SJ WorldNews - шаблон joomla Авто

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အားလုံးပါဝင်

Saturday, 27 January 2018 13:41 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်း (UNCAC) တွင် ၂ဝဝ၅ ခုနှစ်က ၁၃၇ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ်   ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် ၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြု ဝင်ရောက်ခဲ့သည်။ နိုင်ငံတော်တွင် အဂတိလိုက်စားမှု လျော့နည်းပပျောက်ရေးအတွက် ဆောင်ရွက်ရန်  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ၂ဝ၁၄ ခုနှစ်ကဖွဲ့စည်းခဲ့ပြီး ဒုတိယအကြိမ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်(၃ဝ/၂ဝ၁၇)ဖြင့် ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ထားသည်။

မြန်မာနိုင်ငံအဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ဌာနေရုံး (UNODC)တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စာတမ်းဖတ်ပွဲကို ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ရန်ကုန်မြို့ရှိ Park  Royal  Hotel ၌ ကျင်းပကြသည်။ စာတမ်းဖတ်ပွဲ၏ ဦးတည်ချက်မှာ ''အဂတိလိုက်စားမှု တွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့''  ဖြစ်ပြီး ပညာရှင်များက စာတမ်း ၂၆ စောင် ဖတ်ကြားခဲ့ကြသည်။ ပညာရှင်များ ဖတ်ကြားခဲ့ကြသည့် စာတမ်းများမှာ Promoting Business Integrity ၊ အဂတိလိုက်စားမှု တွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာ မြှင့်တင်စို့၊ The Role of  Media in promoting integrity and combating corruption ၊ အဂတိလိုက်စားမှု တိုက်ဖျက်ခြင်းသည် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ခြင်းဖြစ်သည်၊  အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကိုယ်ကျင့်တရား ရှုထောင့်မှ ချဉ်းကပ်ခြင်း၊ Anti Corruption Training ၊အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် စီးပွားရေးလုပ်ငန်း၏ ဂုဏ်သိက္ခာမြှင့်တင်ခြင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် တာဝန်ယူ၊ တာဝန်ခံမှု၊ အကျဉ်းထောင်အတွင်း အဂတိလိုက်စားမှု လျော့ကျကင်းစင်ရေး၊ စင်ကာပူကို ကျော်လွန်လိုလျှင် စသည့် စာတမ်းများ ပါဝင်ကြောင်း သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များက ရှင်းလင်းပြောကြားကြရာ၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် နိုင်ငံတော် အစိုးရဌာန ဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အားလုံးပါဝင်သဖြင့် သက်ဆိုင်သူတစ်ဦးချင်း၊ တစ်ယောက်ချင်းစီ၏ စိတ်အပေါ် မူတည်လျက်ရှိပြီး အဂတိ လိုက်စားမှုသည် ပမာဏအနည်း၊ အများနှင့်မဆိုင်ကြောင်း ပြောကြားသည်။ စီးပွားရေး ပညာရှင်တစ်ဦးက လည်း   ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားလိုက်ရုံမျှနှင့်  အကျင့်ပျက်ခြစားမှုများ လျော့နည်းသွားမည် မဟုတ်ဘဲ ဆုပေးဒဏ်ပေးစနစ်နှင့် အကျင့်စာရိတ္တ ကောင်းမွန်အောင် ပြုပြင်သည့် နည်းစနစ်တို့ကို ကျင့်သုံးသင့်ကြောင်း တိုက်တွန်းပြောကြားသည်။ အဂတိတရားလေးပါး ဟူသည် ချစ်သဖြင့် တစ်ဖက်သတ်စီရင်ခြင်း၊ အမျက်ဒေါသကြောင့် တစ်ဖက်သတ်စီရင်ခြင်း၊ ကြောက်ရွံ့သဖြင့် တစ်ဖက်သတ်စီရင်ခြင်း၊ တွေဝေ၍ တစ်ဖက်သတ် စီရင်ခြင်းတို့ဖြစ်ကြောင်း ရာဇသေဝက ဒီပနီကျမ်း၌ ပြဆိုထားကြောင်း သိရသည်။ တံစိုးသုံးမျိုးကို ပြဆိုရာ၌ ရွှေငွေကျေးကျွန် မိန်းမတို့ဖြင့် လက်ဆောင်ထိုးခြင်း၊ အကျွမ်းတဝင် ခင်မင်ရင်းနှီးမှုဖြင့် မျက်နှာနာအောင် ပြုလုပ်ပေါင်းသင်းမှု၊ မေတ္တာဘာဝနာသမာဓိ သစ္စာတရားတို့ဖြင့် မိမိအား လေးစား ယုံကြည်အောင် ပြုမူမှုဟူ၍ ဖော်ပြထားပြီး နောက်တစ်နည်းပြ ဆိုထားသည်မှာ သားချင်းဆွေမျိုးတော်၍ လည်းကောင်း၊ ချစ်ကျွမ်းဝင်သူဖြစ်၍ လည်းကောင်း၊ ဥစ္စာငွေကြေးယူ၍သော် လည်းကောင်း တရားကိုအနိုင်ပေးခြင်း ဟူ၍ဖြစ်သည်။

ချစ်ခြင်းမုန်းခြင်းကြောင့်ဖြစ်စေ၊ မိမိအပေါ် ကျရောက်လာမည့် အန္တရာယ်ကို ကြောက်ရွံ့၍ဖြစ်စေ၊ ကောင်းဆိုးနှစ်တန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိ၍ဖြစ်စေ မပြုသင့်သည်ကိုပြုခြင်း၊ မပြောသင့်သည်ကို ပြောခြင်း၊ မကြံစည်သင့်သည်ကို ကြံစည်ခြင်းသည် အပြစ်ဖြစ်သကဲ့သို့ ပြုသင့်သည်ကို ရှောင်လွှဲခြင်း၊ ပြောသင့်သည်ကို မပြောဘဲနေခြင်း၊ တွေးတောကြံစည် သင့်သည်ကို လျစ်လျူရှုခြင်း တို့သည်လည်း တာဝန်ယူ၊ တာဝန်ခံမှုအတွက် ပျက်ကွက်ခြင်းဖြစ်သည်။ အဂတိတရား ကင်းရှင်းရေးသည် လူ့အဖွဲ့အစည်းအတွင်း ပါဝင်သော လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားအပေါ် မူတည်လျက်ရှိရာ ကိုယ်နှုတ်နှလုံး သုံးပါးစလုံးကို လူတိုင်းကိုယ်စီ အသိစိတ်ဓာတ်ဖြင့် စောင့်ထိန်းကြရမည်ဖြစ်သည်။

သို့ဖြစ်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဆက်လက်ဆောင်ရွက်မည့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ပညာပေးရေး၊ ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေး၊ တားဆီးကာကွယ်ရေး လုပ်ငန်းများတွင် အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ သက်ဆိုင်သူများနှင့် ပြည်သူ တစ်ဦးချင်းတို့ အနေဖြင့်လည်း ပူးပေါင်းပါဝင် တာဝန်ကျေပွန်ကြရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။   

Read 579 times Last modified on Saturday, 27 January 2018 13:42