SJ WorldNews - шаблон joomla Авто

အတတ်ကယ် ပညာနှင့် ဥစ္စာ ဘယ်တူကြလိမ့်

Wednesday, 24 January 2018 08:41 font size decrease font size decrease font size increase font size increase font size

လူတို့သည် မိခင်ဝမ်းကြာတိုက်မှ မွေးဖွား သန့်စင်လာချိန်မှစ၍ အသိပညာ အတတ်ပညာတို့ကို သိမြင်တတ်ကျွမ်းကြသည် မဟုတ်ဘဲ ငယ်စဉ်အခါပညာရှာ ဟူသောစကားအတိုင်း ငယ်စဉ်ကစ၍  လုံ့လဝီရိယ စိုက်ထုတ်ကာ အသိပညာ  အတတ်ပညာတို့ကို လေ့လာသင်ယူ ကြရသည်သာ ဖြစ်သည်။

ကျောင်းနေအရွယ်မှစ၍ အတန်းပညာကို သင်ယူရင်း စာပေမှရရှိသော အသိအမြင် ဗဟုသုတတို့ကို လေ့လာမှတ်သားကြရပြီး စဉ်းစားတွေးခေါ်တတ်သော အရွယ်ရောက်ရှိသည့်အခါ အကောင်း အဆိုး၊ အကြောင်းအကျိုးကို ပိုင်းခြားဝေဖန်၍ လူမှုပတ်ဝန်းကျင်တွင် ဆောင်ရန်ရှောင်ရန်တို့ကို သိလာကြသည်။ မိဘဆရာများ၏ သွန်သင်မှုနှင့် ပတ်ဝန်းကျင်၏ စေ့ဆော်မှုတို့ဖြင့် ပိုင်းခြားဝေဖန် တတ်သော အလေ့အကျင့်ကောင်းကိုလည်း ရရှိလာကြရာမှ လူ့လောကအကြောင်းကို ပို၍သိလာရသည်။ ပထမတန်း ကျောင်းသားအရွယ်က အလွတ်ကျက်မှတ်ခဲ့ရသော ''ပေါက်ပင် ဘာကြောင့်ကိုင်းရတယ်'' ကဗျာကို ရေးသူ မမှတ်မိတော့သော်လည်း ယခုအချိန်အထိ အမှတ်ရနေကြသူတွေ များပါသည်။ ပထမတန်း ကျောင်းသားအရွယ်က ထိုကဗျာကို သင်ယူကြရာတွင် အတန်းတွင်းရှိ ယောက်ျားလေးများက ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်ဟူသော စာပိုဒ်ကို စဖတ်ရသည်။ မိန်းကလေးများက  ဗျိုင်းနားလို့ ကိုင်းရတယ် ဟူသော စာပိုဒ်ကို ဖတ်ရသည်။  ယောက်ျားလေးများနှင့် မိန်းကလေးများ အတိုင်အဖောက် ညီညီညာညာဖြင့် သံပြိုင်ဆိုကြရသဖြင့် နှစ်ခေါက်သုံးခေါက် ဆိုရုံမျှဖြင့် ကဗျာကို အစမှအဆုံးတိုင် အလွတ်ရသွားသည်။ အစမ်းစာမေးပွဲနှင့် အတန်းတင် စာမေးပွဲကြီးတို့တွင် ထိုကဗျာကို မေးသည့်အခါ အားလုံးဖြေနိုင်ကြသည်။

မူလတန်းကလေးအရွယ်နှင့် အတွေ့အကြုံအရ ထိုကဗျာ၏ ရည်ရွယ်ချက် တစ်နည်းအားဖြင့် ကဗျာရေးသူ၏ စေတနာကို နားလည်နိုင်စွမ်း မရှိကြသည်မှာလည်း အားလုံးအတူတူဖြစ်သည်။ နောင်အသက်အရွယ် ရလာသည့်အချိန်တွင် လူကြီးသူမတို့ ပြောကြသံကြားရသောအခါ အကြောင်းကြောင့် အကျိုးဖြစ်သည်ကို လူတိုင်းနားလည်စေရန် ပတ်ဝန်းကျင်တွင် တွေ့ရသော သဘာဝနှင့် နှိုင်းယှဉ်ရေးထားသော ကဗျာဖြစ်ကြောင်း သိရသည်။

အကြောင်းကြောင့် အကျိုးဖြစ်ရသည်ကို  ဆင့်ပွားတွေးတော ဆင်ခြင်မိသောအခါ ဘယ်သူမပြု မိမိမှုဆိုစကားနှင့် အများအကျိုးဆောင် ကိုယ့်အကျိုးအောင် ဆိုစကားတို့၏ အဓိပ္ပာယ်ကို လေးလေးနက်နက် သိမြင်လာရသည်နှင့်အတူ ကောင်းသောအလုပ်ကို လုပ်လျှင် ကောင်းသောအကျိုးရမည်။ မကောင်းသော အလုပ်ကိုလုပ်လျှင် မကောင်းသော အပြစ်ကိုခံရမည် ဟူ၍ ပိုမိုသိမြင်လာရသည်။ လောကတွင် သိမြင်ဖွယ်ရာ၊ တတ်ကျွမ်းဖွယ်ရာတွေ များပြားလှသဖြင့် ကုန်အောင်စုံအောင် လေ့လာသင်ယူနိုင်ကြမည် မဟုတ်ပေ။

