SJ WorldNews - шаблон joomla Авто

လေထုရေထု ညစ်ညမ်းမှု မဖြစ်ရေး အစဉ်သတိပြု

Saturday, 20 January 2018 09:26 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လေထုညစ်ညမ်းမှု တိုင်းတာရန် သတ်မှတ်ထားသော ၆၇ နေရာရှိသည့် အနက် ၆၅ နေရာကို တိုင်းတာမှု လုပ်ငန်းများ ဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့်

ဆက်လက် ဆောင်ရွက်ရန် နှစ်နေရာကျန် ရှိကြောင်း သိရသည်။ ယခုအချိန်အထိ တိုင်းတာပြီးစီးသည့် အခြေအနေအရ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုမှာ စိုးရိမ်ရသည့် အခြေအနေ မရှိသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရပြီး အားလုံး တိုင်းတာပြီးချိန်၌ အများပြည်သူ သိရှိနိုင်ရန် ဆက်လက် ထုတ်ပြန် သွားမည် ဖြစ်ကြောင်း သိရသည်။

လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေသော အကြောင်းတရား တို့ကို ပညာရှင်များက လေ့လာ ဖော်ထုတ် ထားကြရာ၌ သဘာဝအလျောက် လေထုညစ်ညမ်းမှု ဖြစ်ပေါ်ခြင်းနှင့် လူတို့ ပယောဂကြောင့် လေထုညစ်ညမ်းခြင်း ဟူ၍ နှစ်မျိုး ခွဲခြားထားကြသည်။ သဘာဝအလျောက် လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေခြင်းတွင် ဖုန်နှင့်သဲများ လေနှင့်အတူ လွင့်ပါလာခြင်း၊ သက်ရှိ သတ္တဝါတို့က ထုတ်လွှတ်သော မီသိန်းဓာတ်ငွေ့များ လေထုအတွင်း ပျံ့နှံ့နေခြင်း၊ ကမ္ဘာမြေလွှာ အတွင်းမှ ထွက်ပေါ်လာသော ဓာတ်ငွေ့များ၊ တောမီးလောင်ခြင်းနှင့် မီးတောင်ပေါက်ကွဲခြင်း တို့ကြောင့် ထွက်ပေါ်လာသော ဓာတ်ငွေ့များ လေထုအတွင်း ပျံ့နှံ့နေခြင်း စသည်တို့ကြောင့် လေထုညစ်ညမ်းမှု ဖြစ်စေသည်။ လူတို့ ပယောဂကြောင့် ဖြစ်ပေါ်စေသော လေထုညစ်ညမ်းမှုမှာ မိသားစု စားသောက်ဖွယ် ချက်ပြုတ်ခြင်းနှင့် အပူဓာတ်၊ အအေးဓာတ် ရရှိအောင် ဖန်တီးခြင်း တို့ကြောင့် ထွက်ပေါ်လာသော ဓာတ်ငွေ့များ၊ စက်တပ်ယာဉ်များ အသုံးပြုရာမှ ထွက်ပေါ်လာသော ဓာတ်ငွေ့များ၊ စက်ရုံ၊ အလုပ်ရုံများတွင် အသုံးပြုသော လောင်စာများ လောင်ကျွမ်းရာမှ ထွက်ပေါ်လာသော ဓာတ်ငွေ့များ၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးပြုသော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး စသည့် ဓာတုပစ္စည်း များမှတစ်ဆင့် ထွက်ပေါ်လာသော ဓာတ်ငွေ့များ လေထုအတွင်းသို့ ပျံ့နှံ့နေခြင်း တို့ကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။

