SJ WorldNews - шаблон joomla Авто

ငါးသယံဇာတမျိုး မသုဉ်းရန် ထိန်းသိမ်းရေး

Tuesday, 23 January 2018 09:16 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ တောင်ကိုရီးယားနိုင်ငံက အားတက်သရော ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။ တောင်ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(KOI-CA)ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းတွင်  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ   ပြည်ထောင်စုဝန်ကြီးတို့နှင့် တွေ့ဆုံ၍ စိုက်ပျိုးရေး၊ ငါးမွေးမြူရေး၊ အသေးစားချေးငွေ လုပ်ငန်း ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှုများကို ဆွေးနွေးကြသည်။

မြန်မာနိုင်ငံ သားငါးကဏ္ဍမှ ပြည်တွင်းစားသုံးမှု ဖူလုံရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေးအတွက် အများဆုံး အထောက်အကူပေးနေသော လုပ်ငန်းများတွင် ရေချို၊ ရေငန်ငါးပုစွန် မွေးမြူရေးလုပ်ငန်းက အများဆုံး ဆောင်ကြဉ်းပေးလျက် ရှိသည်။ ငါးမွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ငါးသားဖောက်စခန်း၊ ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ် ငါးသားဖောက်စခန်း တို့တွင် ငါးမြင်းသားပေါက်များ စုဆောင်းလျက်ရှိပြီး ငါးမြင်းမျိုးစိတ် ထိန်းသိမ်းရေး လုပ်ငန်းကို  ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ((JICA) အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည်။ ငါးမြင်းမျိုးစိတ် ထိန်းသိမ်းရေး လုပ်ငန်းမှတစ်ဆင့် ငါးသားပေါက် များကို ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ရှိ ငါးမွေးမြူရေး လုပ်ငန်းများသို့ ငါးသားပေါက်များကို ဖြန့်ဝေသွားမည်ဖြစ်ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဂျပန်တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ် နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။

ငါးမြင်းသည် အသားစား ငါးမျိုးစိတ်ဖြစ်သဖြင့် အခြားငါးမျိုးစိတ်များနှင့် ရောနှောမွေးမြူလေ့ မရှိသော်လည်း ယခု အကောင်အထည်ဖော်မည့် လုပ်ငန်းတွင် ငါးမြင်းအတွက် အစာအဖြစ် တီလားဗီးယားငါးနှင့် ရောနှော မွေးမြူမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ရှိ ငါးသားဖောက် စခန်းများတွင် ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးခုံးမကြီး၊ ရေချိုငါးမုတ်၊ ငါးကြင်းရွှေဝါနှင့် ငါးဘဲဖြူ စသည့် ငါးမျိုးစိတ်တို့ကို သားဖောက် မျိုးထိန်းသိမ်းလျက်ရှိသည်။  ငါးမြင်းတစ်ပိဿာ တန်ဖိုးသည်  ငွေကျပ်  ၁၅ဝဝဝ မှ ၂ဝဝဝဝ ကျော်အထိရှိသဖြင့် ဝင်ငွေနည်းသော ပြည်သူများအဖို့ တွက်ခြေမကိုက်သော်လည်း ငါးမျိုးစိတ် ရှားပါးလာကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ငါးသယံဇာတ လျော့နည်း ကျဆင်းလာရသည့် အကြောင်းရင်းများမှာ တိုးပွားလာသည့် လူဦးရေနှင့်အတူ မြင့်တက်လာသော စားနပ်ရိက္ခာ လိုအပ်ချက် အတွက် ငါးသယံဇာတများကို အလွန်အကျွံ ထုတ်ယူကြခြင်း၊ ကျဉ်းမြောင်းလာသော ငါးဖမ်းကွက်ပေါ်တွင်  တိုးပွားလာသော စားနပ်ရိက္ခာ လိုအပ်ချက်အတွက် စည်းကမ်းမဲ့ အလုအယက် ထုတ်ယူနေကြခြင်း၊ ခေတ်မီငါးဖမ်း ကိရိယာနှင့် နည်းပညာများကြောင့် ငါးအရွယ်အစား မရွေး အားလုံးဖမ်းဆီးခံရခြင်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်း၊ အဆိပ်၊ လျှပ်စစ်ကျဉ်စက်စသည့် တားမြစ်ထားသော ငါးဖမ်းနည်းစနစ် များဖြင့် တရားမဝင် ငါးဖမ်းနေကြခြင်း၊ လေလံစည်းကမ်း၊ လိုင်စင်စည်းကမ်းများအပေါ် လိုက်နာမှု အားနည်းခြင်းနှင့် သက်ဆိုင်ရာမှ စစ်ဆေးအရေးယူမှု အားနည်းခြင်း၊ နိုင်ငံတော်အစိုးရ၏ လေလံစနစ်၊ အခွန်စည်းကြပ်စနစ်ကြောင့် အကြီးအကျယ် ထုတ်လုပ်ရေးကိုသာ အားပေးရာရောက်နေခြင်းနှင့် သဘာဝသယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းရေး အပေါ် ဂရုမမူခြင်း၊လူ၊ စက်ရုံအလုပ်ရုံ၊ စိုက်ပျိုးရေး စသည့်နယ်ပယ်များမှ စွန့်ပစ်ပစ္စည်းများကြောင့် ရေထုညစ်ညမ်း အဆိပ်သင့်ကာ ရေသယံဇာတများ ပျက်စီးခြင်း၊ ကမ်းလွန်သတ္တုရှာဖွေခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာပြီး သဘာဝဂေဟ စနစ်များ ထိခိုက်ပျက်စီးလာခြင်းနှင့်ါးသယံဇာတများ နေထိုင်ကျက်စားရာ နေရာများ ပျက်စီးပျောက်ကွယ်လာခြင်း၊ လူမှုအဆောက်အအုံ၊ စိုက်ပျိုးမြေများ တိုးချဲ့လာသည်နှင့်အမျှ သက်ရှိသက်မဲ့ ရေသယံဇာတများ၏ ဧရိယာကျဉ်းမြောင်း ပျောက်ကွယ်လာခြင်း၊ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်လာခြင်းကြောင့် ငါးများ၏ နေထိုင်ကျက်စားရာ နေရာများ ပြောင်းလဲလာခြင်းနှင့် မျိုးသုဉ်း ပျောက်ကွယ်လာခြင်း ဖြစ်ကြောင်း ပညာရှင်များက လေ့လာဖော်ထုတ်ထားကြသည်။

သို့ဖြစ်၍ လူတိုင်းလက်လှမ်းမီသော ငါးရိက္ခာ ဖူလုံရေးအတွက် ငါးမျိုးစိတ်များ မျိုးမသုဉ်းစေရန် သက်ဆိုင်ရာဌာနများနှင့် ဒေသခံပြည်သူတို့ အနေဖြင့် ရေရှည်မြော်တွေးသော အသိစိတ်ဓာတ်ကိုယ်စီထားကာ ပူးပေါင်းကြိုးပမ်း အားထုတ်ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။  

Read 477 times Last modified on Tuesday, 23 January 2018 09:18