SJ WorldNews - шаблон joomla Авто

ပြည်သူရွှင်ပြုံး ဇန်နဝါရီနှစ်ဆယ့်သုံး

Friday, 26 January 2018 10:11 font size decrease font size decrease font size increase font size increase font size

မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် ပါဝင်လက်မှတ် ရေးထိုးမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ မွန်ပြည်သစ်ပါတီ(NMSP)ဥက္ကဋ္ဌ နိုင်ထောမွန် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)ဥက္ကဋ္ဌ ကြာခွန်ဆာ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် နေပြည်တော်၌ ယနေ့တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးရေး ကိစ္စနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေး မှုများအရ မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့အနေဖြင့် မကြာခင် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်ဟူ၍ဖြစ်သည်။

ဤသတင်းကို ကြားသိကြရသော ပြည်သူအပေါင်းတို့ စိတ်နှလုံးရွှင်လန်းချမ်းမြေ့ ကြရသည်မှာ မည်သို့ပြော မည်သို့ရေးရမည်ပင် စကားလုံး ရှာမရနိုင်အောင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်အတွက် ခေါင်းနှင့်ပန်းဟုဆိုရမည့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ် အမြန်ဆုံး အကောင်အထည်ပေါ်ရေးသည် တိုင်းရင်းသားပြည်သူ အားလုံးတို့၏ တူညီသော မျှော်လင့်ချက်၊ ပြင်းပြသော ဆန္ဒဖြစ်သည်။ ယခင်အစိုးရက နိုင်ငံတော်ပြုပြင် ပြောင်းလဲရေးများ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်ရန် ၂ဝ၁၁ခုနှစ် သြဂုတ် ၁၈ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ရာမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များသည် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရမည်ဟူသော အခြေခံမူကို နိုင်ငံတော်အစိုးရနှင့် ဆွေးနွေးဖက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက  နှစ်ဦးနှစ်ဖက်လက်ခံခဲ့ ကြပြီး ငြိမ်းချမ်းစွာစေ့စပ် ဆွေးနွေးအဖြေရှာနိုင်ရန်အတွက် လတ်တလောဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက်မှု များကို ရပ်စဲနိုင်ရန် ဆွေးနွေးကြသည်။ ကနဦးအနေဖြင့် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ချင်းစီနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရတို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူခြင်း၊ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူခြင်းတို့မှ တစ်ဆင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များက တစ်ဖွဲ့ချင်း ဆွေးနွေးခြင်းထက် အဖွဲ့အစည်းအားလုံး စုပေါင်းဆွေးနွေးရန် ဆန္ဒပြုကြသည်။ ထို့ပြင် အဖွဲ့အားလုံး ပါဝင်၍ တစ်နိုင်ငံလုံး အတိုင်းအတာသဘောကို ဆောင်သော အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုရန် ကိုလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များက သဘောထားပေး တောင်းဆိုကြသည်ကို နိုင်ငံတော်အစိုးရက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလက်ခံ လိုက်လျောပေးခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးဆွဲရန်အတွက် ကချင်ပြည်နယ်၌ လိုင်ဇာထိပ်သီး ညီလာခံကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် ကျင်းပပြီး ကရင်ပြည်နယ်၌ လော်ခီးလာထိပ်သီး ညီလာခံကို ၂ဝ၁၅ ခုနှစ် ဇွန် ၂ ရက်တွင် ကျင်းပကြသည်။ ဤသို့ဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များသည် NCA ကို အတူတကွ ညှိနှိုင်းရေးဆွဲခဲ့ကြရာ ၂ဝ၁၅ ခုနှစ် မတ် ၃၁ ရက်တွင် မူကြမ်းရရှိသည်။ NCA ကိုဆွေးနွေးကြရာတွင် အခန်းတစ်ခန်းချင်း၊ ပုဒ်မတစ်ခုချင်း၊ စာပိုဒ်တစ်ပိုဒ်ချင်း၊ စာလုံးအသုံးအနှုန်း တစ်ခုချင်းကို အသေးစိတ်အကျေအလည် ဆွေးနွေးပြီး အားလုံးသဘော တူညီချက်ရသည့် အခါမှ ထည့်သွင်းရေးဆွဲကြရာ ၂ဝ၁၅ ခုနှစ် သြဂုတ် ၇ ရက်တွင် NCA စာချုပ်အပြီးသတ် ရေးဆွဲနိုင်ခဲ့ကြသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ရေးဆွဲရန် ဆွေးနွေးညှိနှိုင်းစဉ်ကာလ အတွင်း တိုင်းရင်းသားများ တန်းတူရည်တူရှိမှု၊ စိတ်ရှည်သည်းခံမှုနှင့် အပြန်အလှန် နားလည်မှုဟူသော တန်ဖိုး များဖြင့် နှစ်ဦးနှစ်ဖက်ဆွေးနွေး ရရှိခဲ့သော NCA ကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရန် နိုင်ငံတော်သမ္မတနှင့် ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲကို ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် နေပြည်တော်၌ကျင်းပစဉ် နိုင်ငံတော်သမ္မတက ဖိတ်ခေါ်ခဲ့သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ နိုင်ငံတော်အစိုးရအဖွဲ့ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့မှ ခေါင်းဆောင်များ လက်မှတ်ရေးထိုးကြသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)သည် အပစ်အခတ်ရပ်စဲရေး သက်သက်သာမက မိမိတို့တိုင်းရင်းသားလူမျိုးစုများ အကြားတွင် ပထဝီအနေအထားကြောင့် အနေဝေး သယောင်ရှိနေကြခြင်း၊ ကြားလေသွေးလို့ ဝေးရမလိုဖြစ်နေကြခြင်း စသည်တို့ကြောင့် ကာလကြာရှည် ပျောက်ဆုံးနေခဲ့သည့် အပြန်အလှန် ယုံကြည်မှုကို ပြန်လည်တည်ဆောက်စေခြင်း ဆုလာဘ်ကိုပါ ဆောင်ကြဉ်း လာခဲ့ရာ မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU))တို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးကြမည်ဆိုသော သတင်းသည် တိုင်းရင်းသား ပြည်သူအားလုံးတို့၏ တူညီသောမျှော်လင့်ချက်နှင့် ပြင်းပြသောဆန္ဒတို့ကို ဖြည့်ဆည်းပေးမည့် ဆုံးဖြတ်ချက်ပင် ဖြစ်သည်ဟူ၍ မြဝတီက လှိုက်လှဲစွာ ကြိုဆိုလိုက်ရပါသည်။  

Read 490 times Last modified on Friday, 26 January 2018 10:12