ရန်ကုန်မြို့လမ်းများပေါ်၌ မော်တော်ယာဉ်နှင့် အခြားစက်တပ်ယာဉ် သွားလာမှု များပြား ခြင်းနှင့် စက်မှုဇုန်များ တည်ရှိခြင်း၊ လူနေ ထူထပ်ခြင်း တို့ကြောင့် လေထုညစ်ညမ်းမှု ဖြစ်နိုင်ခြေပို၍ များသောနေရာ ဖြစ်သကဲ့သို့ ရေထုညစ်ညမ်းမှု ဖြစ်နိုင်ခြေရှိသော ဒေသဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်မြေအတွင်း နေ့စဉ်စွန့်ပစ် အမှိုက်တန်ချိန် ပျမ်းမျှ ၂ဝဝဝ ဝန်းကျင် သိမ်းဆည်း နိုင်သည် ဆိုသော်လည်း အခြားနေရာများတွင် စည်းကမ်းမဲ့ စွန့်ပစ်ထားသော အမှိုက်များ ကျန်ရှိနေသေးသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သိမ်းဆည်း ရှင်းလင်းသော စွန့်ပစ် အမှိုက်များမှ အချို့ကို လျှပ်စစ်စွမ်းအင် ထုတ်လုပ်သည့် နေရာသို့ ပို့ဆောင်ခြင်းနှင့် အချို့ကို သတ်မှတ်ထားသော နေရာသို့ ပို့ဆောင်စွန့်ပစ်ခြင်းကြောင့် လေထုနှင့် ရေထု ညစ်ညမ်းမှုအတွက် စိုးရိမ်ရန် မရှိဟု ဆိုနိုင်သည်။ သို့သော် စည်းကမ်းမဲ့ စွန့်ပစ်ထားသော အမှိုက်များကြောင့် လေထုနှင့် ရေထုညစ်ညမ်းမှု ဖြစ်စေနိုင်သည်။ ဂျပန်နိုင်ငံ အိုဆာကာ တက္ကသိုလ်၏ ပံ့ပိုးမှုဖြင့် ဆေးသုတေသန ဦးစီးဌာနမှ သုတေသီများက လသာမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့ အတွင်းမှ စွန့်ပစ်ရေများကို သုတေသနပြုရာ ရေထဲတွင် ပဋိဇီဝ ဆေးများကို ယဉ်ပါးတတ်သော အဏုဇီဝပိုးများ တွေ့ရှိထားကြောင်း သိရသည်။

လေထုအတွင်း၌ ကာဗွန်ဒိုင်အောက်ဆိုက်၊ နိုက်ထရပ်အောက်ဆိုက်၊ ဆာလ်ဖာဒိုင် အောက်ဆိုက်၊ မီသိန်းနှင့် ကလိုရိုဖလူရို ကာဗွန်စသည့် ဓာတ်ငွေ့များ၊ မီးခိုးနှင့် ဖုန်မှုန့် စသည်တို့ ပျံ့နှံ့ ရောက်ရှိနေပါက လေထုညစ်ညမ်းမှု ဖြစ်စေနိုင်ကြောင်း ပညာရှင်များက အသိပေးထားကြပြီး လေထုအတွင်း အောက်ဆီဂျင် ဓာတ်ငွေ့ပါဝင်မှု ၂ဝ ရာခိုင်နှုန်းထက် လျော့နည်းပါက လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုသည်။ ရေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသော အကြောင်းတရား များမှာလည်း လူတို့စွန့်ပစ်လိုက်သော ပစ္စည်းများက ရေထဲသို့နည်း အမျိုးမျိုးဖြင့် ရောက်ရှိလာခြင်းကြောင့် ဖြစ်သည်။ အချို့ဒြပ်ပစ္စည်းများက ရေထဲပျော်ဝင် နိုင်ကြသော်လည်း အချို့က အချိန်ကြာမှ ဆွေးမြည့် ပျက်စီးကြသည်။

သို့သော် ထိုစွန့်ပစ်ပစ္စည်း နှစ်မျိုးစလုံးက ရေထုညစ်ညမ်းမှုကို ဖြစ်ပေါ် စေနိုင်ကြသည့် သဘာဝ ရှိကြသည်။ ရေထုညစ်ညမ်းမှုကြောင့် မွေးမြူရေး လုပ်ငန်းများ ထိခိုက် နိုင်သကဲ့သို့ စားသုံးသူများ အတွက်လည်း အန္တရာယ် ရှိသည်။

ထို့ကြောင့် လေတွင်အဆိပ်ခိုး ပါလေနိုးနှင့် စိုးရွံ့မရှိုက်သာ၊ ရေတွင်အဆိပ်ခိုး ပါလေနိုးနှင့် စိုးရွံ့မသောက်သာ ဟူသော အဖြစ်မျိုးမှ ကင်းဝေးကြစေရန်မှာ ကျေးလက်နှင့် မြို့ပြနေ ပြည်သူအားလုံးတို့က လေထုရေထု ညစ်ညမ်းမှု မရှိရေး အသိစိတ်ဓာတ် ကိုယ်စီဖြင့် ပူးပေါင်း ပါဝင်ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။

Read 620 times Last modified on Saturday, 20 January 2018 09:28