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုပြီး နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌  ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးကြသည်။   ထိုသို့တွေ့ဆုံ ဆွေးနွေးစဉ် မြန်မာ-လာအို နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံ ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ အာဆီယံ အဖွဲ့အတွင်း  နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများ၌  တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် ထောက်ခံကူညီရေး၊ နှစ်နိုင်ငံ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ၌ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံတို့သည် ၁၉၅၆ ခုနှစ်မှစ၍ နှစ်နိုင်ငံသံအမတ်ကြီးအဆင့် သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ကြပြီး အိမ်နီးချင်းကောင်း ပီသစွာဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လျက်ရှိသည်။ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအဖြစ် လည်းကောင်း၊ ဧရာဝတီ-ကျောက်ဖယား- မဲခေါင်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာတွင် လည်းကောင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့်ဗီယက်နမ် နိုင်ငံတို့အကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွင် လည်းကောင်း အဖွဲ့ဝင်နိုင်ငံများအဖြစ် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြသည်။

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ၂ဝဝ၃ ခုနှစ် ဧပြီ ၂၉ ရက်က ကျင်းပသော ကူးစက်မြန်ပြင်းထန် အဆုတ်ရောင်ရောဂါဆိုင်ရာ အာဆီယံထိပ်သီး အစည်းအဝေး၌ ထိုအချိန်က ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ချမှတ် ဖွဲ့စည်းရေးအတွက် အဆိုပြုသဖြင့် ဧရာဝတီ-ကျောက်ဖယား-မဲခေါင်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ကို စတင်ဖွဲ့စည်း ခဲ့သည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း (CLMT) နိုင်ငံများမှ ဝန်ကြီးချုပ်များ တက်ရောက်ကြသည့် ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံ ပုဂံမြို့၌ ၂ဝဝ၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် ကျင်းပ၍ ပုဂံကြေညာစာတမ်းနှင့် လက်တွေ့ဖော်ဆောင်မည့် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြသည်။ နောက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လိုကြောင်း ဆန္ဒပြုလာသဖြင့် Krabi  ဝန်ကြီးများဆိုင်ရာ အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်လက်ခံ အသိအမှတ် ပြုခဲ့ကြသည်။ယခုအချိန်တွင် ဧရာဝတီ-ကျောက်ဖယား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာတွင် အဖွဲ့ဝင်ငါးနိုင်ငံ ပူးပေါင်းဆောင်ရွက် နေကြပြီဖြစ်သည်။

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့်ထိုင်းနိုင်ငံတို့မှ အစိုးရ အကြီးအကဲများ၏ ထိပ်သီးအစည်းအဝေးကို ၂ဝဝ၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ ပုဂံမြို့၌ကျင်းပစဉ် ထိုအချိန်က လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်က (၁ဝ)ကြိမ်မြောက်  အာဆီယံထိပ်သီး ညီလာခံနှင့် ဆက်စပ်၍ ဗီယင်ကျန်းမြို့၌ CLMVထိပ်သီးအစည်းအဝေး တစ်ရပ်ကျင်းပရန် အဆိုပြုသည်ကို အခြားနိုင်ငံတို့မှ အစိုးရ အကြီးအကဲများက သဘောတူညီခဲ့ကြသည်။ CLMV ထိပ်သီးအစည်းအဝေးကို ၂ဝဝ၄ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် ဗီယင်ကျန်းမြို့၌ ကျင်းပ၍ အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာလာစေရန် ဗီယင်ကျန်းကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပါသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံတို့သည် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ၏ လုပ်ငန်းစဉ်များ ဖြစ်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ငန်းများ၊ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ကြရန်ဖြစ်သည်။ ထို့ပြင်CLMV နိုင်ငံများအကြား   စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာစေရန် ထုတ်ပြန်ထားသော ဗီယင်ကျန်း ကြေညာစာတမ်း၏ ရည်မှန်းချက်နှင့်   ဦးတည်ချက်များကိုလည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာထောင်လွန်းဆီဆုလစ် မြန်မာနိုင်ငံသို့ လာရောက်သည့် ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် နားလည်မှု စာချွန်လွှာများကို နေပြည်တော်၌ နှစ်နိုင်ငံ ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးကြသည်။ ဧည့်သည်တော် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဇန်နဝါရီ ၁၆ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာကြရာမှ ရွှေတိဂုံစေတီတော်ကို ဖူးမြော်ကြည်ညိုကြပြီး သီလဝါ အထူးစီးပွားရေးဇုန်သို့ သွားရောက်လေ့လာ

ကြစဉ် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များကို မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

သို့ဖြစ်၍   မဲခေါင်ဒေသ ငြိမ်းချမ်းသာယာ ဝပြောရေးအတွက် ဒေသတွင်း နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရမည့် ကတိကဝတ်များကို အရှိန်တိုးမြှင့် ဆောင်ရွက်ကြသော် အောင်မြင်မှု ရရှိမည်သာဖြစ်ပါသည်။       

Read 485 times Last modified on Friday, 19 January 2018 10:48