သို့သော် ကံ၏အကျိုးကို ယုံကြည်သော ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မကောင်းမှုကို ရှောင်၍ ကောင်းမှုကို ဆောင်ကြမည်ဆိုလျှင် ပစ္စည်းဥစ္စာ မကြွယ်ဝသည့်တိုင်အောင် စိတ်ချမ်းသာမှုရရှိနိုင်သည်ကို  ယုံမှားသံသယ ဖြစ်ဖွယ်မရှိကြောင်း  စာပေလေ့လာမှုမှ တစ်ဆင့် သိမြင်နိုင်ကြသည်။

မြန်မာစာပေအစ ရာဇကုမာရ်ကျောက်စာကဟု ဆိုထားသည့် အားလျော်စွာ ပုဂံခေတ်မှ စတင်ထွန်းကားခဲ့သော မြန်မာစာပေသည် ထီးမွေနန်းလျာကို ဆက်ခံခွင့်မရသည့် တိုင်အောင် ကျေးဇူးသိတတ်သော သားက  ဖခင်၏ မေတ္တာစေတနာကို တန်ဖိုးထားကြောင်း နှလုံးသားဖြင့် ရေးခဲ့သည်ကိုထောက်၍ မြန်မာစာသည် ကျေးဇူးသိတတ်ခြင်းဖြင့် အစပြုခဲ့သည်ဟု စာပေ ပညာရှင်ကြီးများ က အဆိုအမိန့်ထားခဲ့ကြသည်။ ပညာရှင်ကြီးများ၏ အဆိုအမိန့်အရ မပြစ်မှားထိုက်သူကို မပြစ်မှားခြင်း၊ မနာလိုဝန်တို ကင်းခြင်း၊ မိမိအတ္တကို ရှေ့တန်းမတင်ခြင်းနှင့် ပညာပြည့်ဝ နှလုံးလှခြင်းတို့သည်သာ မိမိဂုဏ်သတင်း ကျော်စော၍ လောကကောင်းကျိုး ပြုသူဖြစ်ကြောင်း အထင်အရှားတွေ့နိုင်ကြသည်။

မြန်မာစာပေ ထွန်းကားရေးကို ခေတ်အဆက်ဆက် မြန်မာစာပေ ပညာရှင်ကြီးများက စိတ်အားထက်သန်စွာ ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသကဲ့သို့ ယနေ့ခေတ် လူငယ်များကလည်း မြန်မာစာပေ ထွန်းကားရေးကို ဆက်လက်ကြိုးပမ်းနေကြရာ စာကြည့်တိုက်များ ရေရှည်တည်တံ့ရေး၊ စာဖတ်သူဦးရေ တိုးပွားရေးတို့ကို အလေးထား ဆောင်ရွက်နေကြသည့်အပြင် ရွေ့လျားစာကြည့်တိုက်များကိုပါ စီစဉ်၍ အားကြိုးမာန်တက် ဆောင်ရွက်နေကြသည်။

စာကြည့်တိုက်များတွင်  ဖတ်ရှုနိုင်သော စာအုပ်စာပေများမှာ စာရေးဆရာကြီးများ၏ ဘဝထဲကစာပေဟု ဆိုအပ်သော ကိုယ်တွေ့ဖြစ်ရပ်များနှင့် အတွေးအမြင်များ၊ မျက်မှောက်ကာလတွင် လူသားတို့ တွေ့ကြုံခံစားနေကြရသော ကောင်းကျိုးဆိုးပြစ်များ စသည်ဖြင့် ဘဝဇာတ်ခုံဇာတ်လမ်းစုံတို့မှ ကမ္ဘာ့ရေးရာ၊ မြန်မာ့ရေးရာတို့ကို သိမြင်နိုင်ကြသည်။

လက်လှမ်းမီသူများအတွက် အွန်လိုင်းမှတစ်ဆင့် လေ့လာဖတ်ရှုနိုင်သည် သာမက ဘွဲ့၊ ဒီဂရီတစ်ခု ရရှိသည်အထိ လေ့လာသင်ယူနိုင်သော အခွင့်အလမ်းကိုပင် ရရှိနေကြသည်မှာ၂၁ ရာစုခေတ်သစ် မြန်မာနိုင်ငံ၏ ထူးခြားမှုတစ်ရပ်ဖြစ်သည်။

သို့ဖြစ်၍  သူတစ်ပါးတို့ ခိုးယူခြင်းငှာ မစွမ်းသာသော အသိပညာ အတတ်ပညာ၏ တန်ဖိုးကို အတတ်ကယ်ပညာနှင့် ဥစ္စာဘယ်တူကြလိမ့်ဟူသော ပညာရှိတို့ အဆုံးအမကို အလေးအနက်ခံယူ၍ လောကကောင်းကျိုး သယ်ပိုးနိုင်သူဖြစ်အောင် ကြိုးစားကြစေလိုကြောင်း မြဝတီက ထပ်လောင်း နှိုးဆော်လိုက်ရပါသည်။     

Read 600 times Last modified on Wednesday, 24 January 2018 08